မြစ်ဆုံပြဿနာဟာ မြန်မာနိုင်ငံတွင်းသာမက မြန်မာနဲ့ ပတ်သက်တဲ့ အခြားနိုင်ငံများကပါ စိတ်ဝင်တစား နားစွင့်နေကြတဲ့ စီမံကိန်းကြီး တခုဖြစ်နေပါတယ်။ ဒေသခံပြည်သူများရော မြန်မာနိုင်ငံတွင်းရှိ ပြည်သူအများစုကပါ လိုလားနှစ် သက်ခြင်းမရှိတဲ့ ကချင်ပြည်နယ်ရှိ တရုတ်အစိုးရပိုင် CPI (China Power Investment ) ရဲ့ ရေအားလျှပ်စစ်စီမံကိန်းဖြစ် ပါတယ်။
ယခင်ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ၂၀၁၁၊ စက်တင်ဘာမှာ သူ့သက်တမ်းအတွင်း ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။ ယခု NLD သမ္မတ ဦးထင်ကျော် လက်ထက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြစ်ဆုံစီမံကိန်းစာချုပ်ကို မဖတ်ရသေးကြောင်း သတင်းများမှာ ဖတ်ရပါတယ်။
ယခုစာအုပ်ကတော့ နိုင်ငံရေးဆောင်းပါးရှင် တဦးဖြစ်သူ မောင်မောင်စိုးရဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး မြန်မာ- တရုတ် ဆက် ဆံရေးဆိုင်ရာ ဆောင်းပါးများကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်မှာပါတဲ့ ဆောင်းပါးများကတော့ မြန်မာ၊ တရုတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာပြည် တွင်းရေး၊ ပြိုင်ဆိုင်မှုပြင်းထန်လာသော တရုတ်နှင့် ဂျပန်ပါဝင်ပတ်သက်လာသော မြန်မာ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန် မာပြည်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုများ အပေါ်သဘောထား ဖော်ပြချက်၊ ပဋိပက္ခဖြစ်နေသော တရုတ်သေနင်္ဂဗျူဟာနှင့် တရုတ် သြဇာ၊ တရုတ်မီဒီယာ၊ တရုတ် NGO၊ ကျွန်ုပ်တို့နှင့် တရုတ်တို့၊ မူဆယ်၊ မန္တလေးလမ်းအူကြောင်းသစ်၊ မြစ်ဆုံပြဿနာ အစ ရှိတဲ့ ဆောင်းပါး၁၁ ပုဒ် ပါဝင်ပါတယ်။
အဆိုပါ မြစ်ဆုံစီမံကိန်းသည် ၂၀၀၆ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် MOU ထိုးခဲ့ကြပြီး တရုတ်အစိုးရပိုင် CPIကုမ္ပဏီ မှ ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရမှ ၁၅ရာခိုင်နှုန်း၊ Asia Word ကုမ္ပဏီမှ ၅ ရာခိုင်နှုန်း ရှယ်ရာများ ပိုင်ဆိုင်ထားကြောင်းလည်း စာအုပ်တွင် ပါဝင်ပါတယ်။
CPI အနေနဲ့ နအဖ အစိုးရလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ရေးဆွဲပြင်ဆင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ စီမံကိန်း၊ သတ္တုတွင်း၊ သစ်တော၊ ငါးလုပ်ငန်း၊ ဆောင်လုပ်ရေး၊ စိုက်ပျိုးရေး၊ အလုပ်သမား၊ စက်မှု-၁၊ ရှေ့နေ ချုပ်ရုံး အပါဝင် ဝန်ကြီးဌာန၁၅ခုကို စာချုပ်ပါအချက်အလက်များ ချပြရှင်းလင်းပြီး ချုပ်ဆိုခဲ့ကြောင်းလည်း စာအုပ်မှာ ပါဝင် ပါတယ်။
အဆိုပါ မြစ်ဆုံစီမံကိန်းအပြင် မလိခမြစ်ပေါ်ရှိ မလိယန်ရေအားလျှပ်စစ်၊ မေခမြစ်ပေါ်ရှိ ချီဗွေရေအားလျှပ်စစ်၊ ဝဆုတ်ရေ အားလျှပ်စစ်၊ ဖီဆာရေအားလျှပ်စစ်၊ ခေါင်လန်ဖူးရေအားလျှပ်စစ်၊ ယီနန်ရေအားလျှပ်စစ် အရံအနေနဲ့ ချီဗွေချောင်းပေါ်ရှိ ရေအားလျှပ်စစ်အငယ်တခု အပါဝင် ဆည်၇ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းများလည်းပါဝင်ပါ တယ်။
မြစ်ဆုံဆည်စီမံကိန်းအစလို့ဆိုရနိုင်တဲ့ ၁၉၇၄ မြစ်ဝကျွန်းပေါ်ဒေသ ဆည်တမံများကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေကြီး ရာကနေ ဆည်မြောင်းဦးစီးဌာန ဒုညွှန်မှူး ဒေါက်တာ အုန်းမြင့်ရဲ့ ဧရာဝတီမြစ်ရေကြီးမှု အစီရင်ခံစာကနေ နောက်ထပ်တိုင်း ထွာချက်တွေ ထပ်မံပြုလုပ်ပြီး တန်ဖရဲရွာအနီး မြစ်ဆုံစီမံကိန်းကို ဆည်မြောင်းဦးစီးဌာနက ရေးဆွဲခဲ့တယ်လို့လည်း စာအုပ် မှာရေးသားထားပါတယ်။
အဆိုပါမြစ်ဆုံနဲ့ပတ်သက်ပြီး ၂၀၀၉ခုနှစ်က Environment Impact Assement –EIA ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုး သက်ရောက်မှု အကဲဖြတ်မှု အစီရင်ခံစာမှာလည်း ရေနစ်မြုပ်မည့် ဧရိယာများပြားပြီး သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှု ကြီးမားပြီး ကချင်ပြည်နယ်၏ အထင်ကရနေရာဖြစ်တဲ့ မြစ်ဆုံတွင် ဆည်မဆောက်သင့်ကြောင်း အစီရင်ခံစာလည်း ပါဝင် ပါတယ်။
အဆိုပါ မြစ်ဆုံတည်ဆောက်သည့် နေရာဟာ ငလျင်ပြတ်ရွေ့ကြောနဲ့လည်း နီးလို့ ဆည် မဆောက်သင့်ကြောင်း ကန့်ကွက်မှု များလည်းရှိခဲ့ပြီး ပညာရှင်အချို့ကတော့ ငလျင်ပြင်းအားရစ်ချတာစကေး ၈ အထိခံနိုင်တဲ့ဆည် ဆောက်လုပ်ရင် ရနိုင်တယ် လို့ပြောကြသော်လည်း ၈ ထက်ကျော်တဲ့ ငလျင်လှုပ်လာခဲ့ရင် ဆိုတော့ အဖြေမရှိပေ။
ငလျင်ကြောင့် မြစ်ဆုံဆည်ကျိုးခဲ့ရင်လည်း မြစ်ကြီးနားနဲ့ အနီးတဝိုက်ရှိမြို့များ အချိန်တိုအတွင်း ပျက်စီးသွားမယ်ဆိုတာ ကိုတော့ တာဝန်ယူဖို့ မည်သူမှ အာမခံချက်လည်း ပေးမထားပါဘူး။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ယူနန်ပြည်နယ်ခွင်းမင်မြို့ရှိ CPI ရုံးခန်းမှာ မြန်မာသတင်းသမား တချို့နဲ့တွေ့ ဆုံရာတွင် CPI ရဲ့ဒုဥက္ကဌဖြစ်သူ Cao Junhua က မြစ်ဆုံစီမံကိန်း ကုန်ကျငွေက အမေရိကန် ဒေါ်လာသန်း တထောင်ခန့် ရှိကြောင်း ပြောကြားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလ မြစ်ကြီးနားလူထု အစည်းအဝေးမှာ မြစ်ဆုံပြဿနာနဲ့ ပတ်သက်ပြီး စာချုပ်ပါ အချက်အလက် များကို လူထုအားချပြပြီး လူထုသဘောထားအား ရယူ ဆုံးဖြတ်သွားမယ်လို့ပြောထားခဲ့ကြောင်း စာအုပ်မှာ ပါဝင်ပါတယ်။
ဒါပေမယ့်လည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၂၀၁၆ ဧပြီ ၅ ရက်နေ့ကတော့ သူကိုယ်တိုင် မြစ်ဆုံ စာချုပ်ကို မဖတ်ရသေးကြောင်းလည်း ဆိုထားပြီး စက်တင်ဘာလကတည်းက မြစ်ဆုံရပ်တန့်ထားမှုကလည်း ပြည့်နေ ပြီဆိုတော့ လက်ရှိ NLD အစိုးရက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာလဲ စိတ်ဝင်စားစရာဖြစ်ပါတယ်။
အချုပ်ဆိုရရင် ယခု စာအုပ်ပါဆောင်းပါးများမှာ မြစ်ဆုံတခုတည်းကို မီးမောင်းထိုးပြထားခြင်းမဟုတ်ဘဲ တရုတ်နဲ့ပတ် သက်တဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များကို တတ်နိုင်သမျှ စုစည်းရေးသားထားတာမို့ မြန်မာ-တရုတ် ဆက်ဆံရေးကိုပါ အကဲဖြတ်ဖို့ လေ့လာဖို့ သမိုင်းဆိုင်ရာစာအုပ်ကောင်း တအုပ်လို့ ဆိုလိုက်ရပါတယ်။
စာရေးဆရာ- မောင်မောင်စိုး
စာအုပ်အမည်- မြစ်ဆုံပြဿနာနှင့် မြန်မာ-တရုတ်ဆက်ဆံရေး
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်ကာလ- ၂၀၁၆၊ ဇူလိုင်
ထုတ်ဝေသည့်တိုက်- မဟာစာပေ
တန်ဖိုး-၂၀၀၀ ကျပ်