ယနေ့ခေတ် မြန်မာ့ပန်းချီလောကမှာConcept အခြေပြုအနုပညာဖန်တီးရေးဆွဲမှုတွေ လူငယ်ပန်းချီပညာရှင်တွေကြားမှာအများအပြားတွေ့လာရပါတယ်။ Conceptဟာခေတ်ပြိုင် အနုပညာတင်ပြမှုမှာအရေးကြီးတဲ့ မဏ္ဍိုင်သဖွယ်လည်း ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ အလှအပ Beauty ကိုအခြေပြု ဖန်တီးကြတယ်၊ နောက် မော်ဒန်ခေတ်မှာတော့ စိတ်ခံစားမှု Emotion ကိုအခြေပြုဖန်တီးကြတာ ဖြစ်ပြီး၊ ခေတ်ပြိုင်အနုပညာ (Contemporary Art) ရဲ့ အသက်Concept လို့လည်းဆိုပါတယ်။
Concept အခြေပြု အနုပညာဖန်တီးတင်ပြမှုကိုရွှေရောင်သစ်ပင်တို့၏ စိတ်ကူးနိုင်ငံတော် (An Imaginary World of Golden Trees) လို့ အမည်ပေးထားတဲ့ ပန်းချီခိုင်သဇင်ထက်ရဲ့ တကိုယ်တော်ပန်းချီပြပွဲမှာတွေ့ရပါတယ်။ အောက်တိုဘာ ၂၉ ကနေ ၃၁ ရက်နေ့အထိဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ပြုလုပ်တဲ့ ပြပွဲမှာပန်းချီကားပေါင်း ၃၀ ကျော် ပြသထားပြီး၊ ပန်းချီကားအားလုံးလိုလိုထဲမှာရွှေရောင်နဲ့ ရေးဆွဲထားတဲ့ သစ်ပင်ပုံတွေ ပါဝင်နေပါတယ်။
ရွှေရောင်သစ်ပင်တွေနဲ့ ပန်းချီကားတွေရေးဆွဲရတဲ့ အကြောင်းက “သစ်ပင်တွေကိုပိုမိုအာရုံစိုက်လာစေချင်တာ၊ မြတ်နိုးတန်ဖိုးထားတတ်စေချင်တာ၊ သစ်ပင်တွေဟာ ရွှေလိုပဲတန်ဖိုးကြီးမား၊ သက်ရှိတွေနဲ ့သဘာဝပတ်ဝန်းကျင်အတွက် မရှိမဖြစ်အရာပါ။ သာမန်ရိုးရိုးသစ်ပင်တွေထဲကနေခွဲထွက် ရေးဆွဲချင်လာတာနဲ့ ရွှေနိုင်ငံကရှုခင်းတွေ၊စိတ်ကူးနဲ ့ဖန်တီးထားတဲ့Golden Trees ပန်းချီကားတွေမှာ၊ မြန်မာမှု ခရုခွေ အဝိုင်းလေးတွေ ထည့်သွင်းရေးဆွဲထားတာပါ” လို့လည်းဖော်ပြထားပါတယ်။
အသက် ၂၄ နှစ်အရွယ် ပန်းချီခိုင်သဇင်ထက်ဟာရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကဂျာမန် ဘာသာနဲ့ ၂၀၁၁ ခုနှစ်မှာဘွဲ့ရခဲ့တာ ဖြစ်ပြီး၊ ငယ်စဉ်ကတည်းကအရောင်တွေကို စိတ်ဝင်စားခဲ့တာလို့ ဆိုပါတယ်။သူရတန်းနှစ် နွေရာသီ၊ ၂၀၀၃-၂၀၀၄ခုနှစ်မှာဆရာမကြီးဒေါ်နွဲ့နွဲ့ရီပန်းချီသင်တန်းမှာစတင် တက်ရောက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ဆရာမဒေါ်သဇင်စိုးမြင့်ဆီမှာပိုစတာပန်းချီနဲ ့ ရေဆေး၊ Acrylic သင်ကြားခဲ့ပါတယ်။
၂၀၀၉ က ၂၀၁၂ ခုနှစ်ထိပန်းချီဦးကျော်လင်းရဲ့ YAG ပန်းချီသင်တန်းကိုတက်ရောက်ခဲ့ပြီးခဲပန်းချီ၊ ရေဆေး၊ Acrylic ရေးဆွဲနည်းများသင်ယူခဲ့ပါတယ်။ ၂၀၁၃မှာတော့ New Zero Art Space ဆရာဦးအေးကိုထံမှာModern နဲ့ Contemporary Art နဲ့ ပတ်သက်တဲ့ သဘောတရားတွေ စာတွေ့ လက်တွေ့လေ့လာခဲ့ပါတယ်။
ပန်းချီခိုင်သဇင်ထက်ဟာမြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ပိုစတာ ပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာပထမဆု ၂ ကြိမ်ရခဲ့တဲ့ အပြင် တခြားတတိယနဲ့ နှစ်သိမ့်ဆုတွေလည်းရရှိခဲ့ပါတယ်။
“ပန်းချီမဆွဲတဲ့ အချိန်ဆိုစာဖတ်ပါတယ်။ကဗျာအုပ်၊ ဝတ္ထု နဲ ့ ပန်းချီစာအုပ်တွေလက်လှမ်းမီသလောက် ဖတ်ပါတယ်။ပန်းချီစာအုပ်တွေ ဖတ်ခြင်းဖြင့်ကမ္ဘာ့ပန်းချီ၊ မြန်မာ့ပန်းချီအပြင်ပန်းချီဆရာတွေရဲ ့ ဘဝတွေ၊ အတွေးအခေါ် အယူအဆတွေလည်းသိရှိပြီးပိုဗဟုသုတရပါတယ်။ကဗျာစာအုပ်မဖြစ်မနေစာဖတ်သင့်ပါတယ်”လို့ သူကပြောပါတယ်။
ပန်းချီအပြင် တခြား စိတ်ဝင်စားတဲ့ အနုပညာဖန်တီးမှုက “ပန်းပုထုတာကိုစိတ်ဝင်စားပါတယ်။သစ်သားပန်းပု၊ မိုလောင်းတဲ့ ပန်းပု၂ခုစလုံးစိတ်ဝင်စားပါတယ်။ အထူးသဖြင့် သစ်ပင်ပုံတွေ ထုချင်တာပါ။ Installation နဲ ့ပေါင်းစပ်ပြီးတင်ပြချင်တာပါ” ပန်းချီခိုင်သဇင်ထက်ကပြောပါတယ်။ပန်းချီရေးတဲ့ အခါ “ရေဆေးတော့ ပိုသဘောကျပါတယ်၊ရေရဲ့ effectတွေ လွတ်လပ်ပေါ့ပါးစွာရေးဆွဲနိုင်မှုတွေကသဘာဝနဲ ့ ပိုနီးစပ်တယ်” လို့ ထင်တဲ့ အကြောင်းသူကပြောပါတယ်။
ပန်းချီခိုင်သဇင်ထက်ဟာတခြား အရာဝတ္ထုတွေထက် သစ်ပင်တွေကို အထူးစိတ်ဝင်စားသူ ဖြစ်ပြီးသစ်ပင်အမျိုးမျိုးကို ၂၀၁၁ ခုနှစ်ကတည်းကရေဆေးအခရိုင်းလစ် စတဲ့ မီဒီယံတွေနဲ့ တစိုက်မတ်မတ် ရေးဆွဲလာခဲ့တာ ဖြစ်ပါတယ်။ အခုပြသတဲ့ ရွှေရောင် သစ်ပင်စီးရီးကတော့ ၂၀၁၃ ခုနှစ်မှာစတင်ခဲ့တာပါ။ “ရွှေရောင်သစ်ပင်တွေကအပြင်မှာလည်းမရှိတော့စိတ်ကူးနဲ့ အရောင်တွေကိုပိုအားပြုပါတယ်။Sketch တွေ ထုတ်ပြီးပန်းပွင့်တွေ၊ လိပ်ပြာတွေ၊တိမ်လေးတွေ၊ပန်းခင်းတွေ၊ Pattern လေးတွေလဲထည့်သွင်းရေးဆွဲပါတယ်”လို့ ပြောပါတယ်။
“လူငယ်တွေအနေနဲ ့ဘယ်လိုအတားအဆီးအခက်အခဲတွေရှိပါစေ၊ ကိုယ်ဝါသနာပါရာကိုဇွဲမလျှော့ဘဲတစိုက်မတ်မတ်လုပ်ဆောင်နိုင်ပါစေ” လို့လည်းတိုက်တွန်းပါသေးတယ်။ သူဟာအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာပန်းချီ Diploma ဆက်တက်ရောက် သင်ယူဖို့လည်းစီစဉ်ထားကြောင်းနဲ့ နိုင်ငံတကာပန်းချီ Workshop တွေ တက်၊ နိုင်ငံတကာက ပြပွဲတွေမှာပါဝင်နိုင်ဖို့လည်းကြိုးစားသွားမယ် လို့ဆိုပါတယ်။
ပန်းချီခိုင်သဇင်ထက်ရဲ့ ပန်းချီကားတွေထဲမှာလူသားတွေရဲ့ ရှင်သန်မှု အတွက် သစ်ပင်တွေရဲ့ အရေးပါပုံကိုတစွန်းတစ မြင်လိုက်ရသလို၊ သစ်ပင်တွေသာမရှိတော့ဘူးဆိုရင် လူသားတို့ရဲ့ မနက်ဖြန်လည်းရှိနိုင်ဦးပါ့မလားဆိုတဲ့ အတွေးကိုလည်းရစေတဲ့ တင်ပြမှုဖြစ်ပါတယ်။