ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက သမိုင်းသင်တာ “မအ” အောင်လို့ အထိမိဆုံး ပြောသွားခဲ့ပါတယ်။ “မအ” အောင်လို့ တွေးခေါ်မြော်မြင် စဉ်းစားခြင်းက အရေးကြီးကြောင်း ဆရာကြီးက ညွှန်းဆိုလိုဟန် ရှိပါတယ်။
သမိုင်းအမှန် မသိဘဲ “အ” သွားရင်ရော ဘာဖြစ်တတ်သလဲ။ သူ့ကျွန်ဘဝ ရောက်သွားတတ်ပါတယ်။ စစ်ကျွန်၊ တိုင်းတပါးသား ကျွန်၊ ငွေဝယ်ကျွန် အစရှိသဖြင့် ဆွေစဉ်မျိုးဆက်ကျွန်ဘဝ ရောက်တတ်ပါတယ်။ မလွတ်မလပ် သူတပါးစေနှင်ရာ ဘဝဟာ ကျွန်ပါပဲ။
တွေးခေါ်မြော်မြင် စဉ်းစားခြင်းကနေ စံပြုရာ၊ အလေးမြတ်ထားရာ ပညာရှင်ဆိုတာလည်း ပေါ်ပေါက်လာပါတယ်။ အသိပညာရှင်၊ အတတ်ပညာရှင် အစရှိတဲ့ပညာရှင် အမျိုးမျိုး ကြားကနေ ဘယ်လို ပညာရှင်မျိုးကို သင်အလို ရှိနေမလဲဆိုတာ အဓိပ္ပာယ် ဖွင့်ဆိုကြည့်ကြရအောင်။
‘တကယ့်ပညာရှင်တို့ကို မည်သည့်နေရာ၌ တိတိကျကျ တွေ့ရှိနိုင်ပါမည်နည်း။ မည်သည့်နေရာ၌မဆို တွေ့နိုင်ပါ၏။ မည်သည့် အလုပ်အကိုင်မျိုး၌မဆို တွေ့ရှိနိုင်ပါ၏။”
What is an Intellectual ကို စာရေးဆရာ မောင်သာမည ဘာသာပြန်သည့် တကယ့်ပညာရှင် ဆောင်းပါးမှ Morton Cronin ၏ အာဘော်ဖြစ်ပါတယ်။
စာအုပ်မှာ ပညာ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အတွေးအခေါ် ဘာသာရပ်တွေ ပါဝင်တဲ့ ဆောင်းပါး၊ ဘာသာပြန်၊ ကိုးကား၊ ပင်ကိုယ်ရေး စုစုပေါင်း ၂၅ ပုဒ် ပါဝင်ပါတယ်။ အတွေးအမြင်၊ စံပယ်ဖြူ၊ Management စတဲ့ လစဉ်ထုတ်များမှာ ရေးသားခဲ့တဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။
မူရင်း ရေးသားခဲ့သူများကတော့ Morton Cronin, Bertrand Russell, John C. Merrill, Victoral Griffith, Walter Lippmann, Tzvetan Todorow, Edward De Bono, Peter Drucker, Irene Von Hardenberg, Sato Sezaburo, Sir Richard Livingstone, T. H Huxely, Howard Gardner, E.F Schumacher, James Walsh, J.M Kouzed နဲ့ B.Z Posner တို့ဖြစ်ပြီး မောင်သာမည ပင်ကိုယ်ရေး ၃ ပုဒ်ဖြစ်တဲ့ ပညာဖြင့် ယဉ်ကျေးမှု၊ နိုင်ငံတို့၏အလုပ်၊ မော်တော် ဆိုင်ကယ်စီး၍ သစ္စာရှာခြင်း ပါဝင်ပြီး ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓ တားမြစ်တော်မူတဲ့ ကိစ္စရပ်များကို ကျူးလွန်နေတဲ့ ယနေ့ခေတ်ကို မီးမောင်းထိုးပြရင်း လူ့တန်ဖိုး လူသားအရင်းအမြစ်တို့ တန်ဖိုးကို သိစေခြင်းတို့ ပါဝင်ပါတယ်။
ပညာဖြင့် ယဉ်ကျေးမှု ဆောင်းပါးမှာတော့ “ယဉ်ကျေးမှုကို ဦးစားပေး အရေးထားပါလျက် ဗုဒ္ဓဘာသာ မြန်မာအချို့သည် ယဉ်ကျေးမှု ပျက်နေကြခြင်း သို့မဟုတ် ယဉ်ကျေးသော်မှ အနှစ်သာရရှိရှိ ယဉ်ကျေးနေသည် မဟုတ်ခြင်းတို့မှာ အကြောင်း ရှာလိုက်လျှင် ဗုဒ္ဓညွှန်ပြချက်ကို အသေအချာ သဘောမပေါက် မလိုက်နာခြင်းကိုသာ တွေ့ရပေမည်” လို့ သုံးသပ်ရေးထား ပါတယ်။
ပညာနဲ့ ပတ်သက်လို့ “နောက်ထပ် ရိုင်းစိုင်းဖို့ တာစူနေပြန်၏။ လူရိုင်းလူဆိုး သံသရာက လွတ်ဖွယ်မရှိ။ ဤကား လက်တွေ့ ဖြစ်ပျက်နေသည့် ဒိဋ္ဌိဓမ္မကို သိမြင်ခြင်းကိုပင် ပညာဟု ခေါ်သည် မဟုတ်ပါလား” လို့ ဆိုပါတယ်။
အမေးနောက်မှာ အဖြေတခုသည် ပါလာစမြဲဖြစ်ပါတယ်။ “ပညာဖြင့် ယဉ်ကျေးသူသည် အကြောက်အမက် မရှိသဖြင့် မတရားမှု ဒုစရိုက်တို့ကို ဘယ်လို မက်လုံးဖြင့် မြူဆွယ်စေကာမူ လုပ်မည်မဟုတ်။ အစဉ်ထာဝရ ဆန့်ကျင်နေမည်သာ ဖြစ်ပါ၏။ တရားမှု သုစရိုက်တို့ကိုလည်း ဘယ်လို ခြောက်လုံးပေး၍ လှန့်စေကာမူ မကျင့်သုံးဘဲနေမည်မဟုတ်။”
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အနုပညာ အစရှိသဖြင့် နယ်ပယ်စုံက ပညာရှင်ဆိုတာလည်း ကိုယ်ပညာရှင် ဖြစ်ကြောင်း ဘယ်ပုဂ္ဂိုလ်မှ လက်သည်းထုတ် အစွယ်ဖြဲ ပြလေ့မရှိပါဘူး။
စာရေးသူ မောင်သာမညရဲ့ တကယ့်ပညာရှင်မှာတော့ ပညာရှင်ဆိုတာ အကြမ်းဖျင်း ၃ ချက်နဲ့ ပိုင်းခြား ရေးသားထားပါတယ်။ အနှစ်ချုပ်အနေနဲ့ ပထမအချက်၊ ဒုတိယအချက်ကတော့ ပညာရှင်ဆိုတာ အများနဲ့ သက်ဆိုင်တဲ့ ကိုယ်ကျင့်တရား ပြသနာကို စိတ်ဝင်စားမှုရှိခြင်း၊ အယူအဆ တခုအတွက် သက်သေ အထောက်အထားကို စုဆောင်း ချိန်ဆပြီး အမှားအမှန်ကို ခွဲခြား မခြွင်းမချန်ဘဲ သူ့အယူအဆကို ခိုင်ခိုင်မာမာ ဖွင့်ထုတ် ဖော်ပြတတ်ခြင်းတို့ ဖြစ်ပါတယ်။
တတိယ အချက်အနေနဲ့ကတော့ “ပညာရှင်သည် သူ၏ အယူအဆနှင့် ပတ်သက်၍ တခြား သူတစ်ပါးတို့၏ စစ်ဆေးဝေဖန်မှုကို ခံယူရန် အလွန်ဆန္ဒပြင်းပြ၏။ ဤအချက်မှာ ပညာရှင်တို့အတွက် အရေးကြီးဆုံး အချက်ဖြစ်သည်။ တကယ့် ပညာရှင် စစ်စစ်တို့သည် ဝေဖန်မှုကို ကြံ့ကြံ့ခံနိုင် သည်သာမက ဝေဖန်မှုတွေ့ရလျှင် ရွှင်လန်းပျော်မြူးနေကြသည်။ တချို့သောသူများသည် အချစ်ကို ရရန် အလိုငှာ စိတ်ကူးယဉ် ဝင်္ကပါအတွင်း ပရိယာယ်ဆင်သကဲ့သို့ ပညာရှင်သည်လည်း အပြန်အလှန် ဆန့်ကျင်ဆွေးနွေးခြင်း ဒွန္ဒမှော်ရုံတောအတွင်း အမှန်တရားတည်းဟူသော သားကောင်ဆီသို့ ချဉ်းကပ်၏။ သို့သော် သူ၏ ရည်ရွယ်ချက်မှာ စကားနိုင်လုရန် မဟုတ်။”
စာအုပ်ပါ ဆောင်းပါးများကို ဖတ်ရှုရင်း အချက်အလက်များကို ထောက်ခံ ငြင်းခုန် ချိန်ဆရင်း စာအုပ်ကပေးတဲ့ ဉာဏ်ပေတံဖြင့် ကိုယ့်အလျားကို တွက်ဆမိရင်ကို စာအုပ်၏ အနှစ်သာရ လုံလောက်ပြီ ဖြစ်ပါကြောင်းလည်း ယူဆမိပါတယ်။
ယခုစာအုပ်ပါ ဆောင်းပါးများကတော့ တွေးဖို့ တွန်းအားပေးစေတဲ့ စာစုတွေ ဖြစ်လို့ လေ့လာဖတ်ရှုသင့်ကြောင်း ပြောလိုပါတယ်။
နိဂုံးချုပ်အနေနဲ့က ပညာရှင်တွေများတဲ့ တိုင်းပြည်ဟာ ဖွံ့ဖြိုးစည်ပင်မှာ အမှန်ပါပဲ။ သယံဇာတ တူးဖော်ရောင်းချဖို့သာ လုပ်နေပြီး ကိုယ့်ပြည်တွင်းက အသိပညာရှင်၊ အတတ်ပညာရှင်တွေ တိုင်းတပါးခြား သွားရောက် နေထိုင်နေရပြီ ဆိုကတည်းက အဲဒီတိုင်းပြည်ဟာ ဗေဒင်မေးစရာ မလိုအောင် ချောက်ထဲကျသွားပါမယ်။
ကျွန်းပင်တပင်ရဖို့ မျိုးဆက် တဆက်လောက် ကြာအောင် ပြန်လည် စိုက်ပျိုးရသလို ပညာရှင်တွေနဲ့ တည်ဆောက်မယ့် တိုင်းပြည်ဟာ စာဖတ်ပြီး စဉ်းစားဖို့၊ စဉ်းစားပြီး လုပ်ဆောင်ဖို့ ခုဆောင်းပါးများက မီးမောင်းထိုးပြနေပါတယ်လို့ ဆိုလိုက် ရပါတယ်။