မြန်မာ ရေဆေး ပန်းချီ ဆရာ ၄ ဦးနဲ့ ထိုင်း ရေဆေး ပန်းချီ ဆရာ တဦးတို့ရဲ့ Watercolor 2017 ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၁ ကနေ ၁၄ ရက်နေ့ အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ ပန်းချီ ဆရာ မြင့်နိုင်၊ အောင်ဆင့်၊ ကျော်ကျော်၊ ခင်မောင်ဇော်နဲ့ ထိုင်း ပန်းချီ ဆရာ ဒိုင်ရက်ကင်နွတ်ခ် တို့ရဲ့ ရေဆေး ပန်းချီ ကားပေါင်း ၅၀ ကျော် ပြသသွားမှာ ဖြစ်ပါတယ်။
မြန်မာ ပန်းချီ ဆရာ ၄ ဦးဟာ ရေဆေး မီဒီယံကို နှစ်သက်ကျွမ်းကျင်စွာနဲ့ တစိုက်မတ်မတ် သုံးစွဲ ရေးဆွဲကြသူတွေ ဖြစ်သလို နှစ်ပေါင်းများစွာ ပန်းချီ အနုပညာကို တွယ်ဖက် ရေးဆွဲဖန်တီးနေသူတွေ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ တဦးချင်းစီရဲ့ အတွေးစိတ်ကူး၊ ခံစားမှု၊ ကျွမ်းကျင်မှု၊ အိုင်ဒီယိုလိုဂျီနဲ့ ဘ၀ ဒဿန အမြင်တွေက ခြားနားပါတယ်။
ပန်းချီ မြင့်နိုင်
၁၉၆၇ ခုနှစ်ဖွား၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဇာတိသား ပန်းချီမြင့်နိုင်ဟာ ရန်ကုန် ပန်းချီ ပန်းပု ကျောင်းကို ၁၉၈၆ ကနေ ၁၉၈၉ အထိ တက်ရောက် အောင်မြင်ခဲ့သူ ဖြစ်ပြီး အုပ်စုပြပွဲပေါင်းများစွာမှာ ပါဝင် ပြသနိုင်ခဲ့သလို အယ်လ်ဘေးနီးယားနိုင်ငံ တီရာနာမြို့ အမျိုးသား သမိုင်းပြတိုက်မှာ မတ် ၁၂ ကနေ ဧပြီ ၁၂ ရက်နေ့ အထိ ပြုလုပ်မယ့် ဒုတိယအကြိမ် နိုင်ငံတကာ ရေဆေးပန်းချီ ပြပွဲမှာလည်း ပါဝင် ပြသနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ရေဆေး ပန်းချီ ဆရာ ၈၀ တို့ရဲ့ လက်ရာတွေ ပြသမယ့် အဲဒီပွဲ အတွက် အကောင်းဆုံး ရွေးချယ်တဲ့ ပဏာမ ပန်းချီ ဆရာ ၁၀ ဦး စာရင်းမှာ ပန်းချီ မြင့်နိုင် ပါဝင်ပါတယ်။ ယင်း ပြပွဲကို မြန်မာနိုင်ငံက ပန်းချီ ဆရာ မင်းဝေအောင်၊ အာကာမျိုး၊ အောင်ထက်လွင်၊ ခင်မောင်မြင့်၊ ခင်မောင်ဇော်နဲ့ မြင့်နိုင်တို့ ပါဝင်ပါတယ်။
ပန်းချီ အောင်ဆင့်
တနင်္သာရီတိုင်း ထားဝယ်မြို့ ဇာတိဖြစ်တဲ့ ပန်းချီ အောင်ဆင့်ကို ၁၉၆၈ ခုနှစ်မှာ မွေးဖွားပြီး ပန်းချီ ပန်းပု ကျောင်း ရန်ကုန်က ပန်းပုနဲ့ ပန်းချီ အထူးပြုဘာသာရပ် ၂ ခုနှင့် အောင်မြင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်က အနုပညာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိတဲ့ အပြင် ၂၀၀၇ မှာ ထွန်းဖောင်ဒေးရှင်းဘဏ် ပန်းချီ ပြိုင်ပွဲ အထူးနှစ်သိမ့်ဆု၊ ၂၀၀၈ ခုနှစ်မှာ ထွန်းဖောင်ဒေးရှင်းဘဏ် ပန်းချီ ပြိုင်ပွဲ အကောင်းဆုံး ပန်းချီ တတိယ ဆု၊ ၂၀၁၆ ခုနှစ်မှာ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ပထမဆုံး အကြိမ် နိုင်ငံတကာ ရေဆေး ပန်းချီ ပြပွဲမှာ အကောင်းဆုံး ပန်းချီ ၂၀ ဆု ရခဲ့ပါတယ်။ တကိုယ်တော် ပြပွဲ အနေနဲ့ ပြည်တွင်းမှာ ၂၀၀၁ ခုနှစ်၊ ၂၀၁၄ ခုနှစ်မှာ စင်ကာပူ တို့မှာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး အုပ်စုပြပွဲ များစွာမှာလည်း ပါဝင်ပြသခဲ့ပါတယ်။ သူ့ရဲ့ လက်ရာတွေကို ထွန်းဖောင်ဒေးရှင်း ဘဏ် (မြန်မာ)၊ တရုတ်နိုင်ငံရှိ ချန်ချွန်းနှင့် ဘေကျင်းရှိ နိုင်ငံတကာ ပန်းပုပန်းခြံများတွင် စုဆောင်းထားပါတယ်။
ပန်းချီ ကျော်ကျော်
တရုတ်ဟန် တရုတ်နည်း စနစ်နဲ့ မြန်မာမှု အငွေ့အသက်ကို ရေးဆွဲဖန်တီးသူ၊ ရေးဆေးနဲ့ မင်ခြစ် မီဒီယံကို နှစ်သက်သူ ပန်းချီ ကျော်ကျော်ကို ၁၉၆၂ ခုနှစ်မှာ မွေးဖွားပြီး မြစ်ကြီးနား ဇာတိ ဖြစ်ပါတယ်။ ပန်းချီ ကျော်ကျော်ဟာ ၂၀၀၅ ခုနှစ်မှာ ထိုင်ဝမ် Fu-Hsin ကုန်သွယ်ရေးနဲ့ အနုပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ထိုင်ဝမ် အမျိုးသား အနုပညာ တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မှာ ပြုလုပ်နိုင်ခဲ့ ပါတယ်။
ပန်းချီ ခင်မောင်ဇော်
မြန်မာမှု အငွေ့အသက်ကို စွဲလမ်းနှစ်သက်ဖွယ် ရေးဆွဲသူ ပန်းချီ ခင်မောင်ဇော်ရဲ့ ဇာတိက မြိတ် (ဘိတ်) မြို့ဖြစ်ပြီး ၁၉၇၀ ခုနှစ်ဖွား ဖြစ်ပါတယ်။ ရန်ကုန် ပန်းချီ ပန်းပု ကျောင်းကို တက်ရောက်အောင်မြင်ခဲ့ပြီး ပြည်တွင်း ပြည်ပ အုပ်စု ပန်းချီ ပြပွဲပေါင်းများစွာမှာ ပါဝင်ပြသနိုင်ခဲ့သလို တကိုယ်တော် ပန်းချီ ပြပွဲများ အဖြစ် ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ စင်ကာပူမှာ ၁ ကြိမ် ပြသနိုင်ခဲ့ပါတယ်။
ဒိုင်ရက်ကင်နွတ်ခ် (Direk Kingnok)၊ ထိုင်းပန်းချီဆရာ
၁၉၇၆ ခုနှစ်ဖွား ထိုင်း ပန်းချီ ဆရာ ဒိုင်ရက်ကင်နွတ်ခ်ရဲ့ ဇာတိက နခွန်းရက်ချာစီမာမြို့ ဖြစ်ပြီး Khon Kaen တက္ကသိုလ်က B.F.A (ပန်းချီ) ဘွဲ့ရခဲ့ပါတယ်။ သူဟာ ၁၉၉၉ ကနေ ၂၀၀၁ အထိ အဲဒီတက္ကသိုလ်မှာ ပန်းချီ နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး တကိုယ်တော် ပန်းချီ ပြပွဲ ၃ ကြိမ်နှင့် ပြည်တွင်း ပြည်ပ အုပ်စု ပန်းချီ ပြပွဲ ပေါင်းများစွာမှာ ပါဝင် ပြသနိုင်ခဲ့ပါတယ်။
ရေဆေး မီဒီယံကို နှစ်သက်ပြီး နှစ်ပေါင်းများစွာ တွယ်ဖက် ရေးဆွဲနေတဲ့ မြန်မာ ပန်းချီ ဆရာ ၄ ဦးရဲ့ မတူခြားနားတဲ့ လက်ရာတွေက စိတ်ဝင်စားစရာ ဖြစ်နေတဲ့ အပြင် ထိုင်း ပန်းချီ ဆရာ ဒိုင်ရက်ကင်နွတ်ခ် ရဲ့ ရေးဆွဲတင်ပြပုံနဲ့ နှိုင်းယှဉ် ခံစားရမှာ ဖြစ်တဲ့ ပြပွဲ တခုဖြစ်ပါတယ်။
၂၀၁၄ ကနေ နှစ်စဉ် ဖေဖော်ဝါရီလတိုင်း ကျင်းပလာတဲ့ watercolor ပန်းချီ ပြပွဲဟာ အခုဆိုရင် ၄ ကြိမ်မြောက် ဖြစ်ပြီး နောင်နှစ်များမှာလည်း ပြင်ပနိုင်ငံတွေက ရေဆေး အကျော်အမော်တွေကို ဖိတ်ခေါ် ပြသသွားမှာ ဖြစ်တယ်လို့ ပန်းချီ ခင်မောင်ဇော်က ပြောပါတယ်။ ။