ခေတ်ပြိုင် အနုပညာ ဖန်တီးတင်ပြမှု ရဲ့ အသက်က Concept ခေါ် နွယ်ဆက်အတွေး၊ ဆက်စပ်အမြင်၊ သဘောထား ဖြစ်ပါတယ်။ ကွန်းဆက် မပါတဲ့ လက်ရာဟာ ခေတ်ပြိုင်အနုပညာ လက်ရာလို့ သတ်မှတ်လို့ မရနိုင်သလို၊ ကွန်းဆက်ကို တမင်ရည်ရွယ်ချက်နဲ့ ထည့်သွင်းဖန်တီးရင်လည်း အနုပညာ မမြောက်ဘဲ ကန့်လန့်ကြီးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကွန်းဆက်နဲ့ စိတ်ခံစားမှုတို့ ပူးနွယ်ယှက်တွယ်နေတဲ့ အနုပညာဖန်တီးမှုကို ခေတ်ပြိုင် အနုပညာရှင်တွေ ကြိုးစားဖန်တီး ကြတာ ဖြစ်ပါတယ်။ခေတ်ပြိုင် အနုပညာ ဖန်တီးတင်ပြမှု ရဲ့ အသက်က Concept ခေါ် နွယ်ဆက်အတွေး၊ ဆက်စပ်အမြင်၊ သဘောထား ဖြစ်ပါတယ်။ ကွန်းဆက် မပါတဲ့ လက်ရာဟာ ခေတ်ပြိုင်အနုပညာ လက်ရာလို့ သတ်မှတ်လို့ မရနိုင်သလို၊ ကွန်းဆက်ကို တမင်ရည်ရွယ်ချက်နဲ့ ထည့်သွင်းဖန်တီးရင်လည်း အနုပညာ မမြောက်ဘဲ ကန့်လန့်ကြီးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကွန်းဆက်နဲ့ စိတ်ခံစားမှုတို့ ပူးနွယ်ယှက်တွယ်နေတဲ့ အနုပညာဖန်တီးမှုကို ခေတ်ပြိုင် အနုပညာရှင်တွေ ကြိုးစားဖန်တီး ကြတာ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ တင်ပြရရင် ၁၉၆၁ ခုနှစ်၊ စာပေဗိမာန် ပန်းချီ ပြပွဲမှာ ပန်းချီ မောင်ငွေထွန်းရဲ့ “ထမင်းနဲ့ ရွှေ” ဆိုတဲ့ ပန်းချီကားဟာ နာမည်ကျော်ခဲ့ပါတယ်။ ရွှေရောင်တွေ တောက်ပဝင်းလက် နေတဲ့ ဘုရားကို ကုသိုလ်ရှင်က ရွှေချနေချိန်မှာ လူတယောက်က ထမင်းတထုပ်ကို ခွေးတွေ၊ ကျီးတွေနဲ့ ဆင်းဆင်းရဲရဲ မျှေ၀ စားသောက် နေရပုံကို သရုပ်ဖော်ထားပါတယ်။ ဒီပန်းချီကားကို ပန်းချီဝေဖန်ရေး ဆရာပေါ်သစ် (ဟံသာဝတီဦးဝင်းတင်) က ငွေ ၆၀၀ ကျပ်နဲ့ ဝယ်ယူသွားခဲ့ပါတယ်။

အဲဒီ ပန်းချီကားကနေ ထပ်ဆင့်ညွှန်းဆို ဖော်ပြ ပြောပြနေတဲ့ လောကသဘာဝ၊ လူ့သားသဘာဝ၊ ခေတ်ကာလနဲ့ လူ့အဖွဲ့ အစည်းကို ဖော်လှစ်ပြသနေတာကို တွေ့မြင်ခံစားနိုင်ကြမယ် ထင်ပါတယ်။ အဲဒါဟာ ပန်းချီကားကို ထာဝရ အသက်သွင်း ပေးလိုက်တဲ့ ကွန်းဆက်နဲ့ စိတ်ခံစားမှု ပူးပေါင်းရက်ခြယ် ဖန်တီးထားတဲ့ ခေတ်ပြိုင် အနုပညာ တင်ပြမှုပါပဲ။
ပန်းချီ မောင်ငွေထွန်းလိုပဲ အမေ့လျော့ခံလူသားတွေကို သတိထားမိတတ်တဲ့ သူကတော့ ဒီနေ့ခေတ်ရဲ့ ခေတ်ပြိုင် ပန်းချီ ဆရာ ပန်းချီ ခင်ဇော်လတ် ဖြစ်ပါတယ်။ ပန်းချီ ခင်ဇော်လတ် ဟာ ၂၀၁၆ ခုနှစ်က တန်ခိုးကြီးဘုရား တဆူမှာ ရွှေချနေတဲ့ အဖော်တွေကို စောင့်ရင်း ဘုရားမှာ ပိုက်ဆံတောင်းနေတဲ့ ကလေးတွေ၊ ဈေးရောင်းနေတဲ့ ကလေးတွေနဲ့ စကားပြောဖြစ် ခဲ့ပါတယ်။
နောက် ကျောင်းတက်ရမယ့် အရွယ်မှာ အလုပ် လုပ်နေကြရတဲ့ ကလေးတွေကို ဓာတ်ပုံရိုက်၊ ပုံကြမ်းခြစ် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စတူရီယိုကို ပြန်ရောက်တော့ ၇ ပေ ၉ ပေ ကင်းဗတ်ကြီးပေါ်မှာ လူအများစု မေ့လျော့နေတဲ့ ဒီကလေးတွေရဲ့ ပုံရိပ်တွေကို ထင်ဟပ်ပြတဲ့ ပန်းချီကားတွေ ရေးဆွဲဖြစ်ခဲ့တယ် လို့ ပြောပြတယ်။
“ကလေးတွေနဲ့ ပတ်သက်ပြီး သူ့တို့ ဖြတ်သန်းလာရတဲ့ ဘဝတွေကို ကျနော် တော်တော် စိတ်ဝင်စားတယ်” လို့ ပန်းချီ ခင်ဇော်လတ် က ပြောပါတယ်။
ပန်းချီခင်ဇော်လတ် ဟာ ဘုရားမှာ ပိုက်ဆံတောင်း၊ ဈေးရောင်းတဲ့ ကလေးတွေ အပြင် လမ်းပေါ်မှာ ပန်းရောင်းတဲ့ ကလေးတွေ၊ သင်္ဘော၊ ဘူတာပေါ်မှာ ဗန်းကလေးတွေနဲ့ ဈေးရောင်းနေတဲ့ ဈေးသည်လေးတွေ၊ မြို့လယ်ခေါင်မှာ ပို့စ်ကတ် ရောင်း ဝင်ငွေရှာနေကြတဲ့ ကလေးတွေ၊ ကမ်းခြေတွေမှာ ခရုဆွဲကြိုးလေးတွေ ရောင်းနေကြရတဲ့ ကလေးတွေနဲ့လည်း စကားပြောဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

“ကလေးတွေ ဘဝနဲ့ ကိုယ်ပြောချင်တာနဲ့က ဒီ Technique နဲ့ လိုက်ဖက်တယ် လို့ ခံစားရတယ်။ သူတို့ ဘဝတွေက တိတိကျကျ မရှိဘူးလေ။ ဘာဖြစ်မယ် ဆိုတာလည်း မပြောနိုင်ဘူး။ အဲဒါမျိုးမှာ ဆေးတွေကလည်း တိတိကျကျ မဟုတ်ဘူး။ မျောတဲ့ နေရာက မျော၊ ကွက်တဲ့ နေရာကွက် ဒီလိုမျိုးတွေ ပေ့ါ။ အရောင်ဆိုလည်း ကျနော် တောက်တောက် ပြောင်ပြောင် အရောင်တွေ ထည့် မထားဘူး။ အဖြူ၊ အမည်းလေးတွေ၊ Gray လေးတွေ။ ကြည့်လိုက်ရင် တကယ့် အခြေခံ ကျတဲ့ အရောင်လေးတွေပေါ့။ Tone ကို အဓိကထားပြီးတော့ ရေးတာ။ အရင် စီးရီးတွေနဲ့ လုံး၀ မတူတော့ဘူး” လို့ ခင်ဇော်လတ် က ပြောပါတယ်။
နောက် အဲဒီလိုနဲ့ သူရေးဆွဲ ဖန်တီးထားတဲ့ ပန်းချီကားတွေကို ပြင်သစ်နိုင်ငံမှာ သွားရောက် ပြသဖို့ ဖြစ်လာတဲ့ အကြောင်းလည်း သူက ရှင်းပြပါတယ်။
“ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ ဟိုတယ်နဲ့ ပန်းချီပြခန်းကို တွဲဖွင့်ထားတဲ့ Frederic Dol က ပန်းချီပြပွဲ တခု လုပ်ချင်တယ် လို့ ကမ်းလှမ်းလာတယ်။ ဒါနဲ့ ကျနော် ရေးဆွဲထားတဲ့ Street Story ပန်းချီကားစီးရီးဟာ ပြင်သစ်နိုင်ငံမှာ ပြသဖို့ ဖြစ်လာခဲ့ပါ တယ်” လို့ ခင်ဇော်လတ် က ပြောပါတယ်။ Frederic Dol ဟာ မြန်မာနိုင်ငံက ပန်းချီသန်းကျော်ဌေး၊ ပန်းချီထိန်လင်းတို့ရဲ့ တကိုယ်တော် ပန်းချီပြပွဲတွေကိုလည်း စီစဉ်ပေးခဲ့သူပါ။

အဲဒီလို အခြေခံ လူတန်းစားတွေကို သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေကို Street Story လို့ နာမည်ပေးထား ပြီး ဇူလိုင်လ ၇ ရက်နေ့ကနေ သြဂုတ် ၆ ရက်နေ့အထိ ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ L’lsle-sur-la-Sorgue ဆိုတဲ့ မြို့လေးက Retour De Voyage, Art Gallery မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ ပန်းချီကား ပေါင်း ၁၇ ကား ပြသသွားမှာ ဖြစ်ပြီး အဲဒီ ပြပွဲဟာ ခင်ဇော်လတ်ရဲ့ ပြင်သစ်နိုင်ငံမှာ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ တကိုယ်တော် ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ ယခု ပြပွဲ အပါအဝင် သူဟာ ပြည်တွင်း၊ ပြည်ပတွေမှာ တကိုယ်တော် အနုပညာပြပွဲ ၁၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ တခြား ပန်းချီစီးရီးတွေက Blissful Buddha ၊ Crowdscale စတဲ့ စီးရီးတွေ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ်ဖွား၊ လပွတ္တာမြို့ဇာတိသား ပန်းချီ ခင်ဇော်လတ်ဟာ ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ် အထိ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ် တက်ရောက်ခဲ့ပြီး ပန်းချီ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ပန်းချီနဲ့ ပတ်သက်ပြီး သူရရှိခဲ့တဲ့ ဆုတွေက ၂၀၀၀ ပြည့်နှစ်မှာ Myanmar Youth Art Contest ပြိုင်ပွဲမှာ ဒုတိယဆု၊ ၂၀၀၄ ခုနှစ်မှာ Myanmar Contemporary Art Award မှာ အထူးဆု၊ ၂၀၀၈ ခုနှစ်မှာ Myanmar Contemporary Art Award မှာ ပထမဆုနဲ့ ၂၀၁၁ ခုနှစ်မှာ Myanmar Portrait Award ပထမဆု ရရှိခဲ့ပါတယ်။

ပန်းချီ ခင်ဇော်လတ် ဟာ တကိုယ်တော်နဲ့ အုပ်စုလိုက်ပန်းချီပြပွဲတွေကို အမေရိကန်၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ စတဲ့နိုင်ငံတွေမှာ အများဆုံး ပြုလုပ်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အနုပညာဆုများလည်း ရရှိထားသူ ဖြစ်ပါတယ်။ ပန်းချီကား ဈေးနှုန်းများဟာ ဒေါ်လာ ထောင်ဂဏန်းကနေ သောင်းဂဏန်း အထိ ရှိပြီး ပြည်တွင်းထက် ပြည်ပက ပန်းချီကား စုဆောင်းသူတွေက အဓိက ဝယ်ယူကြတယ် လို့ သိရပါတယ်။
ပန်းချီ ခင်ဇော်လတ်ဟာ ကျောက်တန်းမြို့နယ်က ၄ ဧက ကျယ်တဲ့ခြံထဲမှာ Bamboo School ဆိုတဲ့ ပရဟိတကျောင်းလေး ကိုလည်း လွန်ခဲ့တဲ့ ၅ နှစ်က စပြီး ဖွင့်ထားပြီး ဒီကျောင်းလေးမှာ ကလေးတွေ အတွက် ပန်းချီပညာ၊ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်တန်းတွေ ပို့ချ သင်ကြားပေးလျှက် ရှိပါတယ်။ ။