နှစ် ၇၀ ပြည့် အာဇာနည်နေ့ ကျင်းပတော့မယ့် အချိန်မျိုးမှာ “အောင်ဆန်း မသေဘူး” လို့ ယုံကြည်နေတဲ့ ပန်းချီဆရာ ၉ ယောက် ရှိနေပါတယ်။ သူတို့ကတော့ ဆူးထက်အောင်၊ မျိုးကျော်၊ ထင်လင်းနိုင်၊ သော်သော်တင့်၊ ဝဏ္ဏသစ်ပင်၊ ကိုသက်၊ ကိုစိုး၊ မဟာဈာန်၊ ငြိမ်းချမ်းကို စသူတွေပဲ ဖြစ်ပါတယ်။ ဇူလိုင် ၁၉ မှာ လူအများက ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံး၊ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် စတဲ့ နေရာတွေကို သွားကြမှာ ဖြစ်ပေမယ့် ဒီပန်းချီဆရာ ၉ ယောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းအား လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ပုံ ပန်းချီကားတွေနဲ့ အတူ ပြပွဲမှာ ရှိနေမှာပါ။
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ “ရှင်သန်ဆဲအောင်ဆန်း” ပန်းချီကားတွေကို ကြည့်ရှု ခံစားနိုင်ဖို့ ကန်တော်ကြီး၊ ကရဝိတ်ဥယျာဉ်မှာ ရှိတဲ့ မဟာဈာန် ပန်းချီပြခန်းမှာ ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားခေါင်းဆောင် ဘဝ၊ သခင်ဘဝ၊ စစ်ဗိုလ်ချုပ်ဘ၀ အပါအဝင် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဘ၀ ဖြတ်သန်းမှု အမျိုးမျိုးကို ထင်ဟတ် တင်ပြထားတဲ့ ပန်းချီကား တွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
အဖြူ၊ အမည်းကာလာ ၂ ရောင်တည်းနဲ့ ရေးဆွဲထားတဲ့ ဗိုလ်ချုပ်ရုပ်ပုံရဲ့ ဘေးပတ်ပတ်လည်မှာ အရောင်တွေ ခြယ်သ ထားတဲ့ ခေါင်းမပါတဲ့ မြန်မာနိုင်ငံမြေပုံ၊ ခါးပြတ်နေတဲ့ မြန်မာနိုင်ငံမြေပုံ၊ ဇောက်ထိုးကျနေတဲ့ မြန်မာနိုင်ငံ မြေပုံတွေက ဝန်းရံထားပါတယ်။ ဒီပန်းချီကားကို ဖန်တီးခဲ့တဲ့ ပန်းချီ ကိုသက်က “ဗိုလ်ချုပ်က သူ့ကျွန်ဘ၀ ရောက်နေတဲ့ မြန်မာနိုင်ငံကို တောင်တန်းပြည်မ မခွဲခြားဘဲ နိုင်ငံကို တစုတစည်းတည်း ဖြစ်အောင် ကြိုးပမ်းစည်းရုံးခဲ့တာတွေကို ဒီမြေပုံအပိုင်းအစတွေနဲ့ ဖော်ကျူးတာပါ။ ဒီမြေပုံအပိုင်းအစတွေ အလယ်က အဖြူ၊ အမည်း ဗိုလ်ချုပ်ပုံကတော့ ဗိုလ်ချုပ်ရဲ့ ရိုးသားတည်ကြည် ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုတာပါ” လို့ ဆိုပါတယ်။
သီချင်းစာသား၊ ဂီတနုတ်တွေနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ ဗိုလ်ချုပ် ပန်းချီကားနဲ့ ပတ်သက်လို့လည်း “ဒီဂီတ သင်္ကေတ တွေက မြန်မာနိုင်ငံတော် သီချင်းပါ။ ကျောင်းတွေမှာ အမြဲတမ်း ဒီသီချင်းကို ဆိုရပါတယ်။ ပြည်ထောင်စုကို အသက်ပေးပြီး ကာကွယ်ခဲ့တဲ့ ဗိုလ်ချုပ်တို့ကို အမှတ်ရနေစေဖို့ပါ” လို့ ဂစ်တာသမားတဦးလည်း ဖြစ်တဲ့ ပန်းချီကိုသက်က ရှင်းပြပါတယ်။
ပန်းချီ ထင်လင်းနိုင်ကတော့ သူ့ရင်ထဲက ရှင်သန်နေဆဲအောင်ဆန်းကို လှုပ်ရှားမှု သဘောတွေ ပါအောင် ရည်ရွယ်ပြီး ပန်းချီကားတွေကို ဖန်တီးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တောင်ရှည်ပုဆိုးကြီးမပြီး လွှတ်တော်သွားနေတဲ့ပုံ၊ မြို့တော်ခန်းမ စင်မြင့်မှာ မာန်ပါပါ မိန့်ခွန်းပြောနေတဲ့ ပုံရိပ်တွေ ရေးဆွဲထားပါတယ်။
ဗိုလ်ချုပ်ပန်းချီကားတွေ ရေးရတဲ့ ခံစားချက်နဲ့ ပတ်သက်လို့လည်း “ဗိုလ်ချုပ်ကို ဟိုးကလေးဘ၀ ကတည်းက လေးစားခဲ့ရတယ်။ သူ့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို အားကျခဲ့ရတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီးလည်း ဖြစ်တယ်။ အခုလို ရေးခွင့်ရတော့ ဂုဏ်ယူမိတယ်။ ဝမ်းလည်း ဝမ်းသာတယ်” လို့ ပန်းချီ ထင်လင်းနိုင် က ဆိုပါတယ်။
စာရွက်လိပ်တခုကို ကိုင်ပြီး စစ်တုရင်ခုံပေါ်က မြင်းတွေ၊ ပွန်းတွေ၊ ဘုရင်၊ ဘုရင်မတွေကြား ထီမထင်တဲ့အပြုံးနဲ့ လမ်းလျှောက်နေတဲ့ ဗိုလ်ချုပ်ပန်းချီကားကို ဖန်တီးသူကတော့ ပန်းချီ ဆူးထက်အောင် ဖြစ်ပါတယ်။ ပန်းချီ ဆူးထက်အောင် ဟာ ၂၀၁၆ ခုနှစ်က စစ်တုရင်ခုံပေါ်က မြင်းတွေ၊ စစ်သားတွေ၊ စစ်ဘုရင်တွေကြား ယုံကြည်မှုအပြည့်နဲ့ လျှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားစီးရီးကို ဖန်တီး အောင်မြင်ခဲ့သူပါ။
ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားနဲ့ ပတ်သက်ပြီး “အခု ခေတ်ကာလမှာတော့ ဒေါ်အောင်ဆန်းစုကြည် က ဗျူဟာတခုမှ ရဲရဲဝင့်ဝင့် လျှောက်လမ်းနေရတာ ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဒီလိုပါပဲ။ သူ့ခေတ်သူ့အခါက ဗျူဟာတွေ ကြားထဲမှာ လျှောက်လှမ်းခဲ့ရပြီး လွတ်လပ်ရေးကို နည်းမျိုးစုံနဲ့ ရအောင်ယူခဲ့ရတယ်။ ဒီသဘောပါပဲ” လို့ ဆိုပါတယ်။
“ရှင်သန်ဆဲအောင်ဆန်း” ပန်းချီပြပွဲမှာ ၄ ပေ ၃ ပေ၊ ၃ ပေ ၂ ပေ အရွယ် ဆီဆေး၊ အခရိုင်းလစ် ပန်းချီကား ၂၁ ကား ပြသွားမှာ ဖြစ်ပြီး ပန်းချီကား ဈေးနှုန်းတွေကတော့ ဒေါ်လာ ၂၀၀ မှ ဒေါ်လာ ၉၀၀ အထိ သတ်မှတ်ထားပါတယ်။
ပန်းချီပြပွဲ စီစဉ်သူ ပန်းချီ မဟာဈာန်က “ဗိုလ်ချုပ်ကတော့ ဘယ်တော့မှ မသေပါဘူး၊ ရှင်သန်ဆဲပေါ့။ ဗိုလ်ချုပ် ပန်းချီကားတွေ စုပြီး ပွဲလုပ်ဖို့တော့ စိတ်ကူးကတော့ ဟိုး…လွန်ခဲ့တဲ့ ကာလတွေတုန်းကတည်းကရှိတာ၊ အဲဒီတုန်းက ထင်ထင်ပေါ်ပေါ် လုပ်လို့ မရဘူးပေါ့။ အရင်တုန်းကတော့ ပန်းချီပြခန်းလည်း မထောင်ဖြစ်သေးဘူး ဆိုတော့ မလုပ်ဖြစ်ခဲ့ ဘူး။ အခုတော့ ပြခန်းလည်းထောင် ဖြစ်ပြီ၊ အာဇာနည်နေ့နဲ့လည်း တိုက်ဆိုင်နေတော့ လုပ်ဖြစ်သွားတာပါ” လို့ ဆိုပါတယ်။
ဇူလိုင် ၁၉ မှာ အောင်ဆန်းရဲ့ နိုင်ငံရေးဗျူဟာ၊ ထီမထင်တဲ့ ဟန်ပန်၊ မာန်ပါပါ အမူအရာ ပန်းချီကားတွေကို တွေ့မြင်ချင်သူ တွေဟာ ရှင်သန်နေဆဲအောင်ဆန်း ပန်းချီပြပွဲမှာ သွားရောက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ပန်းချီဆရာ ၉ ယောက်လည်း ရှိနေမှာဖြစ်တယ် လို့ သိရပါတယ်။ ။