ပန်းချီ အောင်ထက်လွင် ရဲ့ Two Heart of Myanmar (မြန်မာ့ နှလုံးသား တစုံ) လို့ အမည်ပေးထားတဲ့ ၄ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ၃၁ လမ်းမှာရှိတဲ့ Cloud 31 ပန်းချီပြခန်းမှာ ဇူလိုင် ၂၃ ကနေ ၂၇ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် နဲ့ ပန်းချီဆရာကြီး ဦးဘဉာဏ် တို့ဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ ဇာတိဖွားတွေ ဖြစ်ပြီး မြန်မာသိ ကမ္ဘာသိ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဦးသန့် ကို လေးစားသလို ဦးဘဉာဏ် ကို အားကျခဲ့သူက ပန်းတနော်ဇာတိသား ပန်းချီ အောင်ထက်လွင်ပဲ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီ အောင်ထက်လွင်က သူ ပန်းချီဆရာဖြစ်စေဖို့ အကြောင်းအရင်း တွေထဲမှာ ပန်းချီ ဆရာကြီး ဦးဘဉာဏ် ကို အားကျရတာတွေ၊ ယဉ်ကျေးမှုကျောင်းဆင်း ပန်းချီကား ပထမဆု ရခဲ့တာနဲ့ သူ့ရဲ့ ပန်းချီကား တွေကို ဝယ်ယူအားပေးခြင်း ခံရတာတွေက အဓိက အကြောင်းအရင်းတွေ ဖြစ်တယ် လို့ ဆိုပါတယ်။
သူ လေးစားအားကျရတဲ့ ပန်းချီဆရာကြီး ဦးဘဉာဏ် နဲ့ ပတ်သက်လို့ “ကျနော် ၄ တန်းကျောင်းသား ဘဝကတည်းက ဆရာကြီးကို ဖတ်စာအုပ်က တဆင့်သိရတာ ပေါ့။ နောက် ပန်းချီကျောင်းမှာ ပန်းချီသမိုင်းကြောင်းသင် ရတဲ့အခါမှာ ဆရာကြီး ဦးဘဉာဏ်အကြောင်း ပါလာတယ်။ ဘယ်လောက် အားကျဖို့ ကောင်းသလဲ ဆိုတော့ သူ့ အသက် ၂၅ နှစ်အရွယ်မှာ အင်္ဂလန် အထိ ကျော်ကြားနေပြီ။ ဆရာကြီးလောက်နီးပါး အလုပ် လုပ်ဖို့ လိုတယ်ဆိုတဲ့ စိတ်နဲ့ ကျနော်ပန်းချီရေးပါတယ်” လို့ အောင်ထက်လွင်က ပြောပါတယ်။
ပန်းချီ အောင်ထက်လွင်ဟာ သူ့ရဲ့ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ပြီးနောက် ပန်းချီဆရာဘဝကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယမြောက် ပန်းချီပြပွဲ အတွက် ပြင်ဆင်ချိန်မှာတော့ သူ့အသက်က ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာ Yangon Essay နာမည်နဲ့ လောကနတ် ပန်းချီပြခန်းမှာ ဒုတိယ တကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။
“ရန်ကုန်မှာ သွားနေလာနေတော့လေ၊ ရန်ကုန်ရှုခင်းတွေကို ကျနော်ငြိသွားတယ်။ ရန်ကုန်ကို တဖြည်းဖြည်း ချစ်လာတယ်။ ပြီးတော့ ရှေးဟောင်း အဆောက်အဦကြီးတွေက ရန်ကုန်ကို ပိုခမ်းနားစေတယ်လို့ မြင်မိတယ်။ လှုပ်ရှားသွားလာနေတဲ့ လူတွေ၊ ယာဉ်အမျိုးမျိုး စတာတွေရဲ့ အရောင်တွေပါ တွဲပြီး ခံစားမိလာတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ပြ ရှုခင်းတွေ ရေးဖြစ်ခဲ့ တယ်။ ရန်ကုန်မြို့ပြရဲ့ မြင်ကွင်းတွေက ကျနော့်အတွက် ရသတခု ပေးစွမ်းနေတယ် လို့ ခံစားမိတာကြောင့် Yangon Essay ဆိုပြီး ပြပွဲလေး ဖြစ်လာခဲ့ ပါတယ်” လို့ ပန်းချီ အောင်ထက်လွင်က ဆိုပါတယ်။
ပန်းချီအောင်ထက်လွင်က ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း ပန်းချီကားရေးဆွဲရာမှာ တရားရုံးချုပ် အဆောက်အဦးပုံ ရေးဆွဲပြီး ဘွဲ့ရခဲ့သလို ပန်းချီဒီပလိုမာအတွက် စာတမ်းတင်ရာမှာလည်း မြို့ပြပန်းချီဆရာများရဲ့ ပန်းချီကားများကို လေ့လာသုံးသပ်ချက် ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့သူပါ။
အခု ပြသမယ့် Two Heart of Myanmar ပန်းချီပြပွဲမှာတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့နဲ့ မင်းကွန်း ဒေသတွေမှာ အောက်ဒိုးထွက် ရေးဆွဲခဲ့တဲ့ မြို့ပြရှုခင်းတွေ၊ ရှေးဟောင်း အဆောက်အဦးတွေနဲ့ စေတီပုထိုးပုံ ရေဆေးပန်းချီကားတွေကို ပြသသွားမှာ ဖြစ်ပါတယ်။
အောက်ဒိုးပန်းချီ အတွေ့အကြုံနဲ့ ပတ်သက်ပြီး သူက “မြသိန်းတန် စေတီကြီးကို ရေးရတာ ကျနော် စိတ်တိုင်း အကျဆုံးပဲ။ အားလုံးကို မေ့သွားတယ်။ ပန်းချီရေးနေရင်း စေတီကြီးက ကိုယ့်ကို လွှမ်းမိုးထားတယ်။ တခြားဘာကိုမှ သတိမရတော့ဘူး” လို့ ပြောပြပါတယ်။
Two Heart of Myanmar ပန်းချီပြပွဲမှာ အရွယ်စုံ ရေဆေးပန်းချီကား ၂၉ ကားပြသသွားမှာ ဖြစ်ပြီး ပန်းချီဈေးနှုန်းက ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၃၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ။