Culture

ပြန်လည် အသက်ဝင်လာတဲ့ ဦးဘဉာဏ်ရဲ့ ဂုဏ်သိက္ခာနဲ့ အနုပညာ

Want create site? Find Free WordPress Themes and plugins.

ဒုတိယကမ္ဘာစစ်အတွင်း မော်လမြိုင်မြို့နယ် ကတိုးရွာလေးမှာ သူဟာ မထင်မရှား ကွယ်လွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း မော်လမြိုင်သား ပန်းချီဆရာ မင်းစံရှားက သူ့ရဲ့ အုတ်ဂူကို ကတိုးရွာ သုဿာန်မှာ တွေ့ရှိခဲ့ရာကနေ လူမှုကွန်ရက်က တဆင့် တင်ပြလှုံ့ဆော်မှုကြောင့် အမေ့လျော့ခံ ဖြစ်နေခဲ့တဲ့ သူ့ဂုဏ်သိက္ခာနဲ့ သူ့ရဲ့ အနုပညာတွေ ပြန်လည် အသက်ဝင် ရှင်သန်လာတာလို့ ဆိုရမှာပါ။ သူ ဆိုတာက အင်္ဂလန်နိုင်ငံမှာ ပထမဆုံး ပန်ချီပညာ သင်ယူခဲ့တဲ့ ပန်းချီဆရာကြီး ဦးဘဉာဏ် ဖြစ်ပါတယ်။

ကွယ်လွန်ပြီး နှစ် ၇၀ ကျော်မှာ ဦးဘဉာဏ် အား ရည်စူးပြီး “ပန်းချီ ဆရာကြီး ဦးဘဉာဏ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု ပန်းချီပြပွဲ” ကို ဇူလိုင် ၂၆ ကနေ ဇူလိုင် ၃၀ အထိ အမျိုးသားပြတိုက်မှာ ပြခန်းမှာ ပထမဆုံး ခမ်းခမ်းနားနား ကျင်းပ ပါတယ်။ ဒီပန်းချီပြပွဲမှာ နိုင်ငံ တဝှမ်းက ပန်းချီဆရာ ၃၀၀ ကျော်က သူတို့ရဲ့ ပန်းချီကား ၅၀၀ ကျော်နဲ့ ပန်းချီ ဦးဘဉာဏ် ကို ဂုဏ်ပြုကြတဲ့ ပြပွဲပါ။

ပြပွဲမှာ ဦးဘဉာဏ် ရေးဆွဲခဲ့တဲ့ ပန်းချီကား ၆ ကားကိုလည်း ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြသသွားမှာ ဖြစ်ပါ တယ်။ ဦးဘဉာဏ် သက်ရှိထင်ရှား ရှိစဉ်က ရေးဆွဲခဲ့တဲ့ ဥရောပ ရှုခင်းကား၊ ဦးဘဉာဏ်ပုံတူ၊ ဦးဘဉာဏ်ရဲ့ ဖခင်ဦးဘအို၊ ဘုန်းတော်ကြီးကျောင်း၊ လူဝကြီး၊ မင်းကြီးကတော်ဒေါ်မြမေ စတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။

ပန်းချီ ဦးဘဉာဏ် ဟာ အင်္ဂလိပ် ကိုလိုနီခေတ်ကာလ အတွင်း အင်္ဂလန်နိုင်ငံမှာ ပထမဆုံး ပန်းချီပညာ သင်ယူခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေနဲ့ အင်္ဂလိပ် အစိုးရက အထောက်အပံ့ပြုတာ လို့လည်း သိရပါတယ်။ ဒါကြောင့် ပန်းချီဦး ဘဉာဏ် ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေက ပဉ္စမမြောက် ဂျော့ဘုရင်ပုံတူကားတွေ၊ ဆာဟာကုတ်ဘတ္တလာ၊ ဆာဂျေအေ မောင်ကြီး၊ ဆာဒေါ်မန်စမစ် စတဲ့ ဘုရင်ခံတွေနောက် အစိုးရနဲ့ နီးစပ်တဲ့ မြန်မာလူမျိုးတွေရဲ့ ပုံတူ ပန်းချီကားများ ဖြစ်ပါတယ်။

ပန်းချီ ဦးဘဉာဏ် ဟာ မြန်မာ့သဘာ၀ အလှအပ၊ မြန်မာလူနေမှု ဓလေ့တွေကိုလည်း ရေးဆွဲခဲ့တာ အများအပြား ရှိပေမယ့် အင်္ဂလိပ် လူမျိုးအများစုနဲ့ အင်္ဂလိပ်အစိုးရကသာ အဓိက ဝယ်ယူအားပေးတဲ့ အတွက် မြန်မာနိုင်ငံမှာ ဦးဘဉာဏ် ပန်းချီကား များများစားစား မကျန်ရစ်ခဲ့ပါဘူး။ ဒါပေမယ့် ပန်းချီ ဦးဘဉာဏ် ကို မြန်မာပန်းချီလောကရဲ့ ဖခင်ကြီးလို့ မြန်မာပန်းချီ လောကသားတွေက သတ်မှတ်ထားပါတယ်။

ဒီလို မြန်မာပန်းချီဆရာတွေ ပန်းချီ ဦးဘဉာဏ်ကို တခဲနက် ဂုဏ်ပြုလိုကြတဲ့ အဓိကအကြောင်းအရင်း တခုကတော့ ဦးဘဉာဏ် ဟာ ရိုးရာမြန်မာပန်းချီကနေ ခွဲထွက်ခဲ့ပြီး ခေတ်သစ်ပန်းချီကို မြန်မာနိုင်ငံမှာ အခြေခိုင်ခိုင် စိုက်ထူပေးခဲ့တာ ကြောင့် ဖြစ်ပါတယ်။

“အင်္ဂလိပ်နည်း…၊ အနောက်တိုင်း ပန်းချီရေးနည်းကို မြန်မာပြည်ကို ယူဆောင်ပေးတာ ဆရာဦးဘဉာဏ် ပဲ။ အခု ကျနော်တို့ ဆရာတွေ ဖြစ်တဲ့၊ မြန်မာနိုင်ငံရဲ့ဂန္ထဝင် ပန်းချီဆရာကြီးတွေ ဖြစ်တဲ့ ဦးငွေကိုင်၊ ဦးဘကြည်၊ ဦးသိန်းဟံ၊ ဦးအောင်ခင်တို့က ဆရာဦးဘဉာဏ် ရဲ့တပည့်” လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ပန်းချီ နီပိုဦး ကလည်း “အခု ကျနော်တို့ မြန်မာ ပန်းချီဆရာတွေ အများဆုံး အသုံးပြုနေတဲ့ အကယ်ဒမစ်နည်းကို ဆရာကြီးက လန်ဒန်ကနေ စနစ်တကျ သယ်ဆောင်လာတယ်။ ကျနော်တို့က ဆရာကြီးဆီက တိုက်ရိုက် မသင်ခဲ့ရပေမယ့် ဆရာကြီးရဲ့ တပည့်အစဉ်အဆက် ကနေ ကျနော်တို့လည်း ပညာအမွေ ရရှိခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

အခုလို ပြသထားတဲ့ အတွက် ပန်းချီ မျိုးဆက်သစ်တွေ လေ့လာနိုင်လို့ အကျိုးရှိပေမယ့် အချို့ပန်းချီကားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက “ပွင့်ပွင့်လင်းလင်းပြောရရင် အခုလုပ်ထားတဲ့ ဘောင်က ပန်းချီကားရဲ့ ခန့်ငြားမှု ပျက်သွား တယ်။ ဘောင်တွေက ဒီထက်ကောင်းရမယ်။ နောက် ပန်းချီကားက လှုပ်ရင် ကင်းဘတ် မခါအောင် လုပ်ရမယ်။ အခု ပန်းချီကားက လှုပ်နေတယ်။ လှုပ်တဲ့ အတွက်ဆေးက ကွဲနိုင်တယ်။ အန္တရာယ်ရှိတယ်။ မှိုတွေလည်း လိုက်နေတယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဒီပန်းချီပြပွဲမှာ ပါဝင်ပြကြတဲ့ ပန်းချီကားတွေဟာ အကြောင်းအရာစုံ၊ အရွယ်အစားစုံ ဖြစ်ပြီး ဈေးနှုန်းတွေက ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၁၅၀၀ အထိ သတ်မှတ်ထားပါတယ်။ ပန်းချီကားရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ဦးဘဉာဏ်ရဲ့ ကြေးရုပ်တု ထုလုပ်တဲ့ နေရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကြေးရုပ်တု ၃ ခု ထုလုပ်သွားမှာ ဖြစ်ပြီး ပန်းချီ ဦးဘဉာဏ် ကွယ်လွန်တဲ့ မော်လမြိုင်၊ ကတိုးရွာမှာ ၁ ခု၊ အမျိုးသားပြတိုက်မှာ ၁ ခုနဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ ၁ ခုထားရှိ ဂုဏ်ပြုသွားဖို့ စီစဉ်ထားတယ်လို့ ပန်းချီနီပိုဦးက ဆိုပါတယ်။

ပန်းချီ ဦးဘဉာဏ် ဟာ ၁၉၃၀ ခုနှစ် လန်ဒန်က ပညာတော်သင် ပြန်လာပြီးချိန်ကနေ ၁၉၄၅ ခုနှစ် ကတိုးရွာမှာ ကွယ်လွန်ချိန် အထိ သူ့ရဲ့ ပန်းချီ ရေးဆွဲ ဖန်တီးမှု သက်တမ်းဟာ ၁၅ နှစ်သာ ရှိပါတယ်။ အဲဒီ တိုတောင်းလှတဲ့ ကာလအတွင်း ပန်းချီကားပေါင်းများစွာကို ရေးဆွဲခဲ့တဲ့ အပြင် ပန်းချီလက်ဆင့်ကမ်း အဖြစ်လည်း တပည့်ပေါင်းများစွာကို သင်ကြားပေးနိုင်ခဲ့တဲ့ အပြင် မြန်မာ ပန်းချီလောကသစ် တစရပ် ထူထောင်နိုင်ခဲ့တာကြောင့် မြန်မာပန်းချီလောကရဲ့ ဖခင်ကြီးအဖြစ် ဂုဏ်ပြုခြင်းခံရတာ ဖြစ်ပါတယ်။

ဒါရိုက်တာပန်းချီစိုးမိုးက “ဆရာကြီး ဦးဘဉာဏ် ဆိုတာ မြန်မာ့ပန်းချီ တလောကလုံးရဲ့ ဆရာ။ ငြင်းလို့ကို မရဘူး” လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading