မြန်မာ့လူ့အဖွဲ့အစည်းဟာ အာဏာရှင်ဆန်တဲ့ အပြုအမှုတွေကို လက်ခံထားတုန်းပဲ လို့ ကွယ်လွန်သူ သမိုင်းပါမောက္ခ ဟောင်း ဆရာ ဦးမောင်မောင်ကြီးက သုံးသပ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ပန်းချီသိုးထိန်းကတော့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အာဏာရှင်တွေအောက် ပြားပြားမှောက်နေရပေမယ့် အာဏာရှင်တွေကို ခေတ်အဆက်ဆက် တော်လှန်တဲ့ လူ့အဖွဲ့အစည်း၊ တော်လှန်တဲ့ တိုင်းပြည်လို့ ရှုမြင်ပါတယ်။ သူ့ရဲ့ ဒီလို သမိုင်းအမြင်ကိုလည်း ပန်းချီကားတွေ အဖြစ် ပုံဖော်တင်ပြထားတာ တွေ့ရပါတယ်။
ဒီပန်းချီကားစီးရီးကို ပန်းချီ သိုးထိန်းအပါအဝင် ပန်းချီဆရာ ၈ ဦးပါဝင်တဲ့ S8it (ရှစ်) လို့ နာမည်ပေးထားတဲ့ ပန်းချီပြပွဲမှာ ကြည့်ရှုနိုင်ပါတယ်။ အခြားပန်းချီဆရာတွေက သုမြတ်၊ ဟန်ဆန်း၊ ဝဏ္ဏအောင်၊ ပန်းချီ၊ အံဘနန်း၊ မြင့်စိုးဦး၊ လွင်ဦးမောင်တို့ သီးခြားစီ ဖန်တီးတင်ပြမှုတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပြီး၊ သူတို့ရဲ့ S8it ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ ဗိုလ်အောင်ကျော် အနုပညာပြခန်းမှာ သြဂုတ်လ ၄ ရက်နေ့ ကနေ သြဂုတ်လ ၈ ရက်နေ့အထိပြသထားတာဖြစ်ပါတယ်။
ပန်းချီ သိုးထိန်းက သူ့ရဲ့ ပန်းချီကားတွေနဲ့ ပတ်သက်လို့ “ဒီပန်းချီကား ၈ ချပ်ဟာ Story တပုဒ်စီကို ပြောနေတာ” လို့ ဆိုပါတယ်။ တော်လှန်သော တိုင်းပြည်စီးရီးရဲ့ ပထမဆုံး ပန်းချီကားမှာ ပင့်ကူအိမ်တွေ တက်နေတဲ့ အခန်းဟောင်းထဲက ထိုင်ခုံတစ်လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ထိုင်ခုံတလုံးမဟုတ်ပဲ ထိုင်ခုံကိုဖက်တွယ်လွန်းရင်း ထိုင်ခုံ သဏ္ဌာန်ဖြစ်နေတဲ့ အာဏာရှင်ကို သင်္ကေတပြုထားတာ ဖြစ်ပါတယ်။
ဒုတိယပန်းချီကားမှာတော့ အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အကျဉ်းသမားတဦးနဲ့ မွေးကင်းစ ကလေးငယ်လေး ပါ။ ဒီပန်းချီကားနဲ့ ပတ်သက်လို့ ပန်ချီသိုးထိန်းက “ဒီလိုအဖမ်းခံရပေမယ့် တော်လှန်ရေးမျိုးဆက်ကတော့ ပေါ်ထွက်နေတာ ပါပဲ” လို့ ဆိုပါတယ်။တော်လှန်သောတိုင်းပြည် ပန်းချီကားစီးရီးရဲ့ တတိယမြောက်ပန်းချီကားမှာတော့ ပစ်လိုက်တိုင်း ထောင်နေတတ်တဲ့ သဘာဝရှိတဲ့ ပစ်တိုင်းထောင်ကို မထောင်နိုင်အောင် ကြိုးတွေနဲ့ဆွဲထားပြီး မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ မြွေဆိုးတွေကို မြင်ရမှာပါ။
စတုတ္ထပန်ချီကားကတော့ အကျဉ်းထောင်တခုကို အပေါ်စီးကနေ မြင်ရတဲ့ ပုံစံ ထုတ်ထားတဲ့ Pin ball ဂိမ်းတခုပါ။ “တော်လှန်ရေးဟာ အနိမ့်အမြင့်ရှိမယ်။ အဝင်အထွက်ရှိမယ်။ တွန်းလိုက်ရင် ဝင်သွားတယ်။ အတွင်းမှာ ထွက်ပေါက်ရှာပြီး ပြန်ထွက်လာတယ်။ ဒါပေမယ့် ကစားနေတဲ့လူက ဘောလုံးကို ပြန်ထည့်ပြီးတော့ ပြန်ပစ်တယ်။ အဲဒီတော့ ထွက်လိုက် ဝင်လိုက် ဖြစ်နေတာပေါ့။ ကစားတဲ့လူရဲ့လက်ထဲမှာပဲ” လို့ ပန်းချီသိုးထိန်းက ဆိုပါတယ်။
နောက် တော်လှန်သောတိုင်းပြည်မှာ ပြည်သူဟာ အကာအကွယ်မရဘဲ ပြည်သူတွေက ကိုယ့်ကိုယ်ကို ကာကွယ်နေရတာ ကိုလည်း ပဉ္စမမြောက်ပန်းချီကားမှာ သရုပ်ဖော်ထားပါသေးတယ်။ ဆဋ္ဌမမြောက်ပန်းချီကားက ဖိနှိပ်မှုတွေ ဘယ်လောက်များ ပါစေ ဦးခေါင်းထက်မှာ အောင်လံစိုက်မယ် ဆိုတဲ့ အောင်လံတော်ပန်းချီကားပါ။
ပန်းချီသိုးထိန်းရဲ့ ၇ ကားမြောက် ပန်းချီကားကတော့ နောက်ဆုံးမျှော်လင့်ချက် ရေတစက် လို့အမည်ပေးထားတဲ့ ပန်းချီကား ပါ။ ဒီအချိန်မှာ သန်း ၅၀ သော ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေနဲ့ တော်လှန်ခဲ့သူတွေအတွက် နောက်ဆုံးမျှော်လင့်ချက် တခုပဲရှိနေတာကို ရည်ရွယ်တယ် လို့ဆိုပါတယ်။ “မျှော်လင့်ချက်ရေတပေါက်သာ ကျန်တော့ချိန်မှာ အမိအရသောက်ဖို့ လိုပြီ” လို့လည်း သတိပေးထားပါသေးတယ်။
နောက်ဆုံးပန်းချီကားကတော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ တော်လှန်ရေးတရပ်ကို ညီညီညွတ်ညွတ်နဲ့ ဆင်နွှဲနေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီပန်းချီကားနဲ့ပတ်သက်လို့ “ဒီဟာကတော့ အဆုံးသတ်ပေါ့။ ဒီနိုင်ငံဟာ ဘယ်လိုဖြစ်ဖြစ် တချိန်လုံး တော်လှန်နေရတဲ့ တိုင်းပြည်ပဲ ဖြစ်နေတာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကတည်းက ပေါ့” လို့ ပန်းချီ သိုးထိန်းက ပြောပါတယ်။
S8it ပန်းချီပြပွဲမှာ ပန်းချီသိုးထိန်းရဲ့ တော်လှန်သောတိုင်းပြည်ပန်းချီကား တွေအပြင် အခြား ပန်းချီဆရာ ၇ ဦးရဲ့ မတူညီတဲ့ ခေတ်ပြိုင် အနုပညာဖန်တီးမှုတွေ၊ ခေတ်ပြိုင်ကို ထင်ဟပ်တင်ပြမှုတွေ ကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲမှာ ဓာတ်ပုံ၊ ပန်းချီကား ၄၀ ကျော် ပြသထားပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၁၀၀၀ အထိသတ်မှတ် ထားပါတယ်။ ။