Culture

ပြန်လည် အသက်ဝင်လာသော မောင်ဒီ ၏ ပန်းပုများ

မော်ဒန် ခေတ်ဦး ပန်းချီဆရာများဟာ အစိုးရရဲ့ တားမြစ် ပိတ်ပင် ဖိနှိပ်မှုများ ခံခဲ့ရတဲ့ အပြင် အများပြည်သူရဲ့ အားပေး မခံခဲ့ရပေမယ့် သူတို့ရဲ့ အနုပညာ ဖန်တီးမှု၊ ခံစားမှုတွေကို ယုံကြည်ခိုင်မြဲစွာ ဖက်တွယ်ရင်း ခရီးဆက် ဖြတ်သန်းခဲ့ကြ ရပါတယ်။

မော်ဒန်ပန်းချီဆရာ မောင်ဒီဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်များက သူဖန်တီးထားတဲ့ ပန်းချီကားကို “ဘာပုံတွေလဲကွာ၊ ဘာတွေ လျှောက်လုပ်နေတာလဲကွာ” လို့ အပြောခံခဲ့ရတာကို မကြားချင်ယောင် ဆောင်နေခဲ့ရပါတယ်။ ပရိသတ်က အားမပေးတာကို မောင်ဒီ ဘာမှ မတတ်နိုင်သလို မောင်ဒီ့ရင်ထဲက ဖန်တီးချင်တဲ့ အနုပညာ အတွေးစိတ်ကူးတွေ အကောင်အထည် ဖော်ဖို့ မောင်ဒီ မတတ်နိုင်ခဲ့တာတွေလည်း အများကြီးပါ။

အခုတော့ မောင်ဒီဟာ သူ့ရဲ့ MAUNG DI’S EAST VILLAGE SCULPTURE SERIES အနုပညာပြပွဲကို တက္ကသိုလ်ရိပ်သာ လမ်းမှာ ရှိတဲ့ အလှသစ် အနုပညာပြခန်းမှာ ပြသခဲ့ပါတယ်။ ဒီပြပွဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သူအကောင်အထည် မဖော်နိုင်ခဲ့တဲ့ သူ့ရဲ့ အနုပညာ အိုင်ဒီယာ အချို့ကို ပြန်လည် အသက်သွင်း တင်ပြထားတာ တွေ့ရပါတယ်။

မောင်ဒီရဲ့ အနုပညာပြပွဲမှာ Nude ၊ Black & White ဆိုတဲ့ပန်းချီကား ၂ ချပ်နဲ့ အိုဇုံးလွှာကို ဖောက်ထွက်ခြင်း (Passing Ozone) ၊ ဟင်းလင်းပြင်ပုံဆောင်ခဲ (space crystal)၊ အလင်းပုံဆောင်ခဲ (light crystal)၊ IN & OUT ၊ Space ၊ လူရွှင်တော်၏အပြုံး ၊ သစ်ရွက်၊ မောင်ဒီ၏ ပုံတူ စတဲ့ ပန်းပုလက်ရာ ၁၀ ခုကို ပြသထားပါတယ်။

ဟင်းလင်းပြင်ပုံဆောင်ခဲ (space crystal)၊ အလင်းပုံဆောင်ခဲ (light crystal) ပန်းပုလက်ရာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇ နှစ်လောက်က အနုပညာ စိတ်ကူးဖြစ်ပြီး အခုချိန်မှာမှ အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။ ရွှေ ၂ ကျပ်သားနဲ့ ပြုလုပ်ထားတဲ့ အလင်းပုံဆောင်ခဲ (light crystal) နဲ့ ပတ်သက်ပြီး မောင်ဒီက “ကျနော်က ရွှေနဲ့လုပ်ချင်ခဲ့တာ။ ဒါပေမယ့် ရွှေဖိုးက မရှိဘူးတော့ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒါ အခု သမီးဖြစ်သူက အဖေလုပ်ချင်တာကို လုပ်၊ ကုန်ကျတာကိုသမီးပေးမယ် ပြောလို့ လုပ်ဖြစ်သွားတာ၊ ဟိုးတုန်းက ဒီလက်ရာကို ကြိုက်ခဲ့တဲ့ ပန်းချီအောင်စိုးကြီးတောင် မရှိရှာတော့ဘူး” လို့ မောင်ဒီက ပြောပါတယ်။

၁၉၉၃ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ Passing Ozone ပန်းပုလက်ရာကတော့ တပေခွဲပတ်လည်လောက်ရှိတဲ့ ဖိုက်ဘာမှန်ချပ်ရဲ့ အလယ်မှာ အဝိုင်းပေါက်ကြီး ဖောက်ထားတာပါ။ ကွယ်လွန်သူအနုပညာရှင် ခင်ဝမ်းကြိုက်နှစ်သက်ခဲ့တဲ့ ပန်းပုလက်ရာ ဖြစ်တယ် လို့ မောင်ဒီက သတိတရနဲ့ ပြောပြတယ်။

၆ ပေ၊ ၃ ပေ အရွယ် ဖိုက်ဘာမှန်ချပ်ကြီးမှာ အပေါက်ကလေး ၉ ပေါက်ဖောက်ထားတဲ့ IN & OUT ပန်းပုလက်ရာနဲ့ ပတ်သက်လို့ မောင်ဒီက “ဟိုဘက်ခြမ်းက လူကလည်း အတွင်းထဲကလူ ဖြစ်နိုင်တယ်။ ဒီဘက်အခြမ်းက လူကလည်း အပြင်ကလူ ဖြစ်နိုင်တယ်။ ကိုယ်ကဘယ်ထဲမှာ နေသလဲ ဆိုတာ မသိနိုင်ကြဘူးလေ” လို့ ဆိုပါတယ်။

ပြခန်းရဲ့ ထောင့်တနေရာမှာ နံရံကို တဝက်သာ မှီထောင်ထားတဲ့ Space လို့ နာမည်ပေးထားတဲ့ စတီးပြားချပ်ကြီးနဲ့ ပတ်သက်ပြီး မောင်ဒီက “စိတ်ကူးပဲ။ ဒီစတီးပြားကြီး တချပ်ဝယ်ပြီးတော့ ဒီလို ပြချင်စိတ်ပေါက်တာနဲ့ ပြဖြစ်တာပဲ” လို့ ပြောပါတယ်။

ပြပွဲစီစဉ်ဖြစ်ပုံနဲ့ပတ်သက်ပြီး မောင်ဒီက “ကျနော့် မွေးနေ့အမှတ်တရ ပါ။ နောက်တခုက မြန်မာပန်းပုဆရာတွေ မြင်ကွင်း ကျယ်သွားဖို့၊ အတွေးအခေါ် လွတ်မြောက်ဖု့ိပါ။ ရိုဒင်လုပ်ထားတာမှ ပန်းပုဆိုတာချည်း မဟုတ်ဘဲ ဒီပြင် ပန်းပု အမျိုးအစားတွေ အများကြီးရှိသေးတယ်” လို့ ဆိုပါတယ်။

မောင်ဒီက သူ အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ အနုပညာအိုင်ဒီယာ အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း “စိတ်ကူးတွေ ရှိတာပေါ့။ အကောင်အထည် မဖော်နိုင်ဘူးလေ။ တချို့ဟာတွေ လက်လျှော့ လိုက်ရတယ်။ အခုဒီပွဲက လက်ရာတချို့ဆို နှစ်ပေါင်း ၃၀ ကျော်ပြီ။ အခုမှ အကောင်အထည်ဖော်နိုင်တယ်” လို့ ဆိုပါတယ်။

ပန်းချီမောင်ဒီရဲ့ ပန်းပုလက်ရာ တချို့ကို အင်စတော်လေးရှင်း အနုပညာ တင်ဆက်မှုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အဲဒီ အပေါ် ဆရာမောင်ဒီက “ကျနော်ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာပဲ၊ ကိုယ်ယုံကြည်ရာကို တင်ပြတာပဲ။ ငွေအတွက် မဟုတ်ဘူး၊ ကျော်ကြားဖို့အတွက် လည်း မဟုတ်ဘူး” လို့လည်း ဆိုပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီမောင်ဒီရဲ့ အရင် ဆယ်စုနှစ် သုံးခုလောက်က မဖန်တီးဖြစ်ခဲ့၊ မဖန်တီးနိုင်ခဲ့တဲ့ အနုပညာ တင်ပြမှု အတွေးစိတ်ကူးတွေကို ပြန်လည်း ဖန်တီး အသက်ဝင်လာတဲ့ သူ့ပန်းပုလက်ရာတွေကို အလှသစ်အနုပညာ ပြခန်းမှာ သြဂုတ် ၇ ကနေ ၉ ရက်နေ့ ပြသခဲ့ပါတယ်။

Loading