Culture

အင်းစိန်သား ပန်းချီဆရာတွေရဲ့ ၂၂ ကြိမ်မြောက် အနုပညာပြပွဲ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရဲ့ လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ တွေ့မြင်ရလေ့ ရှိတာက ဗယာကြော်သည်နဲ့ စာအုပ် အဟောင်း ရောင်းသူပါ။ ရန်ကုန်မြို့ပြ ပုံရိပ်ပါပဲ။ အဲဒီ ရန်ကုန်မြို့ပြ ပုံရိပ် အပြင် မြန်မာနိုင်ငံ တဝှမ်းက ထင်ရှားတဲ့ နေရာ ဒေသတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ရုုပ်ပုံတွေ၊ ပန်းတွေရဲ့ ပုံရိပ်တွေကို ပန်းချီကား အဖြစ်နဲ့ အင်းစိန်မြို့နယ် ပန်းချီဆရာတွေရဲ့ အနုပညာ ပြပွဲမှာ မြင်တွေ့နိုင်ပါတယ်။

ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးက မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) အနုပညာပြခန်းမှာ သြဂုတ် ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။
ဗယာကြော်သည်နဲ့ လမ်းဘေး စာအုပ်ဟောင်းရောင်းသူ ပန်းချီကားတွေကို ပန်းချီမိုးသူရက ရေးဆွဲပါတယ်။ အဲဒီ ပန်းချီကားတွေ ဖန်တီးဖြစ်ခဲ့တဲ့ အကြောင်း သူက အခုလို ပြောပါတယ်။

“ကျနော်က အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို ထင်ဟပ် ရေးဆွဲဖြစ်ပါတယ်။ ကျနော် နေ့စဉ်တွေရတဲ့ ဘဝဖြတ်သန်းမှု မြင်ကွင်းတွေ ပေါ့။ အကြော်သည်ကတော့ facebook မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကို ကျနော် ကြိုက်လို့ ရေးဖြစ်သွား တာပါ။ စာအုပ် အဟောင်းတန်းလေးတွေကတော့ ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေ ရှာနေကျလေ။ ပုံမှန် မြင်တွေ့နေကျ မြင်ကွင်းလေးဖြစ်လို့ သဘောကျလို့ရေးဆွဲဖြစ်တာပါ” လို့ ဆိုပါတယ်။

ပန်းချီ တြိဂံထွန်းနိုင်ကလည်း နေရောင်အောက်မှာ အစွမ်းကုန် လှပ ပွင့်လန်းနေတဲ့ တောရိုင်းပန်းလေးကို ရေးဆွဲထား ပါတယ်။ ရှမ်းပြည်တောင်ပိုင်းအသွား ကားလမ်းဘေးမှာ တွေ့ခဲ့ရတဲ့ တောရိုင်းပန်းလေး တပွင့်လို့ ဆိုပါတယ်။

“ဒီပန်းက သဘာဝအတိုင်း နေတို့၊ လေတို့ ထဲမှာ လွတ်လွတ်လပ်လပ် ပွင့်နေတာကို ခံစားပြီး ရေးဆွဲထားတာပါ။ ဒါကြောင့် ဒီပန်းချီကားကို ဘောင်တောင်မတပ်ထားဘူး” လို့ ပန်းချီ တြိဂံထွန်းနိုင်က ဆိုပါတယ်။

ပန်းချီဆရာ ညီထွန်းရဲ့ Nude ပန်းချီကားတွေကတော့ ရသတမျိုး ပေးစွမ်းနေပါတယ်။ ပန်းပုဆရာ တဦးလည်း ဖြစ်တဲ့ ပန်းချီ ညီထွန်းက ထုထည်ရဲ့ သဘောကို နှစ်သက်သူဖြစ်ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားအများစုကို မော်ဒယ်နဲ့ ရေးဆွဲထားတယ် လို့လည်း ဆိုပါတယ်။

အင်းစိန်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပန်းချီဆရာတွေ စုပေါင်းပြီး နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ပန်းချီပြပွဲဖြစ်ပြီး အခု ပြသတဲ့ ပြပွဲက ၂၂ ကြိမ်မြောက် ပြပွဲဖြစ်တာကြောင့် အနုပညာ စုစည်းညီညွတ် အစဉ်အလာကောင်း ရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ပြပွဲမှာ ပါဝင်တဲ့ ပန်းချီဆရာ ၁၆ ဦးဟာ မီဒီယံ အစုံ၊ အကြောင်းအရာစုံကို လွတ်လွတ်လပ်လပ် ရေးဆွဲဖန်တီးတင်ပြကြတာ တွေ့ရပြီး၊ ပန်းချီကားပေါင်း ၅၀ ကျော် ပြသထားပါတယ်။ တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၁၀၀ ကနေ ၁၂၀၀ အထိ သတ်မှတ် ထားတာ တွေ့ရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading