ပန်းချီ ဝင်းတင့်က သူ့ရဲ့ပန်းချီပွဲကို လာရောက်တဲ့ လူတွေကို အသစ်တွေပဲ ပြချင်တယ် လို့ ဆိုပါတယ်။ “ကျနော်ကတော့ တခါဖန်တီးပြီးသား လက်ရာတွေထက် အသစ်တွေပဲ ပြချင်တာ။ ကျနော့်ရဲ့ပန်းချီပြပွဲကို လာပြီး မထူးပါဘူး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ပရိသတ် အတွက် အသစ်တခုခု ပေးလိုက်ချင်တာ” လို့ ပန်းချီ ဝင်းတင့် က ဆိုပါတယ်။ ပန်းချီ ဝင်းတင့် ရဲ့ ဖန်တီးမှု အသစ်တွေကို ကြည့်ရှုရမယ့် Recent Works ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းမှာ စက်တင်ဘာ ၂ ရက် ကနေ ၁၁ ရက်နေ့ အထိ ပြသထားပါတယ်။
ဒီပွဲမှာ ပန်းချီ ဝင်းတင့်ရဲ့ အကြောင်းအရာ သစ်တွေ ဖြစ်တဲ့ ရန်ကုန်၊ အင်းလေးနဲ့ အင်းဝဒေသ မြင်ကွင်းတွေကို ၄ ပေ ၅ ပေ အရွယ် ပန်းချီကားကြီးတွေ အဖြစ် ဖန်တီးတင်ပြထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယခင်က စုတ်တံနဲ့ ရေးဆွဲခဲ့ ပေမယ့် ဒီပွဲမှာ သတင်းစာကို သုံးပြီး ဖန်တီးထားတာလည်း တွေ့ရပါတယ်။
“အရင်က ကျနော်ဟာ ပန်းချီရေးရင် စုတ်တံနဲ့ပဲ ရေးတာ။ ဒီပွဲမှာတော့ TECHNIQUE ပါတာ ပေါ့။ ဥပမာ… ရေလှိုင်းတွေ ဆိုရင် စုတ်တံနဲ့ ရေးတာ မဟုတ်ဘဲ သတင်းစာကို လိမ်ပြီး ဆေးသုတ်တယ်။ နောက် ရေလှိုင်းပုံစံဖိလိုက် တာပေါ့။ ကျန်တဲ့ အဆောက်အအုံ တွေမှာလည်း အဲဒီ TECHNIQUE နဲ့ ဖန်တီးထားတာတွေ ပါတယ်” လို့ ပန်းချီ ဝင်းတင့် က ဆိုပါတယ်။
ပြပွဲလာကြည့်သူ တဦးက “ဆရာ့ပွဲတွေဆို အမြဲ လာကြည့်ဖြစ်ပါတယ်။ သူက အရင်တုန်းက အရောင်သမား၊ အခုပွဲမှာ အရောင်နဲ့ TECHNIQUE ကို တွဲထားတာ တွေ့ရတယ်။ ပန်းချီကားတွေကို ကြည့်ရတာ အားရတယ်။ ကျေနပ်တယ်” လို့ ဆိုပါတယ်။
ပန်းချီ ဝင်းတင့်ဟာ မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာ အဖြစ်လည်း ထင်ရှားပြီး လက်ရှိမှာလည်း ရန်ကုန် ပန်းချီ ပန်းပု အထက်တန်းကျောင်းမှာ နည်းပြ အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ အုပ်စု ပန်းချီပြပွဲတွေမှာလည်း ပါဝင်ပြသနေသူတဦးလည်း ဖြစ်ပါတယ်။
အခုပြသတဲ့ သူ့ရဲ့ Recent Works ပန်းချီ ပြပွဲကတော့ သူ့ရဲ့ ၆ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲဖြစ်ပါတယ်။ ပြပွဲမှာ ၃ ပေ ၄ ပေ၊ ၄ ပေ ၅ ပေ အရွယ် ပန်းချီကား ၁၁ ကား ပြသထားပြီး ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ အထိ သတ်မှတ်ထားပါတယ်။ ။