စားသောက်စရာ ဆွမ်း၊ ကွမ်း၊ ဘောဇဉ် စုံလင်စွာ တို့အား ပန်းကန်ပေါ်၌ ညီညီညာညာ စီ၍ လူကြီး လူငယ် လူလတ် လူရွယ်မရွေး ကိုယ်စီ ကိုယ်စီ ဘုန်းတော်ကြီးကျောင်းသို့ လာနေကြသည်။
ထိုအခြင်းအရာကို နှစ်စဉ် တော်သတင်းလပြည့်နေ့ ရောက်တိုင်း မြင်တွေ့ရတတ်သည်။ ထိုသူများသည် သင်္ဘော ဆွမ်းတော်ကြီး တင်လှူပှုဇော်ပွဲအား လာရောက်နေခြင်းဖြစ်သည်။
သင်္ဘောဆွမ်းတော်ကြီး တင်ပွဲတော်သည် နှစ်စဉ် တော်သလင်းလပြည့်နေ့ရောက်တိုင်း မွန်လူမျိုးတို့ ကျင်းပသည့် ဘာသာရေးပွဲတော် ဓလေ့တခုဖြစ်သည်။
ဆွမ်းတော်တင်မည့် နေရာအား သဘောၤသဏ္ဍာန် ပြုလုပ်ထားပြီး ထိုသင်္ဘောပေါ်တွင် ဆွမ်း၊ ကွမ်း၊ တံခွန်၊ ကုက္ကား၊ပန်း၊နံံ့သာ၊ သစ်သီးဝလံ၊ ဆီမီး စသည့်တို့အား မနက် အာရုဏ်တက်ချိန်၌ လာရောက်၍ တင်လှူ ပူဇော် ကြခြင်းဖြစ်သည်။
ထိုဓလေ့သည် ဓမ္မစေတီမင်းလက်ထက်တွင် စတင် ပေါ်ပေါက်ခဲ့ပြီး ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရီလင်္ကာ) နိုင်ငံသို့ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် သီလ စင်ကြယ်သော မွန်သံဃာသော် (၄၄) ပါးအား ရာမဒူတ သင်္ဘောနှင့် စိတြဒူတ သင်္ဘော နှစ်စီးဖြင့် စေလွှတ်၍ ကလျာဏီသိမ်တွင် ရဟန်းအသစ် ထပ်မံ ခံယူ စေခဲ့သည်။
သာသနာတော် အမှုကိစ္စ ပြီးဆုံးပြီးနောက် အပြန်ခရီးတွင် သင်္ဘောနှစ်စီးအနက် ရာမဒူတ သင်္ဘောသည် ချောမွေ့စွာ ပြန်ရောက်ခဲ့ပြီး စိတြဒူတ သင်္ဘောမှာမူ လေပြင်းမုန်တိုင်းမိ၍ ဆိပ်ကမ်းသို့ မရောက်ရှိဘဲ ရှိနေခဲ့သည်။
စိတြဒူတ သင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ရဟန်း သံဃာတော်များ ဘေးအန္တရာယ် မကျရောက်စေရေးနှင့် ဆိပ်ကမ်းသို့ ချောမွေ့စွာ ပြန်လည် ရောက်ရှိလာနိုင်ရေးအတွက် ဓမ္မစေတီမင်းနှင့် တိုင်းသူပြည်သားများမှ ဝတ်ပြု ဆုတောင်းခဲ့ကြသည်။
ပျောက်ဆုံးနေသည့် စိတြဒူတ သင်္ဘောနဲ့အလားတူပုံစံပြုလုပ်၍ တော်တလင်းလပြည့် မနက် အာရုဏ်တက်ချိန်၌ လှူဖွယ် ဝတ္ထုများကို ကပ်လှူပူဇော်ပြီး မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ ထောင်ပေါင်းမကသော ဆွမ်း၊ ကွမ်း၊ ဘောဇဉ် အသွယ်သွယ် ဒါတဗ္ဗဝတ္ထု တို့ဖြင့် ဆွမ်းတော်ကြီးတင်လှူပူဇော်၍ သီလခံယူခြင်း၊ တရားနာယူခြင်း စသည့် ကုသိုလ် ကောင်းမှုများ ပြုလုပ်ကာ စိတြဒူတ သင်္ဘောဘေးကင်းစေရေး ဆုတောင်းခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခဲ့ပြီးနောက် တော်သလင်းလဆုတ် ၂ ရက်နေ့၌ စိတြဒူတ သင်္ဘောကြီး ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုကာလမှစ၍ နှစ်စဉ် တော်တလင်းလပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများ နေထိုင်သည့် မြို့ရွာများတွင် သဘောၤ ဆွမ်း တော်ကြီးတင်ပွဲအား နှစ်စဉ်နှစ်တိုင်း အစဉ်အဆက် ပြုလုပ်ခဲ့ကြသည်။
မနက် အာရုဏ်မတက်မီ ဆွမ်းတော်တင်ရန် ပြင်ဆင်ထားသည့် ပန်းကန်များ ကိုယ်စီကိုင်၍ ထိုပေါ်၌ ဖရောင်းတိုင် ထွန်းလျက် မှောင်ပျပျနှင့် အလင်းရောင်ကောင်းစွာ မရရှိသေးသည့် အရုဏ်ဦးတွင် လူတန်းကြီးမှာ သင်္ဘောဆွမ်းတော် တင်ရန် ဘုန်းကြီးကျောင်းများသို့ တရွေ့ရွေ့ လာနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အချို့သဒ္ဓါတရား ထက်သန်သူများမှာ လင်ဗန်းကြီးနှင့် အပြည့် စားသောက်ဖွယ်ရာများ ကပ်လှူရန် ပြင်ဆင်ထားတတ်ပြီး၊ အချို့မှာ ငှက်ပျောသီး၊အုန်းသီးများကို အခိုင်လိုက် သယ်ဆောင်၍ ကပ်လှူနိုင်ရန် ယူလာတတ်ကြသည်။
မြို့ပြနှင့် ကျေးရွာ အနေအထားကိုလိုက်၍ ဆောက်လုပ်သည့် သင်္ဘောအရွယ်အစား ဆက်ကပ်ပူဇော်သည့် ဝတ္ထုများ ကွဲပြားသော်လည်း ဤဓလေ့ကား အတူတူပင် ဖြစ်သည်။ ကျေးလက်ကျေးရွာများတွင် ငှက်ပျောသီး အခိုင်လိုက်၊ အုန်းသီး အခိုင်လိုက်၊ သစ်သီးကြီးငယ် အသွယ်သွယ်အား အလုံးလိုက် တင်လှူပူဇော်၍ ဆီမီး နံ့သာတိုင်များ ထွန်းညှိ ပူဇော် ကြသည်။
မြို့ပြ၌မူ နေရာအခက်အခဲ သစ်သီးဝလံများ ရရှိနိုင်မှု အနေအထားများကြောင့် စားဖွယ် သောက်ဖွယ်နှင့် သစ်သီး အမယ်စုံ တို့အား နည်းနည်းစီဖြင့် စုံလင်အောင် စုပေါင်းထည့်၍ တင်လှူပူဇော်ကြသည်။
သစ်သီးဝလံများ အလွယ်တကူ ဝယ်ယူလို့ မရနိုင်သည့် ကျေးလက် တောရွာများတွင် တအိမ်နှင့် တအိမ် မိမိတို့အိမ်၌ ရှိသည့် လှူဖွယ်များအား ဝေမျှတတ်ကြသည်။ တောတောင်များမှ ရှားရှားပါးပါး ရှာဖွေရရှိလာသည့် သစ်သီးဝလံများကို အိမ်နီးနားချင်းများအား ဆွမ်းတော်တင်ရန် မျှဝေတတ်ကြသည်။ စိုက်ခင်းတွင်းမှ အသီးအနှံ များကိုလည်း ဆွမ်းတော်ကြီး တင်ရန် အလို့ငှာ မျှဝေတတ်ကြသည်။
ထိုသို့ တင်လှူပူဇော်ထားသည့် စားသောက်ဖွယ်ရာများနှင့် သဘောၤကြီးအား မနက် ၆ နာရီ ၇ နာရီခန့်တွင် ဆိပ်ကမ်းမှ ထွက်ခွာသည့် သဏ္ဍာန်ပြု၍ ၊ သင်္ဘောထွက်ပြီဆိုတာနဲ့ သင်္ဘောပေါ်ရှိ စားသောက်ဖွယ်ရာများအား ကလေးငယ်များက ယူငင်စားသောက်ကြသည်။
ထိုသို့ စားဖွယ် သောက်ဖွယ်များကို အမျိုးအမည်စုံလင်စွာဖြင့် တင်လှူပူဇော်သည့် ဆွမ်းတော်ကြီးတင်ပွဲဖြစ်သည့် အတွက်ကြောင့်လည်း အချို့ဒေသများ၌ “ဆွမ်းတော်ကြီး တစ်ထောင် တင်လှူပွဲ” ဟူ၍ ကွဲလွဲစွာ ခေါ်ဝေါ်တတ်ကြ ပေသည်။
ထို့ပြင် ယခင်ရှေးလူကြီးများက သင်္ဘောထွက်မည့်အချိန်တွင် ရှိတတ်သည့် ရာသီဥတုအခြေအနေအား ကြည်ရှု၍ ရှေးဖြစ် နောက်ဖြစ် ဟောကြားကြသည်။ ဥပမာအားဖြင့် သင်္ဘောထွက်မည့်အချိန်၌ မိုးမရွာပါက ဆန်ရေစပါး ရှားပါးခြင်းဖြစ်မည်ဟု ဟောတတ်ကြသည်။
ရှေးယခင်၌ တော်တလင်းလပြည့် မတိုင်ခင် အဖိတ်နေ့ ကတည်းကပင် လူငယ်ကာလသားများ စုပေါင်း၍ နွားရုပ်၊ ကျွဲရုပ်၊ လူရုပ် တို့အား ဝါးဖြင့် ယက်လုပ်ပုံဖော်ကာ အိုးစည်၊ ဗုံမောင်းများဖြင့် အရပ်တကာ လှည့်လည် ကပြ ဖျော်ဖြေတတ်ကြလေ့ ရှိသော်လည်း ယခု၌မူ ထိုဓလေ့မှာ လွန်စွာတွေ့ရခဲသည့် ဓလေ့တခု ဖြစ်သွားခဲ့သည်။
ဒါ့အပြင် ရိုးရာထုံးတမ်းစဉ်လာဓလေ့တခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ နေ့လည်ဆွမ်းမတိုင်မီ ဘုန်းတော်ကြီး များအား ဆီနှင့် ပျားရည် ဆွမ်းလောင်းလှူသည့် ဓလေ့များကတော့ ကျေးရွာများ၌ ယခုထိတိုင် ပြုလုပ်နေဆဲဖြစ်သည်။