ဆာရီယယ်လစ်ဇင် (Surrealism) သည် ၁၉၂၀ ခုနှစ်များ အလယ်ပိုင်းတွင် စတင်ခဲ့သော လှုပ်ရှားမှု ဖြစ်သည်။ ထိုကာလက အနုပညာရှင် တချို့သည် မျက်စေ့ဖြင့် မြင်ရသည့် အရာဝတ္ထုတို့သည် အမြင်ပိုင်းသာ ဖြစ်ပြီး အစစ်အမှန် မဟုတ်၊ အစစ်အမှန်၏ သဘောကို ဘဝင်စိတ်ဖြင့်သာ ခံစားသိနိုင်သည် ဟု ယူဆကြသည်။ ယင်း ယူဆချက် အတိုင်း မျက်မြင်သဏ္ဌာန်ကို ပဓာန မထားဘဲ စိတ်စေတသိက်တွင် ထင်မြင်လာသည့် အတိုင်း ရေးသားပုံဖော်ပြကြသည်။ ထိုသို့ ဖန်တီးရေးဆွဲခြင်းကို ဆာရီယယ်လစ်ဇင် ဟု ခေါ်ကြသည်။ ဆူရီယယ်လစ်ဇင်း ဟုလည်း ခေါ်သည်။ တနည်းအားဖြင့် ရုပ်လွန်အမြင် ဟုလည်း ဆိုနိုင်သည်။
ဆာရီယယ်လစ်ဇင် သမားများသည် ရုတ်တရက် အံ့အားသင့်ဖွယ်ရာ အနုပညာပစ္စည်းများကို ဖော်ထုတ် ပြသခြင်း၊ မျှော်လင့်မထားသော အရာများကို အကြောင်းပြချက် မည်မည်ရရ မရှိဘဲ ဘေးချင်းယှဉ်၍ ချထားခြင်းမျိုး တင်ပြကြသည်။ အတွေးအခေါ်ဆိုင်ရာ လှုပ်ရှားမှု အနေနှင့် ရှုမြင်ကြပြီး၊ ဆာရီယယ်လစ်ဇင်သည် တော်လှန်သော အနုပညာလှုပ်ရှားမှုများ အားလုံး၏ အထက်တွင် ရှိသည် ဟုလည်း ဆိုသည်။ ဆာရီယယ်လစ်ဇင်သည် ပါရီတွင် အခြေတည် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ၁၉၂၀ နှစ်များမှ စ၍ ကမ္ဘာတဝှမ်း ပျံ့နှံ့သွားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ဆာရီယယ်လစ်ဇင်သမား အနုပညာရှင်များ ရှိပါသည်။ ထူးခြားသည်က အနောက်တိုင်း အတွေးအခေါ် ရှုထောင့်တွေကနေ ထွက်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ အရှေ့တိုင်း ယဉ်ကျေးမှု၊ အရှေ့တိုင်း ဒဿန အတွေးအခေါ်ကို အခြေခံသည့် တင်ပြမှုများ ဖြစ်သည်ကို တွေ့ရသည်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများ အထိ ထင်ရှားသူမှာ ပန်းချီစံမင်းသည် နိုင်ငံရေးကွန်ဆက်ကို အခြေပြုဖန်တီးမှုများ ရှိခဲ့သည်။ ကဗျာဆရာ၊ ပန်းချီဆရာ ထွန်းဝေမြင့်သည် လူသားဖြစ်တည်မှုနှင့် ဆက်နွှယ်သည့် ကွန်ဆက်ကို အခြေပြု တင်ပြသည်။ ပန်းချီဆရာမ စန္ဒီက Feminism နှင့် ဆက်နွှယ်သည့် ကွန်ဆက်ကို အခြေပြု တင်ပြသည်။ ပန်းချီဘရန်လီ၏ အစောပိုင်း လက်ရာများသည် Surreal Mood ပါသည့် ပန်းချီကားများ ဖြစ်သည်။ အခြား ပန်းချီဆရာ အများအပြား ရှိပါသေးသည်။
လူငယ် ပန်းချီဆရာ ရဲမင်း သည်လည်း ဆာရီယယ်လစ်ဇင် ဖန်တီးတင်ပြမှုကို နှစ်သက်သူ လူငယ်တဦး ဖြစ်ပြီးသူ၏ “စိတ်ရင်လှိုင်းများ” (Waves in Minds) ဟု အမည်ပေးထားသည့် ပန်းချီပြပွဲကို နဝဒေးသာလာ ပြခန်းတွင် စက်တင်ဘာ ၂၃ က ၃၀ ရက်နေ့ အထိ ပြသသွားမည် ဖြစ်သည်။ သူ၏ ဘ၀ အတွေးအမြင်၊ ဖန်တီးမှု အတွေးစိတ်ကူးများနှင့် ပတ်သက်၍ မေးမြန်းတင်ပြထားပါသည်။
ဆာရီယယ်လစ်ဇင်ကို နှစ်သက်တဲ့ အကြောင်း ပြောပါဦး။
“ဘာကြောင့် ဆာရီယယ်လစ်ဇင်ကို နှစ်သက်တာလဲ ဆိုတော့ ဖြစ်နိုင်တာထက် ပိုဖြစ်နိုင်စေလို့၊ မြင်နိုင်တာထက် ပိုမြင်ရစေလို့ လို့ ပြောရမှာပါ။ ကျနော်က အများကြီး လုပ်ပြ တင်ပြချင်တယ်လေ။ အဲဒီမှာ ဒီ ism က ကျနော် လိုလားတာ ပြည့်စုံစေသလို ကြည့်သူ အတွက်လည်း ရစေနိုင်မယ်လို့လည်း ယူဆတဲ့ အတွက်ကြောင့်ပါ”
ပြပွဲ စီစဉ် ဖြစ်ပုံလည်း ပြောပါဦး။
“ကျနော်ရဲ့ ဒုတိယ solo လုပ်ချင်နေတာကြာပြီ၊ ၂၀၁၃ ကတည်းကပဲ။ ကျနော် တည်ထားတာ။ ဒါပေမယ့် မဖြစ်ခဲ့ဘူး၊ အခြေအနေ အမျိုးမျိုးကြောင့် ပျက်သွားတယ်။ မနှစ်ကမှ နဝဒေးသာလာ ပြခန်းပိုင်ရှင် ကိုပြည့်က တွန်းအားပေး အကူအညီပေးတာနဲ့ လုပ်ဖြစ်သွားတာ။ စိတ်ထဲမှာလည်း စိတ်မှာ ဖြစ်နေတတ်တဲ့ ဖန်းတီးတင်ပြမှုကို ဆာရီယယ် ဆန်ဆန် ရေးချင်နေတာလည်း ပါတာပေါ့။ အခု ပြပွဲမှာ ၄ ပေ ၃ ပေ ကား ၁၆ ကား ပါဝင်မှာပါ။ အခုထိတော့ ဆက်ရေးချင်နေတုန်းပဲ၊ နောက်ထပ် တပွဲစာလောက် ဖြစ်နိုင်မယ် ထင်တယ်။ အခြေအနေပေးရင်ပေါ့။ ပန်းချီ အပြင် တခြား စိတ်ဝင်စားတာက အချစ်ရေး ဖြစ်မယ်ဗျ (ရယ်လျက်)။ တခါတလေတော့ ပန်းပုလေးတွေ ဖန်တီးတာရှိတယ်။ သွပ်၊ သံ၊ ကြေး တခုခုပေါ့…၊ ၃ လ ၁ ခုလောက် လုပ်ဖြစ်တယ်”
ပန်းချီဆရာ တချို့က သူတို့ကိုယ် သူတို့ Artist လို့ ဆိုပြီး ပြောကြတာ ရှိတယ်။ ပန်းချီဆရာ နဲ့ Artist ဘယ်လိုကွာတယ် လို့ ထင်ပါသလဲ၊ ကိုရဲမင်း အယူအဆကို ပြောပြပါဦး။
“ကျနော် ကတော့ ၂ ခုစလုံးပဲ၊ ယှဉ်တွဲနေတယ်၊ စိတ်နဲ့ရုပ်လို့ မြင်တယ်၊ အတတ်ပညာနဲ့အနုပညာလို ပေါ့။ Artist က ပိုတွေးတယ် ပန်းချီဆရာက ပိုရေးတယ်။
အတတ်ပညာက သင်ယူနိုင်တယ်၊ အနုပညာက ခံစားသိမြင်နိုင်တဲ့ ပါရမီ လို့ ပြောချင်တယ်၊ နှစ်ခု ပေါင်းပေးနိုင်မှလည်း အင်အား ပိုရှိလိမ့်မယ်။ အနုပညာက စိတ်၊ အတတ်ပညာက ရုပ် လိုပေါ့။ စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ပေါ့၊ ကြိုက်သလောက် ခံစားတွေးတော၊ လိုက်လုပ်နိုင်ဖို့လည်း လိုတယ် လေ”ကိုယ့်ကိုယ်ကိုရော ဘယ်လို သတ်မှတ်မလဲ၊ ပန်းချီဆရာလား၊ Artist လား
“ကိုယ့်ကိုကိုယ်တော့ ငါ ဘာဆိုပြီး မသက်မှတ်တတ်ဘူး၊ ဘာလုပ်နိုင်တယ် ဆိုတာကိုတာ့ အချိန်တခုက ပြောပြလာလိမ့်မယ်”
ပန်းချီဆု ရခဲ့တဲ့ အကြောင်းလည်း ပြောပါဦး
“ဟုတ်ကဲ့…၊ ၂၀၀၈ ခုနှစ်က River ကလုပ်တဲ့ ပြိုင်ပွဲမှာပါ။ တခြားတော့ မပြိုင်ဖူးပါဘူး။ ကျနော် ပန်းချီ ကို တစိုက်မတ်မတ် စရေးတာက ၂၀၀၇ ခုနှစ်ပေါ့။ ဟောင်ကောင်မှာ လုပ်မယ့်ပွဲကို River မှာ အရင်လုပ်တာ။ Final ၃၂ ကားထဲမှာပါဝင်ခဲ့ပြီး Highly Commended နဲ့ ရောင်းခဲ့ရပါတယ်။ ဒေါ်လာ ၁၅၀၀ ရတယ်။ ပန်းချီနဲ့ ပတ်သက်ပြီး ပထမဆုံး ရတာပေါ့”
လေးစား အားကျတဲ့ ပြည်တွင်း / ပြည်ပ အနုပညာရှင်တွေကိုလည်း ပြောပြပါဦး
“ဒါလီ၊ အက်ဒ်ဝပ်မန့်ချ်၊ ဖရန်စစ်ဘေကွန်၊ မြန်မာမှာတော့ ဦးကောင်းစံ၊ ဦးဝင်းတင့်၊ WPM၊ ဦးစံမင်း၊ ဦးမြက်ကျော့ တော်တော်များပါတယ်၊ အားလုံးကို တမျိုးစီ အားကျတာပါပဲ”
artwork တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပါသလဲ…၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ဘယ်လို ဆိုတာ ပြောပြပါဦး။
“Artwork တခု ဖန်တီးဖို့ အကြောင်းအရာ တခုခုကို feel ဖြစ် (ခံစားဖြစ်) သွားရင်ပေါ့၊ ကြိုတင်အကွက်ချ စီစဉ်တာမျိုး မဟုတ်ဘဲ၊ စိတ်ထဲကနေ သက်ရှိသက်မဲ့ မရွေး ခံစားပစ်လိုက်တယ်၊ သက်ရှိတွေက အကြောင်း မဟုတ်ပေမယ့် သက်မဲ့တွေကို edit လုပ်တဲ့အခါ surrealism ဘက် ရောက်လာတာပဲ။ ဥပမာပေါ့ Surrealism က ကျနော့် စိတ်နဲ့ ပိုကိုက်တယ်၊ ကျနော် တရားထိုင်တယ်၊ တနေ့၃ ချိန်လောက် ပေါ့။ ငြိမ်းအေးမှု ရလာလေလေ၊ အမှား ကင်းလာ လေလေ ပေါ့။ ရုပ်ပိုင်းဆိုင်ရာ အတွက်တော့ ဂျင်ဆော့တယ်၊ အညောင်း ထိုင်ဖြစ်နေလို့ပါ။ စာဖတ်တာထက် တရားများများ နာဖြစ်တယ်၊ ပန်းချီ ရေးနေချိန်မှာလည်း ဖွင့်ထားတယ်၊ အတွေးနဲ့ အသိတွေ အစွန်းမရောက်စေချင်လို့ပါ၊ ကျနော့် ပန်းချီကား အတော်များများမှာ၊ ဓမ္မနဲ့အဓမ္မ ထင်ဟပ်စေတယ်၊ ဘဝရဲ့ စိတ်ကုန်စရာ ငြီးငွေ့စရာတွေ အတော်များတယ်”
ပန်းချီရဲမင်းက သူ၏ “စိတ်ရင်လှိုင်းများ” (Waves in Minds) ပြပွဲနှင့် ပတ်သက်ပြီး- “စိတ်! စိတ်တွေအကြောင်း ပြောပြချင်တယ်။ (သူ့) စိတ်တွေက ပုံသဏ္ဌာန်တွေနဲ့ ဖွဲ့စည်းထားတယ်၊ ပန်းချီရေးဆွဲသူ ဆိုတော့ ရုပ်ပုံတွေနဲ့ပဲ မိအောင် ဖမ်းရတာပေါ့။ တခါတလေ စိတ်တွေက သိပ်မာကျောတယ်၊ ပျော့ညံ့တယ်၊ ပေါ့ပေါ့ပါးပါး ရှိသလို လေးလံလည်း နေတတ်တယ်၊ လွတ်လပ်ငြိမ်းနေတဲ့ စိတ်ကလေးပျောက်သွားမှာ စိုးလို့ ချုပ်ကိုင်ထားတတ်ပြန်ရော…” ဟု ဖော်ပြထား သည်။ ယင်းသည် ပန်းချီရဲမင်း၏ လူသား ဖြစ်တည်မှု၊ စိတ်နဲ့ ရုပ်တို့၏ သဘောသဘာဝကို အနုပညာ အဖြစ် ဖန်တီး တင်ပြခြင်း ဖြစ်သည်။
သူ့ရဲ့ ပန်းချီရေးဆွဲတင်ပြမှုကို Artist အေးကိုက “ရဲမင်းရဲ့ ပန်းချီကားတွေက ခေတ်ပြိုင်အနုပညာ (Contemporary Art) တင်ပြမှု ဖြစ်တယ်၊ ဆာရီယယ်ကို ပုံစံတမျိုးနဲ့ ခွဲထွက်ပြီး လူမှုဘ၀ ခံစားမှုတွေကို ထင်ဟပ်တင်ပြတယ်” ဟု သုံးသပ်သည်။
ပန်းချီရဲမင်း ကို ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့တွင် မွေးဖွားပါသည်။ သူသည် ငယ်စဉ်ကတည်းကပင် ပန်းချီဆရာ တဦး ဖြစ်ချင်ခဲ့သူ ဖြစ်ပြီး ပန်းချီချမ်းမြေ့မင်းထံမှာ ပန်းချီရေးဆွဲမှု သီအိုရီတွေ သင်ယူခဲ့သည်။ အစောပိုင်း သူ၏ လက်ရာများက Realism အခြေပြု ရေးဆွဲဖန်တီးမှုများနှင့် နိုင်ငံရေး ကွန်းဆက် အခြေပြု ရေးဆွဲဖန်တီးမှု ဖြစ်ပြီး နောက်ပိုင်း တွင် ဆာရီယယ်လစ်ဇင် ဖန်တီးတင်ပြများသို့ တဖြည်းဖြည်းပြောင်းလဲခြင်း ဖြစ်သည်။