အရင်ခေတ် စစ်အုပ်ချုပ်ရေးကာလက “နိုင်ငံရေးတွေ မပါနဲ့၊ နိုင်ငံရေးတွေ မပါနဲ့” ဆိုတဲ့ စကားလုံးဟာ ပြည်သူတွေရဲ့ လက်သုံးစကား ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကြောင်း ပြောခွင့် ရေးခွင့် ဖန်တီးခွင့် မရှိခဲ့ပါ။ သို့ပေမယ့် ယနေ့ခေတ်မှာတော့ Concept အခြေပြု Artist တွေဟာ နိုင်ငံရေးနဲ့ နွယ်ဆက် ထင်ဟပ်တင်ပြတဲ့ ပန်းချီ လက်ရာများ ဖန်တီးတင်ပြလာကြတာ တွေ့ရပါတယ်။ အဲဒီလို ဖန်တီးတင်ပြ နိုင်ခွင့်ရတာကိုက ဒီမိုကရေစီ လေပြေလေညင်းကို ရှူရှိုက်ခွင့် ရခြင်းပဲ ဖြစ်ပါတယ်။
ခေတ်ပြိုင် နိုင်ငံရေး ပုံရိပ်တွေ ထင်ဟပ်တင်ပြတဲ့ ပန်းချီဆရာထဲမှာ ပန်းချီ သန်းကျော်ဌေးလည်း တဦးအပါအဝင်လို့ ဆိုရမှာပါ။ အောက်တိုဘာ ၇ ကနေ ၁၅ ရက်နေ့ အထိ River ပြခန်းမှာ ပြုလုပ်မယ့် သူ့ရဲ့ Silent Move လို့ အမည် ပေးထားတဲ့ ၇ ကြိမ်မြောက် တကိုယ်တော် အနုပညာ ပြပွဲမှာ လက်ရှိ မြန်မာနိုင်ငံမှာရော ကမ္ဘာ့နိုင်ငံများမှာပါ ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်းနေထိုင် ရှင်သန်ရမှုတွေ အကြောင်း ဖန်တီးတင်ပြထားတာ တွေ့ရပါတယ်။
၁၉၇၈ ခုနှစ် ဖွား၊ ရခိုင်ပြည်နယ် စစ်တွေဇာတိသား ပန်းချီသန်းကျော်ဌေးဟာ ၁၉၉၇ ကနေ ၂၀၀၀ ပြည့်နှစ် အထိ ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့ပြီးနောက် New Treasure ပြခန်း အဖွဲ့ဝင်ပန်းချီဆရာ တဦးဖြစ်လာပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ Colour Composition အမည်နဲ့ ရှုခင်းပုံ အပါအဝင် အကြောင်းအရာ အမျိုးမျိုးပါတဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒုတိယ တကိုယ်တော် Lady in Colours ပြပွဲကို ၂၀၀၆ ခုနှစ်မှာ အဇာဋာ ပြခန်း၊ တတိယ တကိုယ်တော်ပြပွဲ The Vital ကို ၂၀၁၁ ခုနှစ်မှာ ပန်းချီပန်းပု ကျောင်းဟောင်း ပြခန်း၊ စတုတ္ထ တကိုယ်တော် ပန်းချီပြပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှာ Silent Sweat အမည်နဲ့ River အနုပညာ ပြခန်း၊ ပဉ္စမ အကြိမ် တကိုယ်တော် ပြပွဲကို ၂၀၁၅ ခုနှစ် ပြင်သစ်နိုင်ငံ၊ Avignon မြို့ပြခန်းနဲ့ ဆဋ္ဌမ တကိုယ်တော ပြပွဲ Silent Sweat 2016 ကို ချင်းမိုင် သုဝဏ္ဏဘူမိ ပြခန်းမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အရေး၊ အနုပညာအရေး စတာတွေနဲ့ ဆက်စပ်ပြီး ရခိုင်တိုင်းရင်းသား ပန်းချီဆရာ သန်းကျော်ဌေးကို ဧရာဝတီ သတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ Silent နဲ့ ပတ်သက်ပြီး ပြပွဲတွေ လုပ်လာတာ တွေ့ရတယ်…၊ အခုလည်း silent moves ဆိုပြီးတွေ့ရတယ်…၊ silent နဲ့ ခင်ဗျား အနုပညာဖန်တီးမှု အဆက်အစပ်က ဘာဖြစ်မလဲ..၊ အဲဒီ အကြောင်းနဲ့ ကျနော်တို့ စကားဝိုင်းကို စကြရအောင်ပါ။
ဖြေ။ ။ Silent နဲ့ ပတ်သက်ပြီးလုပ်ဖြစ်တာကခင်ဗျားသိတဲ့အတိုင်းပဲ ၂၀၁၄ မှာ “Silent Sweat” ပြပွဲက စတာပေါ့၊ အဲလို နာမည်ပေး ဖြစ်တာက ကျနော်တို့ရဲ့ တချို့ကိစ္စရပ်တွေက လူသူ မသိလိုက်တာတွေရ ှိတယ်၊ သတိမပြုမိတာတွေ ရှိတယ်၊ သို့တည်း မဟုတ် တမင် မသိချင်ယောင်ဆောင်တာတွေ ရှိမယ်ပေါ့။ အဲဒါကို သိစေချင်တာကြောင့်ပါ။ ပြီးတော့ ပန်းချီ အနုပညာကိုယ်၌က တိတ်ဆိတ်မှုတဲ့။ အနုပညာတခုပဲလေ၊ စကားလုံးတွေ မပါဘူး၊ အရောင်တွေ အရုပ်တွေပဲ လေ။ ဒီပွဲကို “Silent Moves” လို့ပေးဖြစ်တာက ဆရာအောင်မင်းက ကျနော့် ပန်းချီကားတွေကို ကြည့်ပြီး သူပေးတဲ့နာမည်၊ သူခံစားရတဲ့ နာမည်ကို သဘောကျလို့ ပေးဖြစ်တာပါ။ ကျနော်ဘာသာ ပေးထားတာ တခု သပ်သပ်ပါ။
မေး။ ။ အခု ပြပွဲက ခေတ်ပြိုင်နိုင်ငံရေး ပုံရိပ်တွေနဲ့ ဆက်စပ်နေလားဗျ။
ဖြေ။ ။ ဒီပန်းချီကားတွဲတွေကို ရေးဖြစ်ခဲ့တာကြာပါပြီ၊ ၂၀၁၆ ခု နှစ်ကုန်ပိုင်းလောက်က စရေးဖြစ်တာပါ။ Idea အစက တော့ ရုပ်ရှင်တကား ကြည့်နေရာက စတာပါပဲ၊ အဲဒီက တဆင့် ကိုယ့်ရဲ့လက်ရှိ အခြေအနေတွေ၊ ခံစားမှုတွေ ဝင်ရောက် လာတာနဲ့ ပေါင်းစပ်လိုက်တော့ ဒီလိုပန်းချီကားတွေ ဖြစ်သွားတယ်။ ကျနော်က ရန်ကုန်ကို ပြောင်းလာတာ အနှစ် ၂၀ ရှိပြီ။ ကျနော့်လိုပဲ တခြားလူတွေဟာ ကိုယ့်မွေးရပ်ကို စွန့်ပြီး တခြားနေရာမှာ သွားရောက် နေထိုင်ပြီး ရုန်းကန်နေရတာတွေ အများကြီးပဲ။ ပြီးတော့ ဒီလို အုပ်စုလိုက်ဖြစ်ဖြစ်၊ တယောက်တည်းပဲ ဖြစ်ဖြစ်၊ မိသားစုလိုက်ပဲ ဖြစ်ဖြစ် ပြောင်းရွှေ့ အခြေချ နေကြတာဟာ နေရာအနံှ့မှာ ဒေသအနှံ့မှာ ရှိနေကြတာပါပဲ။ ရှိခဲ့ကြတာပါပဲ၊ နောက်လည်း ရှိနေလိမ့်အုံးမှာပဲ မဟုတ်လား။
မေး။ ။ ခင်ဗျားရဲ့ ဇာတိက ရခိုင်ပြည်နယ် စစ်တွေ၊ ရခိုင်လူမျိုး တဦး။ ဆိုတော့… လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး.. ဘယ်လို ခံစားရလဲ..၊ ဘာတွေ ဖြစ်စေချင်ပါသလဲ။
ဖြေ။ ။ လက်ရှိ ရခိုင်အရေးကတော့ အားလုံးသိတဲ့ အတိုင်းပဲလေ၊ ရခိုင်လူမျိုး တမျိုးတည်းရဲ့ ပြဿနာ မဟုတ်ဘူး၊ ပြည်ထောင်စု ပြဿနာ၊ တရားဥပဒေစိုးမိုးရေး ပြဿနာ၊ မြန်မာ့အမျိုးသားသမိုင်းကို စော်ကားတဲ့ ပြဿနာ၊ ပထဝီနိုင်ငံရေး ပြဿနာ၊ အဲလိုမျိုး အကြီးကြီးပဲလေ၊ ကျနော်တို့က ဘာတတ်နိုင်မှာလဲ၊ ဘာမှ လုပ်မရဘူး၊ အစိုးရနဲ့ စစ်တပ်တို့ အဓိက လုပ်ရမှာလေ၊ စိတ်မကောင်းစရာတွေကို မြင်ရ ကြားရတာ မခံစားနိုင်ဘူး၊ အဲဒီက လူတွေအားလုံး အတွက် စိတ်မကောင်း ဖြစ်ရတယ်၊ တကယ် ဖြစ်စေချင်တာက တာဝန်ရှိသူတွေ အနေနဲ့ ဘာပဲလုပ်လုပ်ပါ …၊ စေတနာနဲ့ ယှဉ်တဲ့ ဆုံးဖြတ်ချက်မျိုး လုပ်ဆောင်ချက်မျိုး လုပ်နိုင်ကြစေချင်တယ်။ အားလုံးအတွက်ပါ။
မေး။ ။ နိုင်ငံတကာ အတွေ့အကြုံ ရှိသူ artist တဦး ဆိုတော့… နိုင်ငံတကာ နဲ့ ကျနော်တို့ ဘာတွေ ကွာတယ် လို့ ထင်လဲ။
ဖြေ။ ။ ကျနော်က နိုင်ငံတကာ အတွေ့အကြုံ မရှိပါဘူးဗျာ၊ ဒါပေမယ့် ကိုယ့်ပုဂ္ဂလိက အမြင်ပြောရမယ် ဆိုရင် မြန်မာတွေ ပန်းချီလက်ရာမှာ မညံ့ပါဘူး။ ရေးနိုင်ကြပါတယ်။ တွေးလည်းတွေး နိုင်တဲ့ လူတွေအများကြီးပါ။ တခုပဲ ကျနော် မြင်တယ် ပြင်သစ်ရောက်တုန်းက ပါရီက ပြတိုက်တခုမှာ တွေ့ခဲ့တာလေး သတိရမိလို့ပါ။ ရိုဒင် ပန်းပု ပြတိုက်မှာလေ၊ မူကြိုအရွယ် ကလေးတွေ အယောက် ၂၀ လောက်ကို ပြတိုက်ထဲ တပျော်တပါးခေါ်လာပြီး ပြတာတွေ့တယ်၊ ဒီတော့ ကျနော်တို့ဆီမှာ ဒီလိုမျိုးတွေ လုပ်ရင် ပိုပြီး ကောင်းစရာရှိတယ် ပေါ့။ ပြီးတော့ မြန်မာပန်းချီဆရာတွေ အရင်ထက် ပိုပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုမယ် ထင်ပါတယ်။
မေး။ ။ တချို့က အနုုပညာ ဖန်တီးရာမှာ ကွန်းဆက် (Concept) တွေ ထည့်သွင်းဖန်တီးတာမျိုးကို မနှစ်သက်ဘူး လို့ ပြောတာတွေ ရှိတယ်၊ နောက်ပြီး ကိုယ့်စိတ်ကြိုက်ထက် ကြည့်သူ… ဒါမှမဟုတ် ဝယ်မယ့်သူ အတွက်လည်း ထည့်သွင်း စဉ်းစားရမယ် လို့ ပြောတာတွေ ရှိတယ်။ အဲဒီ အပေါ် ကိုသန်းကျော်ဌေး ဘယ်လို မြင်လဲ။
ဖြေ။ ။ ဒါကတော့ ကိုယ့်အကြိုက် သူ့အကြိုက်မတူနိုင်ဘူးလေ၊ ကွန်းဆက်ကြိုက်သူက ကွန်းဆက်ပါမှ ကြိုက်မှာ ဖြစ်သလို၊ မကြိုက်တဲ့ သူကလည်း မကြိုက်လို့ ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖန်တီး ဖန်တီး ကိုယ်၌က ကြိုက်နေ ကျေနပ် နေရမှာကတော့ အသေအချာပဲလေဗျာ၊ ဝယ်သူတွေနဲ့ အလုပ်ဖြစ်ချင်တဲ့ သူက ဝယ်သူ့အကြိုက် ရေးတာ မဆန်းပါဘူး၊ သူ့ရွေးချယ်မှုပါ၊ သူ့ယုံကြည်ရာပါ၊ ဆရာဝင်းဖေမြင့်ပြောသလိုပြောရရင် “အချိန်တံမြက်စည်းနဲ့ လှဲတဲ့အခါ အမှိုက်အဖြစ် ပါမသွားအောင်တော့ အနည်းဆုံး ကြိုးစားသင့်တယ်” လို့ ထင်တယ်။
မေး။ ။ ကိုသန်းကျော်ဌေး ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ အကြောင်း ပြောပါဦး။ပန်းချီကားတွေ ဆက်ရေးရမှာပေါ့ ဗျာ၊ ပြီးတော့ ကိုယ့်ကို ဘာတွေက ဘယ်လိုစေ့ဆော်မလဲ ဆိုတာ စောင့်ရမှာပေါ့၊ ပြီးတော့ အဲဒါကိုဘယ် Medium နဲ့ အနုပညာ ဖန်တီးမလဲ ကြည့်ရမှာပေါ့။ ဖြည့်စွက်ပြောရရင်တော့ ပန်းချီပြပွဲကို အားရင် လာကြည့်ကြပါ… လို့။ ကျေးဇူးပါ။ ။