Culture

မြန်မာမှုဓလေ့ကို ဖန်တီးတင်ပြထားတဲ့ နေထွန်းရဲ့ပန်းချီပြပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဓလေ့ကို ခံစားချင်ရင် ပန်းချီနေထွန်းရဲ့ပန်းချီကားတွေကို ကြည့်ပါ။ မြန်မာတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်တယ်၊ ဘုရားကျောင်းကန် သွားတယ်၊ မိခင်မေတ္တာကို ဦးထိပ်ထားတယ်၊ ပွဲလမ်းသဘင်ခုံမင်တယ်…၊ ဒါတွေဟာ မြန်မာ့ဓလေ့စရိုက်ပါ။မြန်မာ့ဓလေ့ကို ခံစားချင်ရင် ပန်းချီနေထွန်းရဲ့ပန်းချီကားတွေကို ကြည့်ပါ။

ပန်းချီနေထွန်းက ဒီလို ချစ်စရာ ဓလေ့တွေကို အခြေပြုပြီး သူ့ရဲ့ မော်ဒန် ပန်းချီ ရေးဆွဲတင်ပြဟန်နဲ့ ပန်းချီကားတွေကို ဖန်တီးပါတယ်။ Motif (အပြောက်အမွန်း အဆင်တန်ဆာ) လို့နာမည်ပေးထားတဲ့ သူ့ရဲ့ ပန်းချီပြပွဲမှာ ဒီအရသာတွေကို ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ပန်းချီနေထွန်းဟာ ၁၉၇၆ ခုနှစ် ပန်းချီပန်းပုကျောင်းဆင်း တယောက်ဖြစ်ပြီး လောကနတ် အနုပညာဆိုင်ရာပြခန်းရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။ မြန်မာမှု ပန်းချီကားတွေကို အရေးများပြီးအုပ်စုပွဲပေါင်း ၁၀၀ ကျော်နဲ့ တကိုယ်တော် ပန်းချီပြပွဲ ၆ ကြိမ်ပြုလုပ် ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာမှု ပန်းချီကားတွေ ဖန်တီးဖြစ်ပုံနဲ့ပတ်သက်လို့ ပန်းချီနေထွန်းက “ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးခင်မောင်(ဘဏ်)၊ ဗဂျီအောင်စိုး၊ ဦးအောင်ခင်၊ ရာဟုလာတို့ရဲ့ အဆိုအမိန့် တွေကို ကျနော် တအား သဘောကျတယ် ဗျ။ ‘ဘယ်ရေးနည်းနဲ့ပဲ ရေးရေး ကြည့်လိုက်ရင် မြန်မာပန်းချီ ဆိုတာကို သိစေချင်တယ်’ တဲ့။ ကျနော်ကလည်း မြန်မာမှုကို ချစ်တော့ ဒီပန်းချီကား တွေကို တောက်လျှောက်ဖန်တီး ဖြစ်ခဲ့တာပါ” လို့  ပြောပါတယ်။

ပန်းချီနေထွန်းရဲ့ ပန်းချီကားတွေမှာ ဘုန်းကြီးတွေ ဆွမ်းခံကြွ နေကြပါတယ်။ ပုဂံက မြင်းလှည်းလေး ပြေးနေပါတယ်။ လယ်သူမလေးတွေ ကောက်စိုက်နေသလို ဖေဇော်ဂျီ ကလည်း ဇော်က ကလို့ နေပါတယ်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး မင်းကွန်းခေါင်းကြီးနဲ့ ပုထိုးတော်ကြီးကလည်း ခန့်ငြားတည်ငြိမ်လို့နေပါတယ်။ ပန်းချီနေထွန်းက သူ့ပန်းချီတွေကို ကြည့်လိုက်တာနဲ့ မြန်မာ ပန်းချီမှန်းသိအောင် ကြိုးစားဖန်တီးထားပါတယ်။

ပန်းချီနေထွန်းရဲ့ ၇ ကြိမ်မြောက် ဒီပန်းချီပြပွဲကို အောင်ဆန်းကွင်း မြောက်ဘက်က OK Art Gallery မှာ အောက်တိုဘာ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရေဆေးပန်းချီကား ၄၀ ပြသသွားမှာ ဖြစ်ပြီး ပန်းချီကားဈေးနှုန်းကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading