Culture

လွတ်လပ်မှုကို အလေးအနက် ယုံကြည်သူ ဇော်လူမင်း အမှတ်တရ ပန်းချီပြပွဲ

Want create site? Find Free WordPress Themes and plugins.

ပန်းချီ ရေးဆွဲဖို့ စုတ်တံကို ကိုင်ဖို့တောင် အားမရှိတော့တဲ့ ဇော်လူမင်းဟာ ကွယ်လွန်ခါနီး ရက်ပိုင်းအလိုမှာ စက်ရုပ်ပန်းပု တခု ဖန်တီးခဲ့ပါတယ်။ အသည်းရောဂါ ဖိစီးနေတဲ့ ဇော်လူမင်းဟာ`ဖေဖေ ပုတီးမစိပ်တတ်ဘူး သမီးရယ်’ လို့ ပြောပြီး သူ့ရဲ့ ပန်းပုရုပ်ကို ဆက်လက် ဖန်တီးနေခဲ့တယ် လို့ ဇနီးဖြစ်သူ မသီတာလှက ပြောပါတယ်။

ဒီပန်းပုရုပ်ဟာ သူသောက်နေရတဲ့ အသဲရောဂါ ဆေးဘူးက စက္ကူစတွေ၊ အားဖြည့်ဆေး ဗူးအဖုံးလေးတွေ၊ ရေသန့်ဗူးခွံ လေးတွေ၊ ဓာတ်ခဲ အသေးလေးတွေနဲ့ ဖန်းတီးခဲ့တာ ဖြစ်ပါတယ်။ ပန်းချီ ဇော်လူမင်းဟာသ့ူရဲ့ နောက်ဆုံးအချိန်မှာ အနုပညာတစ်ခုကို ဖန်တီးရင်း ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အခုတော့ ကွယ်လွန်တာ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ ပန်းချီ၊ ပန်းပုအနုပညာရှင် ဇော်လူမင်းရဲ့ အမှတ်တရ ပန်းချီ ပန်းပု ပြပွဲကို OK ပန်းချီပြခန်းမှာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ပြသနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ တခြား အမည်တခုက ဇော်လူဝင်း ဖြစ်ပြီး သူဟာ မြန်မာမော်ဒန်ပန်းချီဆရာတွေ ဖြစ်တဲ့ ဝင်းဖေ၊ ခင်မောင်ရင် တို့နဲ့ အနီးကပ်နေထိုင်ပြီး အနုပညာ ဖန်တီးမှုတွေ လေ့လာခွင့်ရခဲ့သူပါ။ ပြီးတော့ ပန်းချီ ပေါ်သိမ်း၊ စံမင်း တို့နဲ့ အတူ ၁၉၇၀ ခုနှစ် ကာလတွေ ကတည်းက အနုပညာတွေကို အတူတကွ ဖန်တီးလာခဲ့သူ ဖြစ်ပါတယ်။

စွယ်စုံရ ပညာရှင် ပန်းချီ ဝင်းဖေက “ကိုဇော်လူဝင်းဟာ ငယ်ရွယ်စဉ်ကတည်းက ပန်းချီရူး တယောက် ဖြစ်ပါတယ်။ တွေ့ကရာ ပစ္စည်းမျိုးစုံပေါ်မှာ ပန်းချီလျှောက်ရေးတတ်သူ ဖြစ်ပါတယ်။ အိုးခွက်၊ ပန်းကန်၊ ကျောက်တုံး၊ ကျောက်ခဲကအစ ပစ္စည်းမျိုးစုံကို ချမ်းသာမပေးဘဲ ပန်းချီရေးပါတယ်။ သူ့လက်ရာသူ့ပန်းချီတွေရဲ့ အဓိက အားသာချက်ကတော့  ပန်းချီ အနုပညာကို အရူးအမူး ချစ်လွန်းလို့ ရေးပါတယ် ဆိုတဲ့ ခံစားချက်တွေ ပေါ်လွင်ထင်ရှား အားကောင်းနေကြ ခြင်းဘဲ ဖြစ်ပါတယ်” လို့ အမှတ်တရ စကား ဆိုပါတယ်။

ဒီအမှတ်တရ ပန်းချီပန်းပုပြပွဲမှာ ဇော်လူမင်းရဲ့ ပန်းချီကား ၃၀ ကျော်နဲ့ ပန်းပု ၅ ခုကို ပြသထားတဲ့ အပြင် ၁၉၇၁ ခုနှစ်က ပန်းချီ ခင်မောင်ရင် ရေးဆွဲပေးခဲ့တဲ့ ဇော်လူမင်း ပုံတူဆီဆေး ပန်းချီကားကြီးကိုလည်း အမှတ်တရ ချိတ်ဆွဲပြသထားတာ တွေ့ရပါတယ်။

ပန်းချီ ဇော်လူမင်းရဲ့ ပန်းပုဖန်တီးမှုမှာတော့ အများက သာမန်ကျောက်တုံးလို့ မြင်တဲ့ အရာတွေကို ဇော်လူမင်းက လူမျက်နှာ၊ ဆင်၊ ဖားစတဲ့ ပန်းပုရုပ်တွေ အဖြစ် ပြောင်းလဲ ဖန်တီးခဲ့ပါတယ်။ ဒါအပြင် ဂဏန်းပေါင်းစက်၊ ဘောပင်၊ ရေသန့်ဗူး၊ သစ်ကိုင်းခြောက် စတာတွေကိုလည်း သူ့ပန်းပုတွေမှာ ထည့်သွင်းဖန်တီးထားတာလည်း တွေ့ရပါတယ်။

ပြပွဲကို လာရောက်ကြည့်ရှုတဲ့ ပန်းချီကိုစိုင်းက “ကိုဇော်လူမင်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သိတာပါ။ သူက စိတ်ထဲမှာ ရှိတဲ့ အရောင်တွေ၊ သဏ္ဌာန်တွေအားလုံးကို ပန်းချီကားတွေ အဖြစ် လွတ်လွတ်လပ်လပ် ဖန်တီးတယ်။ ပန်းချီကို အရူးအမူး နှစ်သက်တဲ့ လူတယောက်ပါ။ ကျောက်တုံးလေးတွေပေါ်မှာ သူမြင်တဲ့ အမြင်တစ်ခုကို ပန်းပုအနုပညာ တခုအနေနဲ့ ဖန်တီးလိုက်တာကိုလည်း သဘောကျပါတယ်” လို့ ဆိုပါတယ်။

ဇော်လူမင်းဟာ ရှမ်းပြည်နယ်၊ တောင်ကြီးဇာတိသား ဖြစ်ပြီး ရန်ုကုန်တက္ကသိုလ်ကနေ ဓာတုဗေဒဘွဲ့ ရရှိခဲ့ပါတယ်။ တက္ကသိုလ် ပန်းချီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ၁၉၇၀ နောက်ပိုင်းတွေမှာ ဝင်းဖေ၊ ပေါ်သိမ်းတို့နဲ့ တွဲပြီး ပန်းချီ Studio တခု ထူထောင်ခဲ့ပါတယ်။ နောက်ပြီး သူဟာ INYA ပန်းချီ ပြခန်းအဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။

အနုပညာမှာ လွတ်လပ်မှုကို အလေးအနက် ယုံကြည်သူ တယောက် ဖြစ်တဲ့ ပန်းချီဇော်လူမင်းရဲ့ ပန်းချီကား ဈေးနှုန်းတွေက ဒေါ်လာ ၂၀၀ ကနေ  ၇၀၀ အထိ သတ်မှတ်ထားပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading