Culture

ရိုးရာဟန် မော်ဒန်ပန်းချီကားများ ရေးဆွဲသူ ပန်းချီအောင်ခိုင်

Want create site? Find Free WordPress Themes and plugins.

ဇာတ်မင်းသား၊ မင်းသမီးတွေ၊ ဆံထုံးတော်ကြီးနဲ့ ကျေးတောသူတွေ၊ ရုပ်သေးရုပ်တွေ၊ ဓားတဝင့်ဝင့် လုပ်နေကြတဲ့ ၃၇ မင်းနတ် တချို့ဟာ OK ပန်းချီပြခန်းထဲကို စုရုံး ရောက်ရှိနေကြ ပါတယ်။ သူတို့ အားလုံးကို ၃ ပေ ၄ ပေ ပန်းချီကားကြီးတွေ အဖြစ်နဲ့ ပြခန်းထဲ ခေါ်ဆောင်လာသူကတော့ အသက် ၇၂ အရွယ် ပန်းချီဆရာ အောင်ခိုင် ဖြစ်ပါတယ်။ ပန်းချီအောင်ခိုင် ရေးဆွဲဖန်တီး ထားတဲ့ nude ပန်းချီကားတွေ အပါအဝင် မြန်မာမှုအခြေပြု ပန်းချီကားတွေကို Aung Khaing 5th Solo Show အမည်နဲ့ အောင်ဆန်းအားကစားကွင်း မြောက်ဘက် တန်းက OK ပန်းချီပြခန်းမှာ နိုဝင်ဘာ ၅ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် ဖွား၊ ပဲခူးတိုင်း ဒါးပိန် ဇာတိသား ပန်းချီအောင်ခိုင်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ၁၉၆၉ မှာ ဓာတုဗေဒ အထူးပြုနဲ့ သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ကျောင်းသားဘဝက တက္ကသိုလ်စာကြည့်တိုက်မှာ ကမ္ဘာ့ပန်းချီနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို လေ့လာခဲ့ပါတယ်။

အဲဒီ ကာလမှာပဲ မြန်မာမော်ဒန်ပန်းချီ လောကရဲ့ ထင်ရှားတဲ့ ပန်းချီဦးနန်းဝေ၊ ဗဂျီအောင်စိုး၊ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ဝင်းဖေတု့ိနဲ့ ရင်းနှီးလာခဲ့ပြီး သူတို့ဆီက ပန်းချီနဲ့ပတ်သက်တဲ့ လမ်းညွန် အကြံပေးမှုတွေကိုလည်း ခံယူရင်း သူ နှစ်သက်ရာ မော်ဒန်ပန်းချီတွေကိုရေးဆွဲခဲ့တာပါ။

“ကျနော်က ရှုခင်းပုံတွေ၊ ဘုရားပုံတွေ ရေးချင်စိတ် မရှိဘူး။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အငြိမ့်ရုပ်သေး အကတွေ၊ နောက် လူတွေရဲ့ မျက်နှာတွေ၊ နောက် nude ကားတွေကိုပဲ ရေးချင်တာ။ စိတ်ခံစားမှုများတဲ့ အပိုင်းကို ပိုပြီးစိတ်ဝင်စားတာ။ ပီကာဆိုတို့၊ ဒီကူးနင်းတို့ ၊ ဂေါ်ဂင်တို့ရဲ့ influence ရှိတာပေါ့” လို့ ပန်းချီအောင်ခိုင်က ဆိုပါတယ်။

ပန်းချီအောင်ခိုင်ဟာ ၁၉၇၀ ကျော် ကာလတွေမှာတော့ သူဟာ အုပ်စုပွဲ အများအပြားမှာ ပါဝင်ပြသခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ သူ့ရဲ့ တကိုယ်တော်ပြပွဲကို စီစဉ်ခဲ့ပါတယ်။ ချီဂွေဗားရား၊ ဖီဒယ်ကတ်စထရို တို့ရဲ့ ပုံတွေပါတဲ့ သူ့ရဲ့မော်ဒန်ပန်းချီ လက်ရာတချို့ကြောင့် ပန်းချီ စီစစ်ရေး အဖွဲ့က ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။

သူက စိစစ်ရေး အဖွဲ့ကို “ဗိုလ်ချုပ်အောင်ဆန်းကို ထည့်ဆွဲရင်ရော ခွင့်ပြုမှာလား” လု့ိ မေးခဲ့သေးတဲ့ အကြောင်းလည်း သူက ပြောပြတယ်။

အစိုးရရဲ့ ပိတ်ပင်ခံရတဲ့ ပန်းချီဆရာ တဦးအနေနဲ့ သူရဲ့ နောက်ပိုင်း ပန်းချီဆရာ ဘဝကို အခက်အခဲတွေ ကြားထဲက ဆက်လက် ရပ်တည်ရင်း အုပ်စုပွဲတွေမှာပဲ ဝင်ရောက် ပြသဖြစ်ခဲ့ပါတယ်။ ပိတ်ပင်ခံရပြီး နှစ်ပေါင်း ၂၉ နှစ် အကြာ ၂၀၁၃ ခုနှစ်မှာမှ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုသူ့ရဲ့ ပြပွဲက ၅ ကြိမ်မြောက် တကိုယ်တော်ပြပွဲဖြစ်ပြီး အနုပညာဖန်တီးမှုနဲ့ ပတ်သက်လို့ သူပြောပြတာက “ကျနော်က လွတ်လွတ်လပ်လပ်ပဲ။ ကိုယ် ရေးချင်တာကို ကိုယ်ရေးတယ်။ ရာထူးလည်း မလိုချင်ဘူး။ ဘွဲ့ထူး ဂုဏ်ထူးလည်း မလိုချင်ဘူး။ ကိုယ် ဖန်တီးချင်တဲ့ အနုပညာကိုပဲ ဖန်တီးနေတယ်” လို့ ဆိုပါတယ်။

ပြပွဲမှာ ပန်းချီကား ၃၀ ပြသသွားမှာဖြစ်ပြီး ပန်းချီကားဈေးနှုန်းတွေကတော့ ဒေါ်လာ ၈၀၀ သတ်မှတ်ထားပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading