Culture

သီပေါမင်းနဲ့ အနွယ်တော်တွေအကြောင်း မှတ်တမ်းရုပ်ရှင် ပထမဆုံး အကြိမ်ပြသ

Want create site? Find Free WordPress Themes and plugins.

ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အနွယ်တော်တွေအကြောင်း ရိုက်ကူးထားတဲ့ “We Were Kings” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို မန္တလေးမှာ ကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပထမဆုံးအကြိမ် အဖြစ် ပြသခဲ့ပါတယ်။

ဒီပွဲမှာ သီပေါမင်းရဲ့ မြေးတော်နှစ်ပါးအပါအဝင် မင်းတုန်းမင်းကနေ ဆင်းသက်လာတဲ့ ကုန်းဘောင် မျိုးဆက် ဆွေတော် မျိုးတော်တွေ လာရောက်ကြည့်ရှူကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံး ကုန်းဘောင်မင်းဆက် နန်းစိုက်ခဲ့ရာ မန္တလေးမြို့မှာ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ရတော့ အတိတ်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ကြရာက ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက် ခဲ့ရပြီး သီပေါမင်း ပါတော်မူ သွားရတဲ့ ဝမ်းနည်းဖွယ်ရာ အတိတ်သမိုင်းက အဖြစ်တွေကို ပြန်ပြောင်း အောက်မေ့မိတယ်လို့ ဆွေတော်မျိုးတော်တွေက ဆိုပါတယ်။

၅၈ မိနစ်ခန့်ကြာမြင့်တဲ့ We Were Kings မှတ်တမ်းရုပ်ရှင်ဟာ သီပေါမင်းရဲ့ မြေးတော်နှစ်ပါးဖြစ်တဲ့ ထိပ်စုဖုရားကြီးနဲ့ တော်ဘုရားကြီး အပါအဝင်၊ မြစ်တော်တွေဖြစ်ကြတဲ့ ဦးစိုးဝင်းနဲ့ ဒေါ်ဒေဝီသန့်စင် တို့ရဲ့ လက်ရှိ နေထိုင်နေပုံတွေ၊ သူတို့တွေက အိန္ဒိယ ရတနာဂီရိမှာ ရှိတဲ့ သီပေါမင်းရဲ့ အလောင်းတော် ကို မြန်မာပြည်ကို ပြန်သယ်ဖို့အရေးအပေါ် ဘယ်လိုသဘောထားတွေ ရှိတယ်ဆိုတာကို ရိုက်ကူးတင် ဆက် ထားတာပါ။

ဒီမှတ်တမ်းရုပ်ရှင်ကို ဗြိတိန်နိုင်ငံသား ထုတ်လုပ်သူ အဲလက်စ် ဗက်စကိုဘီနဲ့ ဒါရိုက်တာ မက်စ်ဂျုံး တို့က ရိုက်ကူးထား ကြတာဖြစ်ပြီး၊ သမိုင်းအချက်အလက်တွေကို ထုတ်ဖော်ပြသမှုဆိုင်ရာတွေကို ချီးမြှင့်လေ့ရှိတဲ့ Whicker’s World Foundation ဆုကို ၂၀၁၆ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက လန်ဒန်မြို့မှာ ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုအကြိမ်ဟာ ပထမဆုံး ပြသတာပါ။

အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ကို ပါတော်မူသွားခဲ့ပြီး အဲ့ဒီမှာပဲ ကံတော်ကုန် နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ ရုပ်အလောင်းတော်ကို မြန်မာပြည်ကို ပြန်သယ်လာဖို့ ကြိုးစားမှုဟာ တော်ဝင်မိသားစုအတွက် နှစ်ရှည်လများ မျှော်မှန်းတောင့်တခဲ့ရတဲ့ ကိစ္စတခုဖြစ်ပါတယ်။

သီပေါမင်း

မိဖုရား စုဖုရားလတ်နဲ့ သမီးတော်တွေ မြန်မာပြည်ကို ပြန်ရောက်လာကတည်းက မြေးတော်၊ မြစ်တော် တွေ လက်ထက်အထိ အစဉ်အဆက် မျှော်လင့်ခဲ့တဲ့ ဒီကိစ္စကို မြစ်တော် ဦးစိုးဝင်းက ဆက်ပြီး ကြိုးပမ်း နေတာတွေကို ဒီမှတ်တမ်းရုပ်ရှင်က ရိုက်ကူး ပြသထားပါတယ်။

“ဒီရုပ်ရှင်ထဲမှာ ပြောထားသလိုပါပဲ၊ သီပေါမင်းရဲ့ အလောင်းတော်ကို ပြန်သယ်ရေးဆိုတာအပေါ် ကျနော်တို့ မိသားစုထဲမှာကို အမြင်တွေက အမျိုးမျိုး အခုထိ ရှိနေပါတယ်” လို့ ဦးစိုးဝင်းက ဧရာဝတီ ကို ရှင်းပြပါတယ်။

“ကျနော့် ဦးလေး တော်ဘုရားက ဒါမလုပ်ပါနဲ့တော့ ထားလိုက်ပါတော့လို့ သဘောရှိတယ်၊ ကျနော့် ဝမ်းကွဲညီမ ဒေါ်ဒေဝီသန့်စင်ကလည်း ဒါက အချိန်မကျသေးဘူးလို့ ဆိုတာပေါ့နော်။ ကျနော့်အနေနဲ့ ကတော့ ဆက်ပြီး ကြိုးစား ကြည့်ချင်ပါသေးတယ်။ ဒါက တချို့တွေ ဝေဖန်စိတ်ပူကြသလို ဘုရင်စနစ် ပြန်အသက်သွင်းဖို့ ဘာညာ မဟုတ်ပါဘူး။ သီပေါမင်းဟာ သူမနေချင်တဲ့ နေရာမှာ စိတ်ဆင်းရဲစွာနဲ့ နေသွားရပြီး အဲ့ဒီမှာပဲ ဆုံးပါးသွားခဲ့တာဆိုတော့ ကိုယ့်ရဲ့ အဘိုး၊ ကိုယ့်နိုင်ငံရဲ့ နောက်ဆုံးဘုရင်ဖြစ် ခဲ့တဲ့ သူကို ကိုယ့်နိုင်ငံမှာပဲ ခေါင်းချစေချင်တဲ့ သဘောတခုပါပဲ” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

အသက် ၉၄နှစ် ရှိပြီဖြစ်တဲ့ တော်ဘုရားဟာ လက်ရှိမှာတော့ ပြင်ဦးလွင်မြို့မှာ နေထိုင်လျှက်ရှိပါတယ်။

သီပေါမင်း နတ်ရွာစံစဉ်က နန်းကျဘုရင်တဦးအတွက် သင့်တင့်လျောက်ပတ်တဲ့ ဈာပနအခမ်းအနား မကျင်းပခဲ့ရ တာကြောင့် ဦးစိုးဝင်းဟာ အိန္ဒိယအစိုးရ၊ မြန်မာအစိုးရတို့ကို ဆက်သွယ်ကြိုးပမ်းပြီး ရတနာဂီရိမှာ သီပေါမင်းနဲ့ ပထမသမီးတော်အတွက် ဆွမ်းသွတ်အမျှဝေအခမ်းအနား ကျင်းပခဲ့ပါသေး တယ်။

“အလောင်းတော်ကို ပြန်သယ်ဖို့ဆိုတာက တပိုင်းပေါ့။ ဒါက ကျနော်တို့ မိသားစုတခုတည်းရဲ့ အရေး မဟုတ်တော့ပဲ တနိုင်ငံလုံးနဲ့ သက်ဆိုင်နေတယ်။ ဒါ့အပြင် နှစ်နိုင်ငံအစိုးရနဲ့ရော၊ အိန္ဒိယမှာ လက်ရှိ နေတဲ့ ပထမသမီးတော်ရဲ့ အနွယ် တော်မိသားစုတွေပါရှိနေတော့လေ။ အားလုံးက သဘောတူ လက်ခံ တယ် ဆိုပါမှ ဒီကိစ္စက လက်တွေ့ဖြစ်လာမှာပါ။ အခုကတော့ အချိန်မကျသေးဘူးပေါ့” လို့ ဦးစိုးဝင်းက ပြောပါတယ်။

စတုထ္ထသမီးတော်ရဲ့ တတိယသားတော်ဖြစ်သူ တော်ဘုရားကတော့ တိုင်းပြည်အုပ်ချုပ်ရေး စနစ်တွေ ဟာလည်း ပြောင်း လဲလာပြီ ဖြစ်တာကတကြောင်း၊ အချိန်မတော်သေးတာက တကြောင်း စတာတွေကြောင့် သီပေါမင်း အလောင်းတော်ကိစ္စကို ဒီအတိုင်းပဲ ထားသင့်တယ်လို့ ဆိုပါတယ်။

“ဘိုးတော်ဘုရားရဲ့ အလောင်းတော်ကို ပြန်သယ်ဖို့ဆိုတာ ကျနော်တို့မယ်တော်ရှိစဉ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒပါ။ ဒါပေမယ့် အချိန်အခါက အခြေအနေမပေးတော့ သူဟိုမှာပဲ အေးအေးချမ်းချမ်း ရှိပါစေလေ” လို့ တော်ဘုရားက ဆိုပါတယ်။

We Were Kings မှတ်တမ်းရုပ်ရှင်ကို သမိုင်းပုံရိပ်တွေ အများကြီးရှိနေတဲ့ မန္တလေးမြို့မှာ ဆွေတော်မျိုးတော်တွေနဲ့ အတူ တူထိုင်ကြည့်ရတော့ အတိတ်အကြောင်းတွေကို သတိရမိပေမယ့် အတိတ်ကလိုတော့ နန်းထိုင်တော်ဝင်သူအနေနဲ့ မနေ ချင်တော့ဘူး၊ အတိတ်ကို ပြန်မတမ်းတချင် တော့ဘူးလို့ ဆိုလာသူကတော့ သီပေါမင်းရဲ့ မြေးတော် အသက် ၉၅ နှစ်အရွယ် ထိပ်စုဘုရားကြီးပါပဲ။

“တကယ်တော့ အတိတ်က အခက်ခဲတွေ ရုန်းကန်ခဲ့ရတာတွေ အကြောင်းပြန်သတိမရချင်၊ မပြောချင် တော့ဘူး။ ဒါပေမယ့် အခုလို ဆွေမျိုးတွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ဒီအတိတ်အကြောင်းတွေ ပြန်ကြား ရတော့လည်း မယ်တော်ကို သတိရတာပေါ့” လို့ ထိပ်စုဖုရားကြီးက ဆိုပါတယ်။

ထိပ်စုဖုရားကြီးက သူ့ကို မင်းသမီးတပါးလို ခေါ်ဝေါ် မသုံးနှုန်းစေဖို့၊ ဆွေတော်မျိုးတော်တွေက သူ့ကိုခေါ်နေကျဖြစ်တဲ့ ဘွားမေ၊ ဒါမှမဟုတ် ဒေါ်စုစုခင်၊ ဒါမှမဟုတ် အန်တီစုလို့သာ ခေါ်စေလို တယ်လို့ ပြောပါတယ်။

“ဒီရုပ်ရှင် ထုတ်လုပ်သူနဲ့ ဒါရိုက်တာ အဲလက်စ်နဲ့ မက်စ်ရယ်၊ သီပေါမင်းအကြောင်းရေးတဲ့ ဆရာမ စုဒါရှားရယ်ကိုကတော့ သမိုင်းမှာ ပ လပ်ခံထားခဲ့ရတဲ့ ဘွားမေတို့အကြောင်းတွေကို နှောင်းလူတွေသိ အောင် ဖော်ထုတ်ပေးတာကိုတော့ ကျေးဇူး တင်ရမှာပါ” လို့ သူက ဆိုပါတယ်။

“အခက်ခဲတွေ အများကြီး ကြုံဆုံခဲ့ပြီးပြီ၊ ဘုရားထူးခံဘဝမှာလည်း နေခဲ့ရပြီးပြီ။ ဘွားမေကတော့ တော်ဝင်သူတယောက် လိုလည်း မနေချင်တော့ဘူး။ အဲ့ဒီတော်ဝင်ဘဝကြီးကိုလည်း မတပ်မက်တော့ သလို အဲလိုလည်း မနေချင်တော့ဘူး။ ဘာမှလည်း မလိုချင်တော့ဘူး။ အခုလက်ရှိနေနေတဲ့ သာမန် လူသားတယောက် ဘဝမှာပဲ ဘွားမေက အေးအေး ချမ်းချမ်းရှိနေပြီ၊ ဘွားမေကိုလည်း ဘာတော်ဝင် ဘွဲ့ထူးဂုဏ်ထူးတွေနဲ့မှ နာမည်တပ်မခေါ်ပါနဲ့တော့။ ဒါတွေက သမိုင်းထဲမှာ အတိတ်ထဲမှာ ကျန်ခဲ့ပြီ၊ ထားခဲ့လိုက်ပြီ” လို့ သူကပြောပါတယ်။

ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းကို ၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ မွေးဖွားခဲ့ ပြီး၊ ၁၈၇၈ ခုနှစ်မှာ နန်းတက်ခဲ့ပါတယ်။

၁၈၈၅ခုနှစ်မှာ အင်္ဂလိပ်- မြန်မာ တတိယစစ်ပွဲဖြစ်ပွားကာ နိုဝင်ဘာ ၂၉ရက်နေ့မှာ နန်းကျခဲ့ပြီးနောက် အိန္ဒိယသို့ ခေါ်ဆောင်ခြင်းခံရကာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့ သက်တော် ၅၇နှစ်အရွယ်မှာ ရတနာဂီရိမှာ ကံကုန်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading