ဗိုလ်ချုပ်ဈေးရှေ့က ခေတ်မီလှပတဲ့ Junction City Tower ရဲ့ ၂၁ လွှာမှာ လူကြီး လူငယ် လူရွယ်သာမက ကလေးငယ်တွေပါ ပါဝင်တဲ့ ပန်းချီချစ်သူတွေနဲ့ စည်ကားနေပါတယ်။ ၂၁ လွှာပေါ်ကနေ မြင်ရမယ့် သမိုင်းယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ ရှုခင်းထက် သူတို့ကို ဆွဲဆောင်နေတာကတော့ မြန်မာနိုင်ငံရဲ့ပထမဆုံး YANGON Art Expo 2017 ပန်းချီပြပွဲကြီးပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ အတွင်း မြန်မာ့ပန်းချီ ဖြစ်ပေါ်ပြောင်းလဲမှု လက်ရာတွေကို တစုတစည်းတည်း ခံစားခွင့်ရနိုင်မယ့် အခွင့်အလမ်း ကတော့ ပန်းချီချစ်သူတွေ အတွက် ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။
ဒီ ပန်းချီပြပွဲကြီးကို အီတလီနိုင်ငံ အခြေစိုက် ယဉ်ကျေးမှုမြှင့်တင်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Culture 2 All အဖွဲ့က စီစဉ် ဆောင်ရွက်ပေးတာ ဖြစ်ပြီး မြန်မာ ပန်းချီဆရာ ၇၂ ဦးတို့ရဲ့ပန်းချီလက်ရာတွေကို ကြည့်ရှုမှာ ဖြစ်ပါတယ်။ ပန်းချီ ဦးလွန်းကြွယ်ရဲ့ အင်ပရက်ရှင်းနစ် ပန်းချီလက်ရာတွေ၊ ပန်းချီ ဦးမာလာရဲ့ မြန်မာ့ယဉ်ကျေးမှု ပန်းချီကားတွေကစလို့ ပန်းချီ စန္ဒာခိုင်ရဲ့ nude ပန်းချီကားတွေ၊ မြတ်ကျော့ရဲ့ အင်စတော်လေးရှင်းပန်းပုတွေ၊ လူငယ် ပန်းချီဆရာ ကိုကိုမောင်ရဲ့ Street Art လက်ရာတွေ အထိ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
Culture 2 All အဖွဲ့ရဲ့ ဥက္ကဌ မော်ရိုဆယ်လ်ဗီမီနီ (Mauro Salvemini) က “တက်ကြွ လှုပ်ရှားသော၊ ပွင့်လင်းလွတ်လပ်သော မြို့ပြဝန်းကျင် တခုဖန်တီးရင်း ပြည်သူများကို ဆန်းသစ်သော ရသများဆီ ခေါ်ဆောင်သွားရန် ရည်ရွယ်ပါတယ်” လို့ ဆိုပါတယ်။ Culture 2 All အဖွဲ့ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း မြန်မာပန်းချီဆရာ ၁၀ ဦးတို့ရဲ့ လက်ရာတွေကို အီတလီနိုင်ငံမှ မီလန်မြို့မှာ ပြသခဲ့ပါတယ်။
ဒီ ပန်းချီပြပွဲကြီးနဲ့ ပတ်သက်လို့ ပန်းချီ နီပိုဦးက “ကျနော်တို့ဆီမှာ ခေတ်ပြိုင်အနုပညာ လက်ရာတွေကို ဝယ်ယူစုဆောင်းတာ နည်းပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်မှာတောင်မှ ခေတ်ပြိုင် အနုပညာပြတိုက်တွေ ရှိနေပါတယ်။ ကျနော် တို့ရဲ့ ခေတ်ပြိုင် အနုပညာ ဖန်တီးမှုတွေကို နိုင်ငံတကာကို ထုတ်ပြဖို့ ကြိုးစားနေချိန်မှာပဲ အခုလိုပြပွဲကြီးမျိုး ကျင်းပနိုင်တဲ့ အတွက် ကျေနပ်မိ ပါတယ်။ နိုင်ငံတော်ကလည်း အသိအမှတ်ပြု ဝယ်ယူသိမ်းဆည်းပြီးတော့ ပြတိုက်တွေ လုပ် ပေးစေချင်ပါတယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
ဒီ Yangon Art Expo 2017 ပန်းချီပြပွဲ ဖွင့်ပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီးPier Giorgio Francesco Aliberti တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
Yangon Art Exop 2017 ပန်းချီပြပွဲနေရာကို ရွှေတောင်ကုမ္ပဏီက ပံ့ပိုးပေးတာ ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားပေါင်း ၁၄၄ ကားပြသထားပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၁ သောင်းခွဲ အထိ သတ်မှတ်ထားပါတယ်။
ပန်းချီကား ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ပန်းချီဆရာက ရရှိမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကိုတော့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်မယ့် Culture 2 All ရဲ့ ပရောဂျက်တခုဖြစ်တဲ့ Culture Heritage and Villages Program မှာ ပြန်ပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။