အီတလီ ပန်းချီဆရာ သိပ္ပံညာရှင် လီယိုနာဒို ဒါဗင်ချီရေးဆွဲခဲ့တဲ့ ခရစ်တော်ပန်းချီကားကို အမေရိကန် ဒေါ်လာသန်း ၄၅၀ နဲ့ လေလံပွဲတခုမှာ ဗုဒ္ဓဟူးနေ့က နယူးယောက်ခ်မြို့မှာ ပြုလုပ်တဲ့ ခရစ်တီး လေလံ ပွဲမှာ စံချိန်ချိုး ရောင်းချသွားခဲ့ရပါတယ်။
ကမ္ဘာကြီးရဲ့ ကယ်တင်သူ လို့ အီတာလျံဘာသာနဲ့ ဖော်ပြထားတဲ့ အဲဒီပန်းချီကားဟာ လီယိုနာဒိုရဲ့ ရှားပါးလက်ရာ ပန်းချီကား ၂၀ ထဲက တကားဖြစ်သလို၊ ပုဂ္ဂလိက လက်ထဲရောက်ရှိနေတဲ့ တကား တည်းသော ပန်းချီကားဖြစ်ပါတယ်။
အဲဒီပန်းချီကားကို အမေရိကန် ဒေါ်လာသန်း ၄၅၀နဲ့ စံချိန်တင်ဝယ်ယူသူရဲ့ အမည်ကိုတော့ လတ် တလော ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။
၂၀၁၅ ခုနှစ် မေလက ပီကာဆိုလက်ရာဖြစ်တဲ့ Women of Algiers ဆိုတဲ့ ပန်းချီကားကို အမေရိကန် ဒေါ်လာ ၁၇၄.၄သန်းနဲ့ ရောင်းချထားသလို၊ အဲဒီနှစ် စက်တင်ဘာလမှာပဲ ဝီလျံ ဒီကူးနင်းရဲ့ “Interchange” ဆိုတဲ့ ပန်းချီကားမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဒေးဗစ်ဂက် ဖန်းဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမန်နေဂျာ ကန်နက်စီဂရီဖင်ထံသို့ အမေရိကန် ဒေါ်လာ သန်း ၃၀၀ နဲ့ ရောင်းချလိုက်ခဲ့ပြီး ပါတယ်။
ယခုအခါ လီယိုနာဒို ဒါဗင်ချီရဲ့ကား က အဲဒီအမြင်ဆုံးစံချိန်ကို ချိုးခဲ့ခြင်းဖြစ်ပါတယ်။
အမြင် ၂၆ လက်မ(၆၆ စင်တီမီတာ)ရှိတဲ့ လီယိုနာဒိုရဲ့ ပန်းချီကားရေးဆွဲတဲ့ ခုနှစ် ခရစ်သက္ကရာဇ် ၁၅၀၀ ဝန်းကျင်တပ်ထားပြီး ခရစ်တော်၏ ကိုယ်ရုံမှာ ရီနေဆွန်းခေတ် ပုံစံဖြစ်ကြောင်း၊ ခရစ်တော်၏ ညာလက်ကိုမြှောက်၍ ကောင်းချီးမင်္ဂလာပေးနေပြီး ဘယ်ဘက်က ဖန်းလုံးတလုံးကို ကိုင်ထားဟန် သရုပ်ဖော်ရေးဆွဲထားပါတယ်။
ယင်းပန်းချီကားမှာ လီယိုနာဒို၏ ပန်းချီစတူဒီယိုမှ လေလံပွဲကျင်းပရာ နေရာအထိ ဖြတ်သန်းခဲ့ရသည့် ခရီးမှာ ချောမွေ့လှသည်မဟုတ်ချေ၊ အင်္ဂလန်ပြည့်ရှင် ချားလ်ဘုရင်(၁) ပိုင်ဆိုင်ဆိုင်ခဲ့ဖူးသလို ၁၉၀၀ ပြည်နှစ်ခန့်တွင် ပျောက်ကွယ်သွားပြီးနောက် ဗြိတိသျှလူမျိုး စုဆောင်းသူတဦးထံတွင် ပြန်လည်ပေါ် လာပြီး ထိုစဉ်က လီယိုနာဒို ရေးဆွဲသည်ထက် နောက်လိုက် တပည့်တပန်းတဦးက ရေးဆွဲ ခဲ့တယ်လို့ မှတ်ယူကြပါတယ်။
ထို့နောက် ၁၉၅၈ ခုနှစ်တွင် တဖန်ရောင်းချခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်ပေါ်လာရာ ဆိုးဆိုးဝါးဝါး ပျက် စီးနေပြီး တစိတ်တပိုင်း ပြန်ပြင်ထားသည်ကို တွေ့ရသည့်အတွက် အနုပညာကုန်သည်လုပ်ငန်းစု တခု က ဒေါ်လာ ၁သောင်းအောက် လျော့ဝယ်ခဲ့ကာ လီယိုနာဒို ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ လက်ရာအစစ်ဖြစ် ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောင်းချမှုမှာတော့ ရုရှားဘီလျံနာသူဌေး ဒီမီထရီ ရိုင်ဗိုဘော့က ရောင်းချခဲ့ခြင်း ဖြစ်ပြီး ၎င်းက ၂၀၁၃ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၂၇. ၅ သန်းနဲ့ ပုဂ္ဂလိကရောင်းချမှုအနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။
ဒီပန်းချီကားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဝေဖန်ထောက်ပြစရာတွေ ရှိနေပေမယ့် ခရစ္စတီး လေလံ ဌာနရဲ့ အဆိုအရတော့ ပညာရှင်တော်တော်များများက ဒီပန်းချီကားကို လီယိုနာဒိုရဲ့ လက်ရာလို့ လက်ခံကြပါတယ်။
ခေတ်အဆက်ဆက် သြဇာတိက္ကမကြီးတဲ့ ပန်းချီကျော် လီယိုနာဒို လက်ရာရောင်းချမှုကြောင့် ခရစ္စတီးလေလံလုပ်ငန်းရဲ့ ရင်းနှီးမြှပ်နှံမှုကို အများပြည်သူ အာရုံစိုက်လာခဲ့ပြီး “နောက်ဆုံး ဒါဗင်ချီ” လို့ တံဆိပ်ကပ်ပြီး မီဒီယာလှုံဆော်မှု တခုပြုလုပ်ခဲ့ပါတယ်။
လီယိုနာဒိုရဲ့ လက်ရာကို မည်သည့်ပြတိုက်ကမှ ပိုင်ဆိုင်မှုမရှိတဲ့အတွက် နယူးယောက်ခ်မြိုက အနု ပညာချစ်သူတွေဟာ “ကမ္ဘာကြီးရဲ့ ကယ်တင်သူ” ပန်းချီကားကို ကြည့်ဖို ခရစ္စတီး ရော့ခ်ဖဲလာ စင်တာ ရုံးချုပ် အပြင်ဘက်မှာာ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။