ပန်းချီ ဆရာကြီးမြင့်စောရဲ့ ပန်းချီကားတွေကို လေ့လာရင် အလင်းသက်သက်ကို အထူးပြုရေးဆွဲတာမျိုး မဟုတ်ဘဲ အလင်းနဲ့ အရောင် (Light & Color) တို့ရဲ့ ဝိရောဓိဖြစ်မှု (Contrast) နဲ့ ပေါင်းစည်းညီညွတ်မှု (Unity) ကို ထင်ဟပ် တင်ပြတဲ့ ပန်းချီကားတွေလို့ ဆိုနိုင်ပါတယ်။ တဖန် သူ့ရဲ့ Portrait (ပုံတူ) ပန်းချီကားမှာ ဆိုရင် တခြား ပညာရှင်တွေနဲ့ မတူတဲ့ ရေးဆွဲပုံကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ ပေါ့ထရိတ်ထဲမှာ အသွင်သဏ္ဌာန်တူခြင်း၊ စရိုက်ပေါ်လွင်ခြင်း အပြင် စိတ်ခံစားမှုများ ပါဝင်နေတာ တွေ့ရပါတယ်။
အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ပန်းချီ ဆရာကြီးမြင့်စောထံ သွားရောက် မေးမြန်းဖြစ်တော့ သူ့ရဲ့ အနုပညာအပေါ် သဘောထား၊ ရပ်တည်ချက်၊ တွေ့ရှိ သိမြင်လာမှု၊ ဖန်တီးတင်ပြမှု၊ စိတ်အခံ အကြောင်းနဲ့ လောကရေး၊ ဓမ္မရေးရာများကို သိလာရပါတယ်။
ပထမဆုံး မေးဖြစ်တာက ပန်းချီ ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်ပါသလဲ လို့ မေးကြည့်ပါတယ်။
“ကျနော် အခု အသက် ၇၈ နှစ်။ နေဝင်ချိန်ပဲ။ ပန်းချီက ကျနော့် ဘ၀ ခရီးအတွက် အကောင်းဆုံး အဖော်မွန်ပဲ။ အရင်တုန်းက ရေးတုန်းကတော့ နာမည်ရချင်တယ်၊ ငွေကြေးလည်း ရချင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ကျနော် ရေးနေတာက Survival အတွက် ရေးတာ။ ရှင်သန်မှု ပေ့ါ။ ပြီးတော့ ရှေ့ဆက်နိုင်မှု အတွက်ပါ။ တနည်းအားဖြင့် စိတ်ချမ်းသာ ငြိမ်းအေးမှု အတွက် ကျနော် ပန်းချီရေးတယ်ပေါ့။ ကျနော့် အတွက်တော့ ပန်းချီကို ဘယ်လိုရေးမယ်၊ ဘာတွေ ရေးမယ်၊ ဘယ်လို ပြင်ဆင်တယ် ဆိုတာ မရှိတော့ဘူး။ ပန်းချီ ရေးဖို့ ကျန်းမာရေး ကောင်းနေရင် ရေးဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်ဟာ ပန်းချီရေးဖို့ ဆိုရင် အထူးတလည် ပြင်ဆင်နေတာ မရှိဘူး၊ အဆင်သင့်ပါ့ပဲ” လို့ ပြောပါတယ်။
တကယ်တော့ အနုပညာဖန်တီးမှုဆိုတာ စိတ်ရဲ့ အလုပ်ပါ။ စိတ်ဟာ အချိန်မရွေး တဖျတ်ဖျတ်ပြောင်းလဲ နေပါတယ်။ အဲဒီ ပြောင်းလဲနေတဲ့ စိတ်က အနုပညာဖန်တီးမှုကိုလည်း ထင်ဟပ်ပြောင်းလဲစေတာ တွေ့နိုင်ပါတယ်။ အဲဒီလို ပြောင်းလဲမှုမှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ စိတ်ညောင်းလို့ ပြောင်းတာနဲ့ စေ့ဆော်မှု တခုခုကြောင့် ပြောင်းလာတာဆိုပြီး တွေ့ရပါတယ်။ တနည်းပြောရရင် Inspiration တခုခု ရလာပြီး ပြောင်းလဲခြင်းပါ။
ဆရာကြီးမြင့်စောကတော့ စေ့ဆော်မှု တခုခုကြေင့် Inspiration ရရှိ ပြောင်းလဲလာခြင်း ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။ Subject အားဖြင့် ပြောင်းလဲမှု မရှိပေမယ့် ပုံဖော်တင်ပြမှု အပြောင်းအလဲအကြောင်း မေးမြန်းတော့ ဆရာက အခုလို ပြောပါတယ်။
“ကျနော့် ဘဝမှာ ပန်းချီနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ အကြောင်း ပြောရရင် အပိုင်း ၃ ပိုင်းရှိတယ်လို့ ပြောရမယ်။ ကျနော် ငယ်ငယ်ကတည်းက ဝါသနာပါတယ်၊ ပန်းချီရေးတယ်။ ရေးချင်ရာတွေ ရေးတယ်။ နောက် TTC မှာတက်ခဲ့တယ်။ အဲဒီတုန်းက စက်မှုလက်မှုဝါသနာ ပါသူတွေက အိမ်တွင်းနဲ့ စက်မှုခန်းကို တက်ရတယ်။ ဒါမှမဟုတ် အနုပညာဝါသနာပါတဲ့ သူက ပန်းချီခန်း၊ အနုပညာခန်းကို သွားရတယ်။ အနုပညာမှာ ဂီတလည်း ပါသေးတယ်။ ကိုယ်ဝါသနာပါရာ အားသန်ရာ တက်ပေါ့။ အဲဒီမှာ နည်းပြတွေက ကူညီပေးတယ်။ ကလေးဘဝက ဝါသနာကို ပိုပြီးဖွံ့ဖြိုးလာစေတယ်လို့ ပြောရမယ်။ ၁၀ တန်း အထိပေါ့။
နောက်တချက်က ကျနော် အလယ်တန်းကျောင်းသား ဘဝမှာ ကြည့်မြင်တိုင် ဌာနလမ်းမှာ ကိုအောင်သိန်းနဲ့ တွေ့တယ်။ သူက ၁၀ တန်းကျောင်းသားကြီး။ ပန်းချီကို အချိန်ပြည့်ရေးဆွဲနေသူပေါ့။ သူနဲ့တွေ့တယ်။ ကျနော် သူ့ဆီသွားပြီး ပန်းချီရေးတယ်။ အဲဒီ ကိုအောင်သိန်းဆိုတာက တချိန်မှာ အလွန်နာမည်ထင်ရှားတဲ့ ပန်းချီဆရာကြီး ကိုရွှေအောင်သိန်းပါပဲ။ ကျနော်လည်း တက္ကသိုလ်က ဘွဲ့ရတော့ သင်္ချာဆရာ ဖြစ်သွားတယ်။ ဒါပေမယ့် ပန်းချီဆရာ လုပ်မယ်လို့တော့ စိတ်ကူး မရှိခဲ့ဘူး။ ဘာရေးသလဲ ဆိုတော့ Subject သီးခြား မရှိဘူး၊ အစ်ဇင်လည်း မရှိဘူး၊ တွေ့ရာ အကုန်ရေးတယ်။ ရေးချင်ရာ အကုန်ရေးတယ်။ ဒါက အစောပိုင်း ကာလပေါ့။
နောက် အပြောင်းအလဲ တခုက ၁၉၆၆ မှာ ဘွဲ့ရတယ်။ ၁၉၆၈ မှာ တက္ကသိုလ်မှာ သင်္ချာဆရာ ဖြစ်လာတယ်။ အသက် ၅၉ နှစ်မှာ လုပ်သက်ပြည့် ပင်စင်ယူလိုက်တယ်။ ဆရာ ဖြစ်တဲ့ အချိန်မှာတော့ ပန်းချီကို မရေးဖြစ်ဘူး။ နည်းနည်း ပြတ်သွားတယ်။ ၁၉၇၃ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်ကို ပြန်ပြောင်းရတယ်။ အဲဒီမှာ “မိုးရနံ့” ပန်းချီပြပွဲ လုပ်မယ်။ ဝါသနာပါသူ စိတ်ဝင်စားသူတွေ ပန်းချီကားပို့နိုင်တယ်လို့ သိရတော့ ကျနော် ပန်းချီပြန်ရေးဖို့ ပြန်ပြီး စိတ်ပါလာတယ်။
ဒါနဲ့ ကိုရွှေအောင်သိန်းဆီ သွားတယ်။ ကျနော် ပန်းချီပြန်ရေးမယ်၊ ကူညီပါ ဆိုတော့ အေး ဟုတ်ပြီ ဘာလိုလဲ၊ ဆေး လိုသလား၊ စုတ် လိုသလား ဆိုပြီး အစစ အကူအညီပေးတယ်။ အဲဒီနောက် ရေဆေး ပန်းချီကားလေးတွေ ရေးပြီး ပန်းချီပြပွဲကို ပို့လိုက်တယ်။ အဲဒီ ပြပွဲမှာ တကားကို ၃၅ ကျပ်နဲ့ ၂ ကားရောင်းလိုက်ရတယ်။ စုဆောင်းဝယ်ယူသူက ဘယ်သူလဲ ဆိုတော့ ဆရာမောင်သာနိုး။ ကျနော့်ရဲ့ ပထမဆုံး Collector က မောင်သာနိုးပါ။ ဒီနေ့ အထိ ကျနော်နဲ့ မောင်သာနိုး မတွေ့ဖူးသေးပါဘူး။ ပန်းချီလောကကို ပြန်ဝင်လာချိန်မှာ ကျနော့်ကို မှော်ဝင်စွဲလမ်းအောင် အားပေးသွားတယ် လို့ ဆိုနိုင်တယ်။
အဲဒီလိုနဲ့ ၁၉၇၃ ခုနှစ်လောက်ကနေ ၁၉၉၈ လောက်အထိ ကျတော့ ဈေးပန်းချီကားတွေချည့် ရေးဖြစ်လာတယ်။ အဲဒီတုန်းက တက္ကသိုလ်တိုင်းမှာလိုလို အနုပညာအသင်း ဆိုတာ ရှိတယ်။ အနုပညာ အသင်းအောက်မှာ ပန်းချီဆပ်ကော်မတီ ဆိုတာ ရှိတယ်။ ကျနော်က ဦးဆောင်ပြီးပြပွဲတွေကို စီစဉ်ပေးရတယ်။ ကုန်ကျစရိတ်ကို ကိုယ့်ငွေနဲ့ကိုယ် စိုက်ထုတ်ရတာလေ။
တဖက်ကလည်း ဌာနက အားပေးရာရောက်အောင် ကျနော်တို့ ပြသထားတဲ့ ပန်းချီကား တချို့ကို ဝယ်ယူ အားပေးတယ် ပေါ့လေ။ အကြောင်းအရာက စီးပွားရေးနဲ့ ပတ်သက်ပြီး အကြောင်းအရာ တခုခု ဖြစ်မှ စီးပွားရေး တက္ကသိုလ်က အားပေး ဝယ်ယူလို့ ဖြစ်မှာကိုး။ ဒါက ဈေးပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့ အကြောင်းပါ။ နောက်ပြီး တက္ကသိုလ်နယ်ကနေ အပြင် လောကရောက်လာ တော့လည်း ဈေးကို ရေးဖို့ အများကြီးလေ့လာရတယ်။ ကံကောင်းတာက ကျနော်က ပန်းချီ ရေးဆွဲ နေသလို ပန်းချီနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လေ့လာဖတ်ရှုခြင်းပဲ။
ကျနော် ပင်စင်ယူပြီး အသက် ၅၉ မှာ အပြောင်းအလဲ တခု ဖြစ်လာတယ်။ တညပေါ့ ဗျာ.. မီးပျက်တဲ့ည။ ကြည့်မြင်တိုင်မှာ ရှိနေတုန်းက ပေါ့။ မီးပျက်တော့ ကျနော်နေတဲ့ အိမ်နဲ့ မျက်စောင်းထိုး လောက်က အိမ်ကလေးက ညအမှောင်မှာ ဖရောင်းတိုင်လေး ထွန်းတယ်ဗျ။ အဲဒီ ဖရောင်းတိုင် အလင်းကို ကျနော် ရုတ်တရက် တွေ့လိုက်တယ်။ မှောင်မှောင် မည်းမည်း ညထဲမှာ ဖရောင်းတိုင်မီး အလင်းရောင်နဲ့ အနီးဝန်းကျင်က အရာဝတ္ထုတွေကို လှမ်းမြင်လိုက်တယ်။ အမှတ်တမဲ့ ပါပဲ။ အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အဖြူတွေ သွားမြင်လိုက်တယ်။ အဲဒီ တဒင်္ဂအချိန်ကလေးမှာပဲ Inspiration ရသွားတယ်။
ငါ ဒါကို ပန်းချီကားရေးမယ်၊ အမှောင်နဲ့ အလင်းကို ရေးမယ်၊ သို့မဟုတ် အနက်ပေါ်မှာ အရောင်တွေ ရေးမယ်ဆိုပြီး ဆိုပြီး ဖြစ်လာတာ။ ကျနော်က ပထမ အလင်းကို မြင်တယ်၊ နောက် အရောင်ကို မြင်တယ်။ ငါ ညဖွဲ့ ပန်းချီကားတွေ ရေးမယ် ဆိုပြီး ကိုယ့်ဘာသာကို သိမြင်ပြီး ဆုံးဖြတ်လိုက်တယ်။ ဒီကားတွေကို ပြပွဲလည်း လုပ်ရော (I am You) ဆိုပြီး အမည် ပေးတယ်။ ၃ ကားလောက် ရေးပြီးတော့ ရပ်သွားတယ်။ ဘာဆက်လုပ်ရမယ် ဆိုတာ မသိတော့ဘူး။
ဒါပေမယ့် ညကို ရေးဆွဲချင်တဲ့ စိတ်ကတော့ ရှိနေဆဲပဲ။ ဒါနဲ့ ညတွေကို မပြတ်လေ့လာတယ်။ Observation ပေါ့။ ကျနော့် ပန်းချီကားကို Inpression လို့ ပြောကြပေမယ့် အလင်းသက်သက် မဟုတ်ဘူး။ အရောင်တွေရဲ့ တွန်းထိုး ရုန်းကြွမှုကိုပါ ပန်းချီကားမှာ ပါတယ်။ အသက် ၆၀ ပြည့်တဲ့ နေ့၊ ၁၉၉၉ ခုနှစ်မှာ ပထမဆုံး တကိုယ်တော် ပြပွဲကို Orient ဂယ်လာရီမှာ Yangon Nights ဆိုပြီး ပြုလုပ်ခဲ့တယ်” လို့ ပြောပြပါတယ်။
ဆရာကြီးမြင့်စောဟာ သင်္ချာဆရာတဦး ပါ။ အနုပညာနဲ့ သင်္ချာက ဝိရောဓိကြီးမားပါတယ်။ သင်္ချာက အနုပညာ ဖန်တီးမှု အပေါ် ဘယ်လို သက်ရောက်မှု ရှိနေပါလိမ့်။ အနေအထိုင် ရိုးရှင်းပြီး အမြဲတမ်း ရိုးရှင်းပွင့်လင်းစွာ ပြောဆိုတတ်တဲ့ ဆရာ ကြီးမြင့်စောက အခုလို ရှင်းပြပါတယ်။
“သင်္ချာဆိုတာက ခံစားချက် မလိုဘူး။ ဖြစ်နေတဲ့ အတိုင်း လက်ခံတယ်၊ ယုံကြည်တယ်။ တနည်းအားဖြင့် သင်္ချာစည်းမျဉ်း စည်းကမ်းက ရလာတာကိုပဲ ယုံတယ်။ ရလဒ်ကိုပဲ ယုံတယ်၊ လက်ခံတယ်။ သင်္ချာ စဉ်းစားဉာဏ်က ပေးတာကိုပဲ လက်ခံတယ်။ တခြား ဘာကိုမှ မယုံဘူး။ ခံလည်း မခံစားဘူး။ အနုပညာကျတော့ ခံစားချက်။ ခံစားပြီးလုပ်တာ။ ခံစားချက်နဲ့ လုပ်ဆောင်တာ။ သင်္ချာနဲ့ အနုပညာက သဘာဝချင်း လုံး၀ မတူဘူး။ ဒါပေမယ့် အခုခေတ်မှာတော့ အားလုံး ပေါင်းစည်း သွားပြီ။ နောက်ပိုင်းမှာ တခုနဲ့ တခု ဆက်စပ်သွားပြီ။
ဥပမာ Surrealism ဆိုပါတော့..၊ အမြင်ကို ရေးတာကို မဟုတ်ဘူး။ စိတ်ပိုင်း ခံစားမှုနဲ့ အိပ်မက်အမြင်ကို ရေးတာ မဟုတ်လား။ မွန်ဒရီးယန်း ဆိုရင် သင်္ချာနဲ့ ဆက်စပ်တာ တင်ပြတယ်၊ ဂျက်ဆင်ပိုးလော့ ကျတော့ ဘာမှ တွက်ချက် မနေဘူး၊ သူ့စိတ်မှာ ခံစားရတဲ့ အတိုင်း ရေးဆွဲတာ မဟုတ်လား။ အခုတော့ ဒီနှစ်ခု ပေါင်းစည်းသွားပြီ။ အပိုင်းအကန့် ခွဲလို့ မရတော့ဘူး။ သင်္ချာကတော့ သင်္ချာအတိုင်း ထားတယ်၊ အနုပညာသမားကတော့ သင်္ချာကို သူ့ရဲ့ ဖန်တီးမှုမှာ ထည့််သွင်း အသုံးပြုလာတယ်။
ကျနော့် အနေနဲ့ ပန်းချီဟာ ရေးနေတဲ့ အချိန်မှာ ခံစားမှု ရှိနေတယ်။ တချိန်တည်းမှာပဲ စဉ်းစားနေရတယ်။ ခံစားမှုနဲ့ စဉ်းစားမှုကို မျှတညီညွတ်အောင် လုပ်တယ်။ အရောင်တွေ အလင်းတွေကို ခံစားတယ်၊ စဉ်းတယ်။ ပြောရရင် သင်္ချာက ကျနော့် ဖန်တီးမှုကို အနှောက်အယှက် မဖြစ်ဘူး။ အထောက်အကူ ဖြစ်နေပါတယ်။
ညကို ဘာကြောင့်ရေးတာလဲ။ ပျော်လို့ ရေးတာ။ ခံစားပြီး ရေးတာနဲ့ အတူ စဉ်းစားမှုနဲ့ ရေးရတာကို ပျော်နေတယ်။ ပျော်လို့ ဆက်လုပ်နေတယ်။ ကျနော့် အသက်ကြီးပြီ၊ အခု အထိ အလင်းကို ရှာနေတာလား၊ အလင်းကို တွေ့နေတာလား မသိဘူး။ ဒါပေမယ့် အလင်းကို တမ်းမက်ပြီး ကျနော် ဒီပန်းချီ ညကားတွေ ရေးနေပါတယ်” လို့ ပြောပါတယ်။
ပုံတူ (portrait) ရေးဆွဲခြင်းနဲ့ ပတ်သက်ပြီး ဆရာကြီးမြင့်စော ဘယ်လိုယူပါလိမ့်။ သူ့အယူအဆကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာက ပေါ့ထရိတ်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“ပေါ့ထရိတ်နဲ့ ပတ်သက်ပြီး ပြောရရင် လီယိုနာဒိုရဲ့ မိုနာလီဇာကို နမူနာယူ ပြောရင် ရမယ် ထင်တယ်။ ပေါ့ထရိတ်မှာ အချက် သုံးချက် ပြည့်စုံရမယ် လို့ ကျနော် ယူဆတယ်။ ပထမ အချက် တူရမယ် ပေ့ါ။ တူရုံနဲ့ ပြီးပြီလား။ မပြီးသေးဘူး။ ဒုတိယ အချက်က ကာရိုက်တာ (Character) မိရမယ်။ ရေးဆွဲခံရသူရဲ့ စရိုက်လက္ခဏာ စိတ်နေစိတ်ရင်းကို ဖော်ပြနိုင်ရ မယ်ပေါ့။ တတိယ အချက်က ရေးတဲ့သူ ပါရမယ် လို့ ယူဆတယ်၊ အဲဒီလိုပဲ မြင်တယ်။ ရေးတဲ့လူ ပါရမယ် ဆိုတာက ဒီလိုပါ။
ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ကြည့်ပါ။ အဲဒီပန်းချီကားမှာ ရေးဆွဲသူ ပါနေတာကြောင့် ယနေ့အထိ မရိုးနိုင်ဘူး။ အမြဲ သစ်လွင်နေတယ်။ ဘာတွေ သစ်လွင်တာလဲ။ နှစ်ပေါင်းများစွာ ကြာပြီ၊ ကင်းဗတ်တွေ၊ ဆေးတွေကတော့ သစ်လွင်နေတာမျိုး မရှိနိုင်တော့ဘူး။ ဒါပေမယ့် ပန်းချီကားကို ကြည့်ရှုခံစားရမှု ကတော့ ကြည့်တိုင်း သစ်လွင်နေတယ်၊ ကြည့်ရှုသူတွေရဲ့ ကိုယ်ခံအား အနိမ့်အမြင့် မတူပေမယ့်.. ကြည့်ရှုတိုင်း တခုခုတော့ ခံစားမှု ရနေတယ်။
ဘာခံစားမှု ရတာလဲ ဆိုတာတော့ ကြည့်သူရဲ့ ကိုယ်ခံစား အရ ဖြစ်မှာပေါ့။ ကျနော် ယူဆတာက လီယိုနာဒိုရဲ့ စိတ်ခံစားမှုဟာ သူ့ရဲ့ လက်နဲ့ စုတ်တံများက တဆင့် မိုနာလီဇာ ပန်းချီကားထဲကို ဝင်ရောက်သွားတာပဲ။ အဲဒီ စိတ်ခံစားမှုက ကြည့်ရှုသူကို အမြဲတမ်း ရိုက်ခတ်စေတာပဲ။ အဲဒါဟာ အနုပညာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ပီကာဆိုက Art is Sharing. (အနုပညာဆိုတာ မျှဝေခြင်း) လို့ ဆိုပါတယ်။ ဘာတွေကို မျှဝေတာလဲ ဆိုတော့ အနုပညာရှင် ရဲ့ စိတ်ခံစားမှုကို ကြည့်ရှုသူ တဦးတယောက်ဆီ မျှဝေခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီသဘောကို ဆရာကြီးမြင့်စောက အခုလို ဆက်ပြီး ရှင်းပြပါတယ်။
“နောက်ထပ် ဥပမာ တခု ထပ်ပြောပါဦးမယ်။ ကမ္ဘာ့ စာပေမှာ အလွန်ထင်ရှားတဲ့ မဒမ်ဗိုဗာရီ ဆိုတဲ့ ဝတ္ထုကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး ဖလော်ဗဲ ပြောတဲ့ စကားပါ။ လောက အကြောင်း၊ ဘ၀ အကြောင်း၊ လူသားရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ခံစားမှုကို ဖော်လှစ်ပြတဲ့ ဝတ္ထုပါ။ သူနဲ့ အင်တာဗျူးတခု လုပ်တယ်။ အင်တာဗျူးတဲ့ သူက ဒမ်ဗိုဗာရီ ဆိုတာ ဘယ်သူပါလဲ ဆိုပြီး မေးတယ်။ သူက I am. (ကျုပ်ပဲ) လို့ ပြန်ဖြေတယ်။ အဲဒီ ဝတ္ထုထဲမှာ ပါတဲ့ မဒမ်ဗိုဗာရီ ဆိုတာ စာရေးသူရဲ့ အတွေး စိတ်ကူးနဲ့ ပုံဖော်တင်ပြတာ ဖြစ်ပေမယ့် သူကိုယ်တိုင် ပါဝင်နေတယ် ဆိုတာ ပြောတာပဲ။
ဒါကြောင့် ပေါ့ထရိတ်ရေးမယ် ဆိုရင် ရေးဆွဲခံရတဲ့သူရဲ့ သွင်ပြင်လက္ခဏာ တူရမယ်။ ရေးဆွဲခံရသူရဲ့ စရိုက်လက္ခဏာ ပေါ်လွင်ရမယ်။ နောက် ရေးဆွဲသူရဲ့ စိတ်ခံစားမှုလည်း ပါရမယ် လို့ ပြောတာပါ။ ရေးဆွဲသူရဲ့ စိတ် စေတနာ ခံစားမှု၊ တနည်းပြောရရင် Emotion ပါရမယ်ပေါ့”
ပန်းချီဆရာကြီးမြင့်စောကို ၁၉၃၉ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း တွံတေးမြို့နယ် ခနောင်ရွာတွင် အဖ ဦးစိန်ဟံ အမိ ဒေါ်စောကြင်တို့မှ မွေးဖွားသည်။ သူသည် ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါခဲ့သည်။ သူငယ်တန်းမှ ၁၀ တန်း အထိ (၁၉၄၈ မှ ၁၉၅၈ အထိ) ရန်ကုန်မြို့ ပြည်လမ်းရှိ TTCတွင် တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၇၃ တွင် စီးပွားရေး တက္ကသိုလ် “မိုးရနံ့” ပန်းချီပြပွဲမှ စတင်ကာ ပန်းချီပြန်ရေးဖြစ်ခဲ့သည်။
၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် အသက် ၇၅ နှစ် ပြည့် မြောက် ဆရာကြီးမြင့်စောရဲ့ မွေးနေ့ စိန်ရတု အမှတ်တရ အဖြစ် I am the Night, I am the Light တကိုယ်တော်ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်း၌ ဧပြီ ၂၃ မှ ၂၇ ရက်နေ့ အထိ ကျင်းပခဲ့သည်။