အမြဲကျော့မော့ နေတဲ့ လူထုခေါင်းဆောင်ကို အိုမင်းရင့်ရော်နေတဲ့ အမယ်အိုကြီး အဖြစ် သရုပ်ဖော်ထားတဲ့ ပန်းချီကားကြီး တကား ရှိပါတယ်။ အဲဒီ ပန်းချီကားမှာ ပါတဲ့ ၁၀၅ ၊ ၂၀၅၀ ဆိုတဲ့ ကိန်းဂဏာန်းတွေကို သတိမထားမိဘူး ဆိုရင်တော့ ထောက်ခံသူတွေက စိတ်ဆိုးကြတော့မှာပါ။
“အသက် ၁၀၅ နှစ်မှာ ဖြစ်ပေါ်လာမယ့် အသားအရည်၊ အရေးအကြောင်းတွေကို ရေးပြထားတာပါ။ အသားအရည်၊ အရေးကြောင်း တွေက ဇရာကြောင့် တွန့်သွားပေမယ့် သူရဲ့မျက်လုံးကို ကြည့်ပါ။ တိုင်းပြည်အတွက်ဆို အမြဲတောက်ပနေတယ် ဆိုတာကို သရုပ်ဖော် ထားတာပါ” လို့ ပန်းချီလှထွန်းက ပြောပါတယ်။ Daw Su 2050 လို့ နာမည်ပေးထားတဲ့ ဒီပန်းချီကားကို River Gallery က စီစဉ်တဲ့ Myanmar 2050 ဆိုတဲ့ ပန်းချီပြပွဲမှာ ထည့်သွင်း ပြသထားတာ ဖြစ်ပါတယ်။
Myanmar 2050 ပန်းချီပြပွဲမှာ ပန်းချီဆရာ ၃၅ ယောက်ပါဝင်ပြီး သူတို့ စိတ်ကူးထဲက အနာဂတ် မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေကို ဖန်တီး တင်ပြထားတဲ့ ပန်းချီပန်းပု ၄၀ ခန့်ပြသထားပါတယ်။ ပန်းချီမြတ်ကျော့က သူ့ရဲ့ သက္ကရာဇ် ၂၀၅၀ စိတ်ကူးကို အသင့်သုံးပစ္စည်းတွေ ဖြစ်တဲ့ အိုးခွက်၊ ပန်းကန်၊ ဒယ်အိုး၊ ဇွန်းခရင်းတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းပုရုပ်ကြီး အဖြစ်ဖန်းတီးထားပါတယ်။
ဒီအနုပညာလက်ရာနဲ့ ပတ်သက်လို့ ပန်းချီမြတ်ကျော့က “ဒီပန်းပုရုပ်ကြီးက အရှိန်အဟုန်နဲ့ သွားနေတာပါ။ ဒီပန်းပုမှာ ပါတဲ့ ပစ္စည်းအစုံက မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုပါတယ်။ ကိုးကွယ်ရာ မတူတာတွေ ပါတယ်။ အခုချိန်မှာ မညီညွတ်ကြပေမယ့် ၂၀၅၀ ကျရင်တော့ ပိုပြီး ညီညွတ်တဲ့ ပိုပြီးတိုးတက်တဲ့ ပိုပြီး အရှိန်အဟုန်ပြင်းတဲ့ မြန်မာနိုင်ငံကို ပုံဖော်ထားတာပါ”လို့ ဆိုပါတယ်။
ပန်းချီမြင့်စံမြင့်က တသောင်းတန်ငွေစက္ကူမှာ ဗိုလ်ချုပ်ပုံကို ရိုက်နှိပ်ထားသလို ငါးထောင်တန် ငွေစက္ကူမှာ ဒေါ်အောင်ဆန်းစုကြည် ပုံကို ရိုပ်နှိပ်ထားတဲ့ ပန်းချီကားကို ပြသထားပါတယ်။ “ကျနော်တို့ဆီက ပိုက်ဆံတွေက လူပုံမပါတာ တော်တော် ကြာပြီလေ” လို့ ဆိုပါတယ်။
ပန်းချီနီပိုဦး ကလည်းသူ့ရဲ့ Remained Unchanged လို့ နာမည်ပေးထားတဲ့ ရိုးရာအက ပန်းချီကားနဲ့ ပတ်သက်လို့ “သိပ္ပံနည်းပညာ တွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ကတော့ ဆက်လက်ရှင်သန်နေဦးမယ် ဆိုတာကို ခံစားရေးဆွဲ ထားတာပါ” လို့ု ဆိုပါတယ်။
Myanmar 2050လို့ အမည်ပေးထားတဲ့ ဒီပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၇ လမ်းရှိတဲ့ River Gallery မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။