Culture

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

Want create site? Find Free WordPress Themes and plugins.

ကဗျာကို ရှုရှိုက်ပြီး ကဗျာနဲ့ အသက်ရှင်နေသူဆိုတဲ့ မောင်ယုပိုင်ကို ၁၉၆၅ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်၊ မြိတ်ကျွန်းစု ဇာတိဖြစ်တဲ့ သူဟာ အခု စုစည်းမှုထဲမှာပါတဲ့ အချိန်ပြည့် ပရော်ဖက်ရှင်နယ် ကဗျာဆရာ အလုပ်ကိုပဲလုပ်တဲ့ အောင်ချိမ့်လိုပဲ ကဗျာကလွဲလို့ တခြားအလုပ်မလုပ်ပါဘူး။

မေး။   ။ ခင်ဗျား ဘယ်တုန်းက ကဗျာစရေးတာလဲ

ဖြေ။   ။ ကဗျာကို ၂၀၀၁ ခုနှစ်လောက်မှာ စရေးတယ်၊ မဂ္ဂဇင်းမှာ သုံးပုဒ်လောက်ဖေါ်ပြခံ ရပြီးတဲ့ နောက် မိမိကိုယ်ကို ပရော်ဖက်ရှင်နယ် ကဗျာဆရာအဖြစ်ခံယူမိ ၊ ဒါပေမဲ့ ကဗျာရေးသက် ၅နှစ်လောက် အကြာ (၂၀၀၅ခုနှစ်လောက်မှာ) မြန်မာခေတ်ပေါ်ကဗျာရဲ့အချိုးအကွေ့ (အထူးသဖြင့် ဇေယျာလင်း မိတ်ဆက်တဲ့ ဘာသာစကားအခြေပြုကဗျာဗေဒ) တခုနဲ့ ကြုံပြီး ကဗျာရေးဖွဲ့ပုံအသစ်ဖန်တီးမှုနောက် ပြန်လိုက်တဲ့ အချိန် ကစလို့ မိမိကိုယ်ကို ကဗျာသင်တန်းသားတစ်ယောက်အဖြစ်သာမြင်လာ ၊  IWP ကပြန်လာတဲ့နောက်မှာတော့ မိမိကိုယ်ကို “မြန်မာကဗျာဆရာ” တယောက်ဖြစ်မှု အပေါ်မှာရော ကဗျာဆရာရယ်လို့ ခေါ်ဆိုနိုင်တဲ့ အနေ အထား ကိုရော ပြန်မေးခွန်းထုတ်စရာတွေဖြစ်လာတယ် ။ ကမ္ဘာ့အလည်မှာ ချပြလို့ရတဲ့ မြန်မာ ကဗျာဆရာ တွေရဲ့ ကဗျာတွေ ရှိပါတယ် ။ ကျနော့်အတွက်တော့ ကဗျာဆရာတစ်ယောက်အဖြစ် ခေါ်ဆိုနိုင်ဖို့ လုပ်စရာတွေအများကြီးကျန်နေသေးတယ်လို့ ထင်တယ် ။

မေး။   ။ ခင်ဗျား ကဗျာနေ့တိုင်းရေးဖြစ်လား

ဖြေ။   ။ ကဗျာကို နေ့တိုင်းရေးဖြစ်တာ နည်းပါတယ် ။ ပုံမှန်မရှိပါဘူး ။ တခါတလေတော့ သုံးလေး ရက် ဆက်တိုက် ရေးဖြစ် ၊တခါတလေ တလနှစ်လကြာမှ တပုဒ် ၊ တခါတလေ တနှစ်ပတ်လုံးကြာမှ တပုဒ် ။ ၂၀၀၄ ၂၀၀၅ ကစလို့ ဘာသာစကား အခြေပြု ကဗျာဗေဒတွေ (ဇေယျာလင်းအားထုတ်မှုနဲ့) လေ့လာ သိရှိခွင့်ရပြီး ကဗျာရေးဖွဲ့မှုအပေါ်  ပြောင်းလဲမှု အကျိုးသက်ရောက်မှုတွေရှိလာတယ် ။ ဘာတွေလဲဆိုတာတော့ စာအုပ် တအုပ်စာလောက် ပြောစရာရှိနေတယ် ။ အထူးသဖြင့်တော့ မိမိရောက် ရှိနေတဲ့ ခေတ်ပြိုင်ကမ္ဘာလောက ကို သိလာပြီး ဒီခေတ်ပြိုင်ကမ္ဘာလောကကို ထင်ဟပ်ဖို့ တုံ့ပြန်ဖို့ မိမိရဲ့ကဗျာအမြင် ကဗျာသိမှုတွေကို Update လုပ်ခြင်းပါပဲ ။

ကဗျာအသစ်စမ်းသပ်မှုတွေ စလုပ်ခဲ့ချိန်ကနေ ငါးနှစ်လောက်အထိတော့ ပုံသဏ္ဍာန် အသစ်ဖြစ်ရေး ကိုသာ ပိုအာရုံစိုက်လုပ်ခဲ့မိတယ် ။ ကျနော်တို့ နိုင်ငံ အစစ နောက်ကျခဲ့တဲ့ အထဲ ကဗျာအရွေ့လည်း ပါလေ တော့ ကျနော်တို့ အသစ်ပြုလုပ်တဲ့ အရာဆိုတာ အမေရိကမှာ လွန်ခဲ့တဲ့အနှစ် ၂၀က ပြီးသွားခဲ့ တဲ့ ဟာပဲ ။ ဒါပေမဲ့ အခုမှသိလည်း အခုမှစရမှာပဲလေ ။ စတော့လည်း ပုံသဏ္ဍာန်အသစ် ရှာဖွေမှုတွေ နောက် လိုက်မိတာပဲ ။

ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်အနေနဲ့က ကဗျာအမျိုးအစား အသစ်တွေ အများကြီးရှိသေးတာ သိလာတဲ့အပြင် ကဗျာဖြစ်နိုင်ချေ ဓာတ်ပြုပစ္စည်းနဲ့ နည်းလမ်းတွေ အများကြီးရလိုက်တာပဲ ။ ဒီနေ့မှာ တော့ ကျနော့်ရဲ့ ကဗျာ အမြင်က ပြောင်းလဲလာခဲ့ပြန်တယ် ။

ပုံသဏ္ဍာန် အပေါ် အာရုံစိုက်လွန်း နေခြင်းနဲ့ ဘာသာစကား အပေါ်ဗဟိုပြုနေခြင်းကို ပြန်စွန့်ပယ် လိုက်တယ် ။ ကဗျာအသစ်ရဖို့ အားထုတ်မှုကနေ ကဗျာဖြစ်ဖို့ကိုပဲ ပြန်နှလုံးသွင်းမိလာတယ် ။ ကဗျာတပုဒ်ဟာ ကဗျာ တကယ်ဖြစ်ရင် အသစ်ဖြစ်ပြီးသားပဲလို့ ကျနော် ယူဆတယ်။

ကဗျာဟာ လူရဲ့သိမှုတနေရာမှာ စကြာဝဠာ အဖွဲ့အစည်း တခုလို စုဖွဲ့လာတဲ့ အာရုံအခိုက်ဓာတ်ကို ဘာသာ စကားနဲ့ အမိအရ ဖမ်းဆုတ်ထုတ်ပိုးပြခြင်းပဲ ။ ဒါကြောင့်ပဲ ကဗျာဟာ ကျနော့်အတွက် အမြဲ ခက်လည်းခက် သစ်လည်းသစ် ပြီးသားပဲ ။ ဘာသာစကားရဲ့မရေရာ မသေချာမှုဆိုတဲ့အစွန်းကိုတော့ ကျနော် မသွားတော့ဘူး ။

ဘာမှ မသေချာရင် ဘာမှမရေးရုံပဲလေ ။ မသေချာဆုံးသောကိစ္စတွေကို အသေချာဆုံးစာသားနဲ့တော့ ထုတ်ပိုးပြရမှာပဲ ။ ဘာသာစကားအပေါ် ဖျင်တာတွေ နွှာတာတွေ အဆက်အစပ်မဲ့စေတာတွေက ဘာသာ စကားကို မီဒီယာ တခုလို ဝါဒဖြန့်မှု တခုလို ပါဝါတခုလို တည်ဆောက်ဖို့ လွမ်းမိုးကြီးစိုးဖို့ အသုံးချခဲ့မှုတွေအပေါ် ပြန် မေးခွန်းထုတ်ရာမှာ သုံးဖို့လောက်ပဲလို့ ကျနော်ယူဆပါတယ် ။

ကျနော့်အနေနဲ့တော့ အမြဲတမ်း ဘာသာစကားကိုအခြေပြုရေးဖွဲ့ရမယ်လမ်းကို မရွေးပါဘူး။ လောလောဆယ်မှာတော့ ကဗျာရေးဖွဲ့ခြင်းဆိုတာ မိမိသိမှုကို လာပြီး ရှော့ခ်ဖြစ်စေတဲ့ ကဗျာဓာတ် ထွက်လာအောင် ငွေ့ရည်ဖွဲ့နေတဲ့ အကြောင်းအရာ အခြေအနေတွေကို အာရုံပြုပြီး အကောင်းဆုံး ဘာသာစကားတွေနဲ့ ထုတ်ပိုးပြခြင်းပဲ ။ ကျနော်အတွက်တော့ ကဗျာသန္ဓေသားလောင်းတွေဟာ ရုပ်ရှင်တကား သီချင်းတပုဒ် ခရီးလမ်းတခု သတင်းတပုဒ် မိသားစုအရေး မကြုံဖူးတဲ့ အတွေ့အကြုံ အသစ် ဒါတွေကနေ အများဆုံး လာတတ်ပါတယ် ။ ဒီထက်ပိုပြီး ကျနော်အလေးအနက် ထားတဲ့ ကဗျာဓာတ်ကူးမှုတခုကတော့ ကိုယ် ကိုယ်တိုင်က ကဗျာသန္ဓေတည် ကဗျာမျိုးပွားချင်စိတ်နဲ့ အာရုံခံအင်္ဂါတွေတင်းမာနိုးကြားတဲ့ အခိုက်အတန့် ကာလကိုရနေခြင်းပဲ ။

အဲဒီ ပဉ္စလက်ဆန်တဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ် အချိန်ကို ရနေလို့က ကိုယ့်ရှေ့က ဖန်ခွက်တစ်ခွက် စားပွဲ တလုံးကအစ ကဗျာဖြစ်လာနိုင်တာပဲ ။ ဒီလို သီအိုရီနဲ့ဖမ်းဖို့မလွယ် တုပဖို့မလွယ် ကြိုးစား အားထုတ် တိုင်းမဖြစ်တဲ့ ပဉ္စလက်ဆန်မှုတခု အမြဲကိန်းအောင်းနေခြင်းကပဲ ကဗျာကို သမိုင်းတလျှောက် အမြဲခက် အမြဲသစ်နေစေတယ်လို့ ထင်ပါတယ် ။

တခါတလေ အကြောင်းအရာတခုတည်းမှာ တည်မှီလာတဲ့ ကဗျာရေးဖွဲ့မှုတွေရှိသလို တခါတလေ တခု ထက်မကတဲ့ အကြောင်းအရာတွေ အပြိုင်ဖြစ်နေတဲ့ ကဗျာရေးဖွဲ့မှုတွေလည်း ရှိတာပေါ့။

ဒီထုတ်ပိုးတဲ့ အဆင့် ရေးဖွဲ့ ဖန်တီးမှု အဆင့်မှာ မမျှော်လင့်ထားတဲ့ အာရုံအခုန်တွေ အရွေ့တွေ ထပ် ဝင်လာတဲ့ အကြောင်းအရာတွေနဲ့ ရင်ဆိုင်ရတာတွေပါ ပါပြီးသားပါပဲ ။ ဒါဟာ ပင်မရေစီးကဗျာတွေလို စလယ်ဆုံး သိနေတဲ့ ကိစ္စ အကြောင်းအရာ အခြေအနေတရပ်ကို ဘာသာစကားနဲ့ ကဗျာအဖြစ် စပ်ပြခြင်းထက် ပိုသလို ဘာသာ စကား အခြေပြုကဗျာတွေ စမ်းသပ်စဉ်က လုပ်ခဲ့တဲ့ တခုခုချရေးရင်း ကျပန်းအာရုံတွေနောက်လိုက်ရင်း ရေးဖွဲ့ တဲ့ ရေးသားခြင်း ဖြစ်စဉ်ကသာ ကဗျာဖြစ်တယ်ဆိုတဲ့ အယူအဆကိုလည်း ငြင်းပယ်ပြီးသားဖြစ်တယ်လို့ မြင်ပါတယ် ။

ကျနော် အတွက်တော့ ကျနော်နဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင်/လူ့အဖွဲ့အစည်းက ကျနော် ကဗျာရေး သားခြင်း အပေါ် ရိုက်ခပ်မှုအရှိဆုံးပါပဲ ။ တခါတလေတော့ ကမ္ဘာကြီးအကြောင်း တခါတလေတော့ ကျွန်တော့်အိမ်က ခွေးလေးအကြောင်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ကျနော် လူသားအဖြစ်ကျရောက် နေတဲ့ (ကမ္ဘာကြီးလည်းမဟုတ် ရန်ကုန်မြို့လည်းမဟုတ် ခင်ဗျားဘဝလည်းမဟုတ်တဲ့) တသီးတခြား ကာလ ဒေသ ပယောဂထဲက အဖြစ်အပျက် တွေကို ထုတ်ပြဖို့ ကဗျာအဖြစ်အသွင်ပြောင်းပြီး ပြဖို့ လိုအပ်တယ်လို့ ကျနော်ထင်လို့ပဲ ။

မြန်မာပြည်မှာ ကဗျာဆရာ ဖြစ်ရတဲ့ကိစ္စဟာ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ် ။ ကဗျာဆရာဘဝကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကဗျာဆရာအဖြစ် ဆက်သွားဖို့ ကဗျာဝိညာဉ်နဲ့ ဆက်အသက် ရှင်ဖို့ သူ့အလိုလိုဖြစ်နေတယ်လို့ထင်ပါတယ် ။ လုပ်ချင်လို့ လုပ်နေတာဖြစ်ပြီး ဖြစ်ချင်လို့ဖြစ်နေရုံပါ ။

ကိုယ် ကြိုက်ကြိုက် မကြိုက်ကြိုက် အဲဒီကဗျာဝိညာဉ်ကြီးက ဂုတ်အပေါ်ခွစီးပြီး ဘဝတလျှောက်လုံး လိုက်ပါနေတာကို သတိထားမိလာတဲ့ တနေ့ဟာ တနည်းအားဖြင့် ပရော်ဖက်ရှင်နယ် ကဗျာရေးသူ ဘဝကို ရောက်မှန်းမသိရောက်လာခြင်းပဲ ဆိုနိုင်မလား ။

မေး။   ။ စစ်အစိုးရလက်ထက် ကဗျာရေးရတာရော ဘယ်လိုလဲ

ဖြေ။   ။ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် လုံးဝမရှိခဲ့တဲ့ စစ်အစိုးရလက်ထက်တလျှောက်မှာ ကဗျာရေး ရတာဟာ ပိုအရသာရှိ ပိုလှပခဲ့ပါတယ် ။ အဲဒီကာလက ကဗျာရေးသူတွေဟာ ဆိုးရွားတဲ့ ခေတ်စနစ်ကို ထင်ဟပ်ဖို့နဲ့ တုံ့ပြန်ဖို့ စိတ်အားထက်သန်ခဲ့ကြသလို အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ငြိနိုင်တဲ့ အကြောင်း အရာတွေ ဆင်ဆာဖြတ်တောက် ခံရနိုင်တဲ့ အရေးအသားတွေကို လှည့်ပတ်ရေး ရပြန်တော့ ကဗျာရဲ့ ဖွဲ့စည်းပုံတွေ အဆင်အကွက်တွေ နိမိတ်ပုံ သင်္ကေတသုံးစွဲမှုတွေ ပိုကြွယ်ဝဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်တယ်။

ဒါပေမဲ့ ဘယ်လိုမှ ထည့်သုံးခွင့်မရှိတဲ့ စကားလုံးတွေ အကြောင်းအရာတွေ ကျန်နေသေးသလို အာဏာ ရှင် သက်တမ်း ကြာလာတာနဲ့ အမျှ ကျနော်တို့ ကိုယ်တိုင်က (အထူးသဖြင့် မဂ္ဂဇင်းကဗျာတွေက ) ကဗျာရေးဖွဲ့ စဉ်မှာ ကိုယ့်ရဲ့ကဗျာအတွေး ကဗျာစကားလုံးတချို့ကို အလိုလျောက် ဆင်ဆာ ဖြတ်တောက်မိသလို ဖြစ်လာပါတယ်။

ခေတ်ရဲ့အပြောင်းအလဲတွေ ကမ္ဘာကြီးရဲ့ ပြောင်းလဲလာခဲ့တဲ့ ဖြစ်ရပ်တွေကို ကဗျာနဲ့ဖေါ်ပြဖို့ဆို ဆင်ဆာကတ် ကြေးအောက်က မလွတ်မြောက်နိုင်သေးတဲ့ ကဗျာအတွေးအရေးတွေနဲ့ မလုံလောက် တော့ပါဘူး ။ ဒါကပဲ ကျနော်တို့ရဲ့ ခေတ်ပေါ်ကဗျာဆိုတာကို ငြီးငွေ့စရာကောင်းလာစေတဲ့ ကိစ္စ ပင်မရေစီးဖြစ်လာစေတဲ့ကိစ္စ ဖြစ်ပါလိမ့်မယ် ။

ယနေ့မှာတော့ ကျနော်တို့ဟာ လွတ်လပ်စွာရေးသားခွင့်ရလာပြီလို့ ဆိုနိုင်ပါတယ် ။ ဒါပေမဲ့လို့ အကန့်အသတ် ဘောင်တစ်ခုထဲ အနှစ်လေးဆယ်လောက် နေခဲ့ရတဲ့ ကဗျာအတွေး ကဗျာအရေး တွေဟာ ခေတ်သစ် စာမျက်နှာ တွေအတွက် အသင့်ဖြစ်ပါ့မလား စဉ်းစားစရာပါပဲ။

အာဏာရှင်လက်ထက်တလျှောက် အတောင်ချိုးခံထားရတဲ့ ကဗျာရေးသူတွေအတွက် လွတ်လပ်တဲ့ ကဗျာကောင်းကင်ထဲ ပျံဖို့ နှောင့်နှေးမှုတွေနဲ့ကြုံရတယ်။

နောက်တဖက်က လွတ်လပ်တဲ့ခေတ် မြန်ဆန်တဲ့ နည်းပညာနဲ့ မီဒီယာတွေခေတ်မှာ ပေါ်ပေါက်လာတဲ့ ကဗျာမျိုးဆက်တွေ အနေနဲ့လည်း အတိတ်ရဲ့လှောင်ချိုင့်ထဲက ခေတ်ပေါ်ကဗျာရဲ့  ရှင်သန်အောင် ရုန်းကန် ခဲ့ရတဲ့ အတွေ့အကြုံတွေ နည်းလမ်းတွေကို မေ့ပျောက်နေတယ်လို့ ကျနော်မြင်မိတယ် ။ အားလုံးတော့ မဟုတ်ပါဘူး။

ထုတ်ဖော်ပြောဆို ရေးသားပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် တကယ့် ဖြစ်ရပ်မှာတော့ ဒါက တကယ်တည်ရှိ နေတဲ့ အရာမဟုတ်ပါဘူး။ ဆင်ဆာဖြတ်တဲ့ ခေတ်တုန်းက ကိုယ့်အရေးအသားကို သူတို့ဖက်က  လက်ခံလိုက်တာနဲ့ ပြီးပြီ။ အဲဒီနောက်ပိုင်း အကျိုးဆက်ဆိုတာ မရှိဘူး၊ အခုကျတော့ ရေးချင်တာကို တော့ လွတ်လွတ်လပ်လပ် ရေးလို့ရတယ်၊ ဒါပေမယ့် ကိုယ်ရေးလိုက်တဲ့ အရာအတွက်တော့ ကိုယ်က အဖမ်းခံရနိုင်တယ်။

ယနေ့ မြန်မာကဗျာဟာ စစ်အစိုးရခေတ်နဲ့ ယနေ့အစိုးရခေတ် ခေတ်နှစ်ခေတ်ကြားက အတွေ့အကြုံနဲ့ ရေးသားဟန်တွေကို ပေါင်းကူးပေးနိုင်သူတွေ ရောစပ်ဖန်တီးပြနိုင်သူတွေလက်ထဲမှာ ရှိလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်နဲ့မိသားစုဘဝက ကျွန်တော့်ရဲ့ကဗျာဆရာဘဝကို စိန်ခေါ်ပါ တယ်။ ဒါကလည်း မြန်မာနိုင်ငံက ကဗျာရေးသူအားလုံးနီးပါး ကြုံရတတ်တဲ့ အထူးအဆန်းမဟုတ်တော့တဲ့ အခြေအနေပါပဲ ။

ကျွန်တော်တို့ဆီမှာ ကဗျာဆရာနဲ့ကဗျာရေးသားဖန်တီးနေသူတွေကို လေးစားအသိမှတ်ပြုမှု မရှိ သလောက် နည်းပါးနေပါသေးတယ် ။ ကဗျာရေးသူတွေက လေးစားအသိမှတ်ပြုခံလိုမှုနဲ့ ကဗျာ ဆရာဘဝကို ရွေးချယ်ခဲ့ကြ တာ မဟုတ်ပေမယ့် ကိုယ့်ရဲ့အနုပညာကို တန်ဖိုးမထားတတ် သူတွေကြား မှာ နေထိုင်ရခြင်းဟာ ကြာလာတာနဲ့ အမျှ ကဗျာရေးသားသူတွေအတွက် ပိုခက်ခဲလာစေပါတယ်။

ကျနော် အရွယ်ရောက်လာချိန်မှာ ငွေရှာဖို့ကိစ္စဟာ ပထမကိစ္စလို့ ထင်မြင်လာစေတဲ့အထိ ကျွန်တော့်မြို့ ကျနော့် ပတ်ဝန်းကျင်က တောင်းဆိုခဲ့တယ် ။ ကျနော်လည်း ကျောင်းပြီးကတည်းက အလုပ်တွေ တနေရာပြီး တစ်နေရာ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

ကိုယ့်ပတ်ဝန်းကျင်က တောင်းဆိုတဲ့ အလုပ်အကိုင်ရှိ လူငယ်ဘ၀ ဝင်ငွေရှိလူငယ်ဘဝကို ဖြတ်သန်းရတာ ကျနော်အတွက် ပျော်စရာလည်းမရှိ အဓိပ္ပါယ်လည်းကင်းမဲ့လှပေမယ့် ကျနော် တတ်စွမ်းသလောက် အတိုင်း အတာတခုအထိ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ် ။

တကယ်တမ်း ကိုယ့်ပတ်ဝန်းကျင်က တောင်းဆိုတာဟာ ဒီထက်တောင် ရက်စက်ပါသေးတယ် ။ သူတို့က ငွေရှာတဲ့လူငယ်အဖြစ်ကို တောင်းဆိုရုံမက သူတို့နဲ့မတူတဲ့ လူတစ်ယောက်ဖြစ်နေမှု ဆိုပါစို့ အနုပညာ/ ကဗျာ ဖန်တီးသူတစ်ယောက်ဖြစ်နေမှု အပေါ်မှာပါ မလိုလားကြတာ ဖယ်ရှားချင်ကြတာ သူစိမ်းဆန်မှုဖြစ်နေတာ သိလာရတာပဲ ။

တခြား မြို့ရွာတွေမှာတော့ မပြောတတ်ဘူးပေါ့ ။ ဒါက ကျနော်ရဲ့ဇာတိမြို့ကျွန်းပေါ်မှာ ယနေ့အထိ ကြုံနေရတဲ့ ကိစ္စပါပဲ။

ဒါက မေးခွန်းကို ဖြေကြားခြင်းသက်သက်ပါပဲ ။ ဒီလိုဖြစ်ပျက်တဲ့အခြေအနေတွေဟာ ကျနော်အဖို့ သမရိုးကျ ကိစ္စတခုလိုတောင် ဖြစ်လို့ အသားကျလို့နေပါပြီ ။ ကျနော်အနေနဲ့ ပတ်ဝန်းကျင်လူ့အဖွဲ့ အစည်း ကိုလည်း အပြစ်မတင်ရစ်ပါဘူး ။

ငွေကြေးနောက်ကို ဘဝနဲ့လှဲပြီး လိုက်ကြတဲ့ သားကောင်တွေဘဝရောက်တဲ့အထိ စားဝတ်နေရေး ခက်ခဲလွန်းခဲ့တဲ့ ခေတ်စနစ်ကို ဖြတ်သန်းခဲ့ကြရလို့ပဲ ယူဆပါတယ် ။

မေး။   ။ ခင်ဗျားရဲ့ ရေခဲပြင်ကြီးအောက်မှာ ကဗျာအကြောင်းပြောပါဦး

ဖြေ။   ။ ကျနော့်ရဲ့ ရေခဲပြင်ကြီးအောက်မှာကဗျာဟာ သိပ္ပံရုပ်ရှင်တစ်ကားကနေ စိတ်ကူးရခဲ့တာပါ။ ဒီကဗျာကို အဓိပ္ပါယ်တခုထက်မက ပိုယူနိုင်အောင် ရေးဖွဲ့ခဲ့ပါတယ် ။ လူသားမျိုးနွယ်တခု လူသား ကမ္ဘာ လောကတခုဟာ ပေါ်ပေါက်လာလိုက် နိဂုံးချုပ်သွားလိုက်နဲ့ ဖြစ်နေတဲ့ သံသရာကိုဖေါ်ပြချင် သလို အဲဒီ လူသားမျိုးနွယ်တခုဟာ ကျွန်တော်တို့နိုင်ငံက မျိုးနွယ်တခုလည်းဖြစ်တယ်ဆိုတာပဲ ။ ကျနော်တို့ ဖြစ်တည်မှုနဲ့ မျိုးနွယ်စုသမိုင်းဟာ အလွာလွာ အဆင့်ဆင့် တခုအပေါ်တခု ဖိနှိပ်ချုပ်ချယ် ထားသလို မျိုးဆက်တစ်ခုလုံး သမိုင်း တခုလုံးကိုတော့ အေးခဲတဲ့ရေခဲပြင်ကြီးနဲ့ ဖုံးလွမ်းပစ်ပြီး ထိန်းချုပ်ထားလိုက်ပြန်တယ် ။

အဲဒီရေခဲပြင်ကြီးဟာလည်း ပိုကြီးမားတဲ့ရေခဲပြင်ကြီးတခုရဲ့အောက်မှာလေ ။ ရေခဲတုံးကြီးထဲက ကျနော်တို့ရဲ့ မသေမရှင်ဘဝပါပဲ ။ ဒီကဗျာကို ရခဲ့စဉ်က ကျနော် အလွန်ကျေနပ်မိခဲ့ပါတယ် ။ မဂ္ဂဇင်းမှာ ဖေါ်ပြခံခဲ့ရတယ် ။ နိုင်ငံရေးဝေါဟာရတွေ အာဏာရှင်စနစ်ကို ထိပါးစေတဲ့စကားလုံး တွေကိုသာ အာရုံစိုက်ဖြတ်တောက်လေ့ရှိတဲ့ ဆင်ဆာအဖွဲ့ကတော့ ဒီကဗျာကို သိပ္ပံကဗျာတစ်ပုဒ်အဖြစ်သာ မြင်ခဲ့ကြပုံပဲ ။

Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှုရန်မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” 

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ 

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ 

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ 

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ

Did you find apk for android? You can find new Free Android Games and apps.
Loading