Culture

ပန်းချီ မောင်သီဟရဲ့ “ထီး” စီးရီး ပန်းချီပြပွဲ

စေတီပုထိုးတွေနဲ့ ရှေးဘုရင်တွေရဲ့ အုပ်ချုပ်ရေးစနစ်တွေမှာ ထီးက အထွတ်အမြတ် သဘော၊ အာဏာသဘောကို ဆောင်ပါတယ်။ ပုဂံက ပန်းချီမောင်သီဟရဲ့ ထီးတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ အခြေခံလူမှု အသိုင်းအဝိုင်းကို အများစု ကိုယ်စားပြုပါတယ်။

မောင်သီဟရဲ့ ပန်းချီကားထဲက လူတွေက ကြက်တိုက်တာကို ထီးဆောင်းပြီး ကြည့်နေကြတယ်၊ မိုးကြီးလေကြီးလို့ ထီးတွေ လန်ထွက် ကုန်တယ်၊ ဈေးထဲမှာ ကုမ္ပဏီတွေက ပေးထားတဲ့ ထီးတွေက အရောင်စုံ၊ ဒီဇိုင်းစုံ။ ဒီထီးတွေကို စုပြီး ပန်းချီ မောင်သီဟက THE UMBRELLAS ဆိုတဲ့ ထီးပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းမှာ ပြသခဲ့ပါတယ်။

လောကနတ် ပန်းချီပြခန်းရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ ပန်းချီ မောင်သီဟက သူ့ရဲ့ နှစ်ပတ်လည်ပြပွဲ အတွက် ထီးစီးရီးကို ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်ဘဝနဲ့ မြန်မာနိုင်ငံအနှံ့ ခရီးစဉ်တွေမှာ မှတ်သားမိခဲ့တဲ့ ထီးတွေကို ပန်းချီကားတွေ အဖြစ် ပြောင်းလဲ ခဲ့ပါတယ်။

နေပူဒဏ်၊ မိုးရွာဒဏ်ကို ကာကွယ်ဖို့ ဆောင်းတဲ့ ထီးတွေ၊ ရှင်ပြုချိန်မှာ ဆောင်းတဲ့ ရွှေထီး၊ ပုသိမ်ထီး၊ ယတြာချေတဲ့ စက္ကူထီး၊ ကုသိုလ်ရေး လုပ်ချိန်မှာ အသုံးပြုတဲ့ ထီးဖြူ၊ စားသောက်ဆိုင်တွေမှာ အလှဆင်တဲ့ ထီး၊ ဈေးသည်တွေရဲ့ထီးစသည်ဖြင့် သူ့ရဲ့ မှတ်ဉာဏ်ထဲ ခေါက်သိမ်းခဲ့တဲ့ ထီးတွေကို ဖြန့်ထုတ်လိုက်ပါတယ်။

“ထီးတွေကတော့ မြန်မာ့လူအဖွဲ့အစည်းမှာ မရှိမဖြစ် ပါပဲ။ ကိုယ့်အိမ်ရှေ့မှာ ကျောင်းသား ကျောင်းသူလေးတွေ၊ ခေါက်ထီးလေး တွေနဲ့ ဖြတ်သွားကြတယ်။ ကိုရင်လေးတွေ ထီးဆောင်းပြီး ဖြတ်သွားကြတယ်။ ဈေးထဲ သွားတော့လည်း ထီးတွေ၊ ခရီးထွက် တော့လည်း ဒေသအလိုက် ထီးတွေ၊ ဒါနဲ့ ထီးနဲ့ ပတ်သက်ပြီးတော့ စီးရီးတခု ရေးရင်ကောင်းမယ် ဆိုပြီး ရေးဖြစ်သွားတာပါ” လို့ အသက် ၆၆ နှစ်အရွယ် ပန်းချီ မောင်သီဟက ဆိုပါတယ်။

ပန်းချီမောင်သီဟဟာ မန ္တလေး ပန်းချီပန်းပုကျောင်းဆင်း တယောက်ဖြစ်ပြီး ၁၉၇၅ ခုနှစ်က စလို့ အုပ်စုလိုက် ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့သူ ဖြစ်ပါတယ်။ ဟောင်ကောင်၊ ထိုင်းစတဲ့နိုင်ငံတွေမှာ သူ့ရဲ့ ပန်းချီကားတွေကို ပြသခဲ့ပြီး နိုင်ငံတကာ ရေဆေးပန်းချီ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း တကိုယ်တော် ပန်းချီပန်းချီပြပွဲ ၅ ကြိမ် ပြုလုပ်ခဲ့ပြီး THE UMBRELLAS ပန်းချီ ပြပွဲက သူ့ရဲ့ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ ဖြစ်ပါတယ်။

“ထီးနဲ့ ပတ်သက်ပြီး နောက်ထပ်ရေးဖို့ အများကြီး ရှိသေးတယ်။ ဒေသတခုနဲ့ တခု ထီးအသုံးပြုပုံချင်း တွေက မတူကြဘူး။ အချိန်နည်းနည်းတော့ ယူရမယ်” လို့ ပန်းချီ မောင်သီဟက ပြောပါတယ်။

THE UMBRELLAS ပန်းချီပြပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပြီး ရေဆေးပန်းချီကား ၂၆ ကား ပြသထားကာ ဈေးနှုန်းတွေက ဒေါ်လာ ၁၅၀ ကနေ ၄၅၀ အထိ သတ်မှတ်ထားတာ တွေ့ရပါတယ်။

Loading