ပန်းချီ KM ကျော်ဦး၊ ပန်းချီ ငြိမ်းငြိမ်းအိ၊ ပန်းချီ ရီရီခင်တို့ စီစဉ်တဲ့ Innocent models (အပြစ်ကင်းတဲ့ မော်ဒယ်လေးများ) ဆိုတဲ့ ပန်းချီပြပွဲ တခုကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီပွဲမှာ ပါဝင်တဲ့ အပြစ်ကင်းတဲ့ မော်ဒယ်လေးတွေက လူတွေ မဟုတ်ဘဲ ခွေးကလေး၊ ကြောင်ကလေးတွေနဲ့ ကြက်ကလေး၊ ငါးကလေးတွေ ဖြစ်ပါတယ်။
ချစ်ဥ၊ ဖိုးကတုံး၊ နယ်ဇုမိ၊ သုံးသုံး၊ မီးငယ်၊ ဂါဖီးလ်၊ ငပိ၊ ခင်မောင်သိန်းထွန်းဝင်း၊ ပုတု၊ အမောက်နီ၊ ဘိုယောက် စသဖြင့် အမည်ပေးထားတဲ့ ပန်းချီကားတွေကို ကြည့်ပြီး “အပြစ်ကင်းစင်တဲ့ မော်ဒယ်လေးတွေ” “ချစ်စရာအကောင်လေးတွေ” “ချစ်စရာဇာတ်လိုက်လေးတွေ” ဆိုတဲ့ မေတ္တာသံတွေ ပြခန်းမှာ ပျံ့လွှင့်နေ ပါတယ်။
ဒီပွဲ စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်လို့ ပန်းချီ KM ကျော်ဦးက “တိရစ္ဆာန်လေးတွေကို တစိုက်မတ်မတ် ရေးဆွဲတဲ့ လူတွေစုပြီး လုပ်ဖြစ် သွားတာပါ။ ကျနော်တို့က အဲဒီအကောင်လေးတွေကို ချစ်တာကိုး။ လူနဲ့ နီးစပ်တဲ့ တိရစ္ဆာန်လေးတွေကလည်း သူတို့မှာ လူတွေ မသိတဲ့ ခံစားမှုမျိုး၊ အသိမျိုးလေးတွေ ရှိတယ် ဆိုတာကိုလည်း ပြချင်တာပါ” ဆိုပါတယ်။
ဒီပန်းချီဆရာတွေက ခွေးလေးကြောင်လေးတွေရဲ့ ခံစားချက်တွေကို စာနာ နားလည်လိုစိတ် ရှိကြတဲ့ အပြင် ရွှေငါးလေးတွေနဲ့ ကြက်ကလေးတွေရဲ့ အရောင်တွေကိုလည်း နှစ်သက်သူတွေပါ။ ပန်းချီ KM ကျော်ဝင်းက သူ့ရဲ့ His Thought အမည်ရ ခွေးပုံ ပန်းချီကားနဲ့ ပတ်သက်လို့-
“ကျနော်ကြည့်လိုက်တာနဲ့ သူရဲ့ မျက်လုံးလေးတွေကို သဘောကျတာ။ သာမန်ကြည့်နေတဲ့ မျက်လုံးလေးနဲ့ မတူဘူး။ စဉ်းစားနေတဲ့ ပုံမျိုးလေး ပေါ်နေတယ်။ အဲဒီ မျက်လုံးလေးတွေကို အဓိက သဘောကျတာပါ” လို့ ပြောပါတယ်။
ပန်းချီ ငြိမ်းငြိမ်းအိကလည်း သူ့ရဲ့ ကြောင်ပန်းချီကားတွေနဲ့ ပတ်သက်လို့ “သူ့တို့ မျက်လုံးလေးတွေကို ဦးစားပေးရေးပါတယ်။ မျက်လုံးလေးတွေရဲ့ ခံစားချက်တွေကို ကျမ အဓိပ္ပာယ်ဖွင့်ပြီး ဆွဲထားတာပါ။ သူတို့ရဲ့ အကြည့်တွေ ပေါ့နော်” လို့ ဆိုပါတယ်။
ဆေးရောင်တွေ စီးမျောနေတဲ့ ကြားမှာ အရောင်စုံ ငါးလေးတွေ ရေးဆွဲရတာကို နှစ်သက်သူကတော့ ပန်းချီရီရီခင် ဖြစ်ပါတယ်။
ပန်းချီရီရီခင်ကလည်း သူ့ရဲ့ပန်းချီကားတွေနဲ့ ပတ်သက်လို့ “ငါးရဲ့ လှုပ်ရှားမှုတွေကို ကြိုက်တာရယ်။ နောက် ငါးတွေရဲ့ အရောင်မျိုးစုံကို နှစ်သက်တာမို့လို့ ဒီပန်းချီကားတွေကို ရေးဖြစ်တာပါ။ ရွှေငါးကို အဓိက ရေးဖြစ်ပါတယ်။ အရောင်လေးတွေက ရေးရတာ ပိုပြီးတော့ လှလို့။ ဆေးရောင်တွေ တခုနဲ့ တခု ဆက်စပ်မှုဖြစ် သွားတာကိုလည်း သဘောကျတယ်” လို့ ဆိုပါတယ်။ ပန်းချီ KM ကျော်ဦးက သူ့ရဲ့ ကြက်မော်ဒယ်တွေနဲ့ ပတ်သက်လို့ “ကြက်လေးတွေကတော့ အများအားဖြင့် အရောင်စုံတယ် လေ။ နောက် အမွှေးပွပွလေးတွေက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတယ်” လို့ အမွှန်းတင်ပါတယ်။
Innocent Models ပန်းချီပြပွဲမှာ မီဒီယံစုံ၊ အရွယ်စုံပန်းချီကား ၆၀ ခန့်ပြသနေတာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၀၀ ကနေဒေါ်လာ ၄၀၀ အထိ သတ်မှတ်ထားပြီး ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းမှာရှိတဲ့ 43 Art Gallery မှာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ။