စုစည်းစီစဉ်သူ – လေးကိုတင်
စာအုပ်အမည် – စာရေးဆရာ၏ စာရေးဆရာ
အမျိုးအစား – စာပေ
ကွယ်လွန်သွားပြီ ဖြစ်ပြီး ထင်ရှားတဲ့ မြန်မာစာရေးကြီး ၂၃ ဦးတို့ရဲ့ ကိုယ်တိုင်ရေး လျှပ်တပြက် စာစုတွေ ဖြစ်ပါတယ်။ ဆရာကြီး ဇေယျကတော့ “ပိုက်ဆံရလျှင်ပြီးရော၊ နာမည်ကြီးလျှင်ပြီးရော၊ တာဝန်ကင်း သဘောထားကြလျှင် လက်ထဲက ကလောင် လေးကို လမ်းဘေးက အမှိုက်ပုံထဲ ပစ်ထည့်၍ ဈေးတောင်းခေါင်းရွက် မုန့်ဟင်းခါးတထမ်းနှင့် လမ်းတကာလည်၍ ရောင်းခြင်းက ပို၍သင့်မြတ်ကြပေလိမ့်မည်” လို့ ဆိုထားပါတယ်။
ဒီစာအုပ်မှာ ရွှေဥဒေါင်း၏ ရွှေဥဒေါင်း၊ ပီမိုးနင်း၏ ပီမိုးနင်း၊ မဟာဆွေ၏ မဟာဆွေ၊ ဇေယျ၏ ဇေယျ၊ ဒဂုန်ခင်ခင်လေး၏ ဒဂုန်ခင်ခင်လေး၊ ကုသ၏ ကုသ၊ တင့်တယ်၏ တင့်တယ်၊ သုခ၏ သုခ၊ ဒေါ်အမာ၏ ဒေါ်အမာ၊ မောင်ထင်၏ မောင်ထင်၊ ဂျာနယ်ကျော်မမလေး၏ ဂျာနယ်ကျော်မမလေး၊ အောင်စိုး၏ အောင်စိုး၊ ခင်နှင်းယု၏ ခင်နှင်းယု၊ ထင်လင်း၏ ထင်လင်း၊ သခင်မြသန်း၏ သခင်မြသန်း၊ နတ်နွယ်၏ နတ်နွယ်၊ မင်းကျော်၏ ကျော်ဆွေ၊ မောင်နေဝင်း၏ မောင်နေဝင်း၊ လင်းယုန်သစ်လွင် ၏ လင်းယုန်သစ်လွင်၊ ခင်မျိုးချစ်၏ ခင်မျိုးချစ်၊ ဓနုဖြူကျော်ထွန်း၏ ဓနုဖြူကျော်ထွန်း၊ မောင်ထွန်းသူ၏ မောင်ထွန်းသူစတဲ့ စာရေးဆရာကြီးများရဲ့ ကိုယ်တိုင်ရေးသားချက်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုကတန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – အထောက်တော်လှအောင်
စာအုပ်အမည် – အာရပ်-အစ္စရေးလ် ၆ ရက် စစ်ပွဲ
အမျိုးအစား – ဘာသာပြန်
ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုလိုက်လို့ ပါလက်စတိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ဒီစာအုပ်မှာ အာရပ်-အစ္စရေးလ်တို့ရဲ့ ၆ ရက်ကြာ စစ်ပွဲအကြောင်းကို အခန်း ၁။ နောက်ခံသမိုင်း၊ အခန်း ၂။ ရေလက်ကြားများ ပိတ်ဆို့ခြင်း၊ အခန်း ၃။ အစ္စရေး၏ သန္နိဋ္ဌာန်၊ စစ်ပြင်ဆင်မှု၊ အခန်း ၄။ လေကြောင်းတိုက်ပွဲ၊ အခန်း ၅။ ရေတပ်ထိုးစစ်၊ အခန်း ၆။ ဆီနိုင်းတိုက်ပွဲများ၊ အခန်း ၇။ ဂျေရုဆလင်နှင့် အနောက်ဘက်ကမ်း ဒေသ၊ အခန်း ၈။ ကမ္ဘာ့ဂယက်၊ အခန်း ၉။ ဆီနိုင်းသေမင်းမေးရိုးများ၊ အခန်း ၁၀။ ဆီးရီးယားတောင်ကုန်းများ၊ အခန်း ၁၁။ ၆ ရက်စစ်ပွဲပြီးနောက် စတဲ့ အခန်းတွေမှာ သက်ဆိုင်ရာ မြေပုံများနဲ့ အတူဖတ်ရှု့ရမှာဖြစ်ပါတယ်။
အစ္စရေးတပ်တွေဟာ ဆီးရီးယားတို့ရဲ့ စိတ်ဓာတ်ကို ကျဆင်းစေဖို့နဲ့ လုံး၀ အိပ်ခွင့် မရရစေဖို့ ဆယ်မိနစ်စီသာ နားပြီး အဆက်မပြတ် တိုက်ခိုက်ခဲ့ကြတယ် လို့ ဆိုပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်ကတန်ဖိုး ၃၂၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
တွေ့ဆုံမေးမြန်းသူ – ကျော်ဇောခိုင်
စာအုပ်အမည် – မြင့်သန်းနှင့် အမေးအဖြေ (သို့) အစားထိုးထားသော ဘဝအတွက်စကားလုံးများ
အမျိုးအစား -အင်တာဗျူး
“ကနေ့ရေးသားနေတဲ့ ဝတ္ထုတို တော်တော်များများဟာ ၄၀ ခုနှစ်ရဲ့ ဒုတိယပိုင်းမှာ ပေါ်လာခဲ့တဲ့ ကြည်အေးရဲ့ အားထုတ်မှု ပုံစံမျိုးကို ခြေမျက်စိလောက်အထိတောင် မမီချင်သေးဘူး” လို့ ဆရာမြင့်သန်းက ဆိုပါတယ်။ ဒီစာအုပ်က “မြင့်သန်း (သို့) ခေတ်ပညာတတ် မြောက်တကောင်နှင့် တွေ့ဆုံခြင်း” နဲ့ “မြင့်သန်း (သို့) ချစ်ခြင်း၏ သီးခြားတည်ရှိနေသော ဆင်ခြေစံနစ်များ အား ငြင်းပယ်ခြင်း” စတဲ့ အင်တာဗျူးနှစ်ပုဒ်ကို စုစည်းထုတ်ဝေထားတာ ဖြစ်ပါတယ်။
မေးမြန်းသူဆရာကျော်ဇောခိုင်က “ကျနော့် အင်တာဗျူးတွင် သူ့ဘာသာပြန်လက်ရာများမှအပ ကျန်သည့် နယ်ပယ်များကို တတ်နိုင်သမျှ ကြိုးစားအားထုတ် မေးမြန်းခဲ့ပါသည်” လို့ ဆိုပါတယ်။
နှင်းဆီဖြူ စာအုပ်တိုက်က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ရစ်နှင့် အခြား
စာအုပ်အမည် – မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး
အမျိုးအစား – နိုင်ငံရေး
လူမျိုးရေး၊ ဘာသာရေး အငြင်းပွားစရာ အကြောင်းအရာတွေကို အခွင့်ကောင်းယူပြီး ရခိုင်ပြည်နယ် နိုင်ငံရေး အမြတ်ထုတ်၊ မငြိမ်သက်မှုတွေ ဖြစ်ပွားအောင် လုပ်ဆောင်နေတာတွေကို ထုတ်နုတ်ဖော်ပြထားတဲ့ စာစုတွေ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးသောင်းထွန်းတို့ရဲ့ နိုင်ငံတော် မိန့်ခွန်းတွေ၊ မောင်ရစ်၊ ဇင်လင်း၊ လှကျော်ဇော၊ ဇဝါရီ၊ တင်မောင်ထွေးတို့ရဲ့ သဘောထားအမြင်တွေ၊ ခင်မောင်စော (ဘာလင်)၊ မြတ်သိန်းထွန်း၊ မောင်မောင်စိုး တို့ရဲ့ ရခိုင်အရေး နောက်ခံအကြောင်းအရာ မှတ်စုတွေ၊ မောင်ခိုင်အောင်၊ ဝင်းမြတ်၊ သားကြီးမောင်ဖေယျတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ကောက်နုတ်ချက်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
မိုးမခစာအုပ်တိုက်ကတန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။