စာရေးသူ – မင်းဒင်
စာအုပ်အမည် – အရှေ့ကိုလျှောက်ပါလို့ အီသီယိုးပီးယားကိုတဲ့ မျှော်လိုက်ရင်
အမျိုးအစား – သရော်စာ
ဆရာမင်းဒင်ရဲ့ သရော်စာနဲ့ အတွေးအမြင် စာစုတွေကို စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ စစ်သူရဲကောင်းစစ်စစ်တို့သာ လိုသည်၊ ကျွနုပ်တို့အားလုံးသည် သက်ရှိထင်ရှား သမိုင်းဆရာများ ဖြစ်ကြ၏။၊ ဝေဖန်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တိုင်းပြည်ကို ဇိမ်တန်း ပြန်မပို့ကြပါနဲ့၊ ကျွနုပ်၊ အနောက်ဘက်ခြံစည်းရိုးနှင့် တပ်ထဲက ဘတ်ကိုကို၊ အရှေ့ကို လျှောက်ပါလို့ အီသီယိုးပီးယားကိုတဲ့ မျှော်လိုက်ရင်၊ မွဲခဲ့ကြာရှည် မြန်မာပြည်၊ မြန်မာ့ထွက်ရပ်လမ်း၊ ရီနာမာလိုးရဲ့ ဘရာစီယာ၊ လူစာ၊ ကြောင်စာ၊ ခွေးစာနဲ့ သုံးခါနာတဲ့ မိအေး၊ ကော့ပါးနီးကပ်များ အလိုရှိသည်၊ ဖြေသော်မပြေ ကမ္ဘာမကြေအမုန်း စတဲ့ စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
“စာအုပ်အမည်ကို အရှေ့ကို လျှောက်ပါလို့ အီသီယိုးပီးယားကိုတဲ့ မျှော်လိုက်ရင် ဟူ၍သာပေးလိုက်ပါသည်။ အဘယ်ကြောင့် ဟူမူ ဤခေါင်းစဉ်သည်ပင်လျှင် ယခုစာအုပ်တွင် ပါဝင်သော စာစုများ အားလုံး၏ ဦးတည်ချက်နှင့် လားရာနှင့် ထပ်တူကျ နေသောကြောင့် ဖြစ်ပါ၏” လို့ ဆရာသက်ခိုင်က ဆိုထားပါတယ်။ သက်ခိုင်စာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဒဂုန်ခင်ခင်လေး
စာအုပ်အမည် – အမျိုးသမီးအနုပညာရှင်များ
အမျိုးအစား – အတ္ထုပ္ပတ္တိ
ဆရာမကြီး ဒဂုန်ခင်ခင်လေးက စစ်ပြီးခေတ် မြန်မာအမျိုးသမီး ကလောင်ရှင်တွေ အားသစ်ဖြစ်စေဖို့ ရည်သန်ပြီး ပြုစုခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ရှေးခေတ်အမျိုးသမီး စာဆိုတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ ပျို့ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ ရတု၊ ရကန်၊ အဲအန် လူးတား စတဲ့ စာပေလက်ရာတွေ၊ ရှေးခေတ်အမျိုးသမီး သဘင်သည်တွေရဲ့ အတ္ထုပ္ပတ္တိနဲ့သီချင်းတွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
“မြန်မာအမျိုးသမီး စာဆိုတော်တို့သည်ကား တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ဟံသာဝတီ၊ ကေတုမတီ မှသည် အမရပူရ ရတနာပုံခေတ် အထိ ရေပြည့်အိုးကဲ့သို့ တဖြိုးဖြိုးတက်လာခဲ့ပေသည်။ စီကုံးနှုန်းဖွဲ့သော စာပေလက်ရာ တို့မှာလည်း ယဉ်လည်းယဉ်၊ သန့်လည်းသန့်၊ ခံ့လည်းခံ့၊ ချောလည်း ချောကြပါပေသည်” လို့ ဆရာမကြီးက ဆိုပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၄၅၀၀ ကျပ် နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ကိုတာ
စာအုပ်အမည် – ကစားတဲ့ပါမောက္ခ
အမျိုးအစား – ဘာသာပြန်
၂၀ ရာစု ရူပဗေဒရဲ့ ကြီးသုံးကြီးဟာ အိုင်းစတိုင်း၊ စတီဖင်ဟောကင်းနဲ့ ရစ်ချတ်ဖိုင်းမင်းတို့ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒီစာအုပ်မှာ ထုံးစံတွေကို ဂရုမစိုက်၊ ဟန်ကြီးပန်ကြီး မလုပ်ပဲ ရူပဗေဒ ပုစ္ဆာတွေနဲ့ ကစားနေတဲ့ ရစ်ချတ်ဖိုင်းမင်းရဲ့ အကြောင်းကို သိပ္ပံပညာဟာ ဘာလဲ၊ သိပ္ပံပညာ၏ အဖိုးတန်ပုံ၊ သိပ္ပံပညာရှင်တယောက်၏ အဖေ၊ တခြားလူတွေ ထင်တာများ ဘာဂရုစိုက်ရမှာ လဲ၊ ကစားတဲ့ ဂုဏ်သရေရှိ ပါမောက္ခ၊ အဲဖရက်နိုဘယ်၏ ဒုတိယအမှား၊ ပန်းချီဆိုတာ ဒါလား၊ ပညာရှိပုဂ္ဂိုလ် စတဲ့ စာစုတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
“တော်သော မိဘများ ဤစာမူကို ဖတ်ရှုပြီးသကာလ မိမိတု့ိ၏ သားသမီးများအား သိပ္ပံပညာရှင်များ ဖြစ်လာအောင် လုပ်ချင်လည်း လုပ်ကြဖို့၊ ကြိုးစားချင်လည်း ကြိုးစားကြဖို့၊ စေတနာရှေ့ထား၍ ဤစာအုပ်ကို ရေးပါသည်။ အရေးကြီးသည်မှာ ကလေးများ ပညာသင်ခြင်းတွင် မွေ့လျော်ဖို့ ဖြစ်ပါသည်” လို့ ဆရာကိုတာက ဆိုပါတယ်။ မုံရွေးစာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – အောင်ဗလ (ကြေးမုံဦးသောင်း)
စာအုပ်အမည် – အောင်ဗလယ်
အမျိုးအစား – သရော်စာ
ဇာတ်လိုက်အောင်ဗလရဲ့ နိုင်ငံခြားပွေ ဟာသဝတ္ထုတွေဖြစ်ပါတယ်။ ဟာသသက်သက် မဟုတ်ဘဲ နိုင်ငံခြားဗဟုသုတများကိုပါ ဖတ်မှတ်ရမှာ ဖြစ်ပြီး ဝတ္ထုတပုဒ်ပြီးတာနဲ့ မဲ့ပြုံး၊ နွဲ့ပြုံး၊ ခနဲ့ပြုံး စသဖြင့် အပြုံးပွဲတော်ကြီးဆင်နွှဲ့ရမှာ ဖြစ်ပါတယ်လို့ ဆရာအောင်ဗလက ဆိုပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာလည်တဲ့ အောင်ဗလယ်၊ အောင်ဗလ၏ အောင်ဗလယ်၊ အောင်ဗလော၊ တိုကျိုသူကို ရည်းစားစကားပြောနည်း၊ ဘိလပ်သူကို မွှေးနည်း၊ အမေရိကန်မကို ကြံဆနည်း၊ ကျားအောင်ဗလ၊ ဘွားအောင်ဗလ၊ ရထားမှာ တခါဆုံတယ်၊ ဖားတုလို့ ခရုခုန်၊ အောင်ဗလအတို့၊ ကြုံဘူးပေါင့် နွယ်သာကီငယ် ဘယ်ရာသီတွေပေ့၊ ဒုအောင်ဗလ၊ ဒိန်းအောင်ဗလ၊ ဝပ်ထရိန်း စတဲ့ ဝတ္ထုတွေကို ဖတ်ရရှုရမှာ ဖြစ်ပါတယ်။ အိပ်မက်အသစ် စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ။