ပန်းချီ မင်းဇော်အောင်ဟာ သမရိုးကျဖန်တီးမှုကို ငြီးငွေ့သူ တယောက်ဖြစ်ပါတယ်။ မိန်းမလှလေး တယောက်ရဲ့ ပုံကို ရေးဆွဲပြီး ပေမယ့် သူရဲ့ စိတ်က ကျေနပ်မှု မရနိုင်ဘူး ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ မျက်ဝန်းတွေကို မြွေမျက်လုံးတွေ အဖြစ် ပြောင်းလဲလိုက်ပြီး သူမရဲ့ အကျႌကို မြွေအရေခွံတွေ အဖြစ် ဖန်တီးလိုက်ပါတယ်။ “မိန်းကလေးတယောက်ရဲ့ အကြည့်က မြွေတကောင်ရဲ့ အကြည့်နဲ့ သွားတူတယ်။ သူတို့က ညှို့နေတယ်’ လို့ သူက ဆိုပါတယ်။
နောက် ပန်းချီကားတချပ်မှာတော့ လူတယောက်လက်မှာ ပန်းတပွင့် ကိုင်ထားပေမယ့် မှန်ထဲမှာ ပြန်မြင်ရတဲ့ သူ့ရဲ့ ပုံရိပ်မှာတော့ သေနတ်တလက် ကိုင်ထားတဲ့ ပုံရိပ်ကို မြင်ရပုံ ရေးဆွဲထားပါတယ်။ “လူမှုရေးမှာ ကိုယ်ကောင်းရင် သူကောင်းမှာပဲလို့ ထင်ကြတယ်။ တကယ်တော့ ကောင်းတိုင်းလည်း ပြန် မကောင်းတာလည်း တွေ့ရတယ်” ပန်းချီ မင်းဇော်အောင်က ဆိုပါတယ်။
တွေးခေါ်မှု အခြေပြု၊ ခံစားမှု အခြေခံပြု ပန်းချီကားတွေကို ဖန်တီးလေ့ရှိတဲ့ ပန်းချီ မင်းဇော်အောင်က “ကျနော် ပန်းချီကားတွေကို Realism လိုမျိုး အပြည့်အစုံ အတိအကျ မဆွဲချင်ဘူး။ ကြည့်တဲ့ သူတွေကို ဖြည့်ကြည့်စေချင်တယ်။ ဖြည့်တွေးစေချင်တယ်။ ပြီးရင် တစစုံတခု ရစေချင်တယ်” လို့ ပြောပါတယ်။
ဒီပွဲရဲ့ပန်းချီကားအများစုဟာသူ့ရဲ့အစောလက်ရာတွေဖြစ်တယ်လို့ လည်းဆိုပါတယ်။
အခန်းထဲမှာ ထိုင်နေတဲ့ လူထက် သူ့ရဲ့ အရိပ်က ပိုကြီးနေတာကို ဖော်ပြထားတဲ့ ပန်းချီကားနဲ့ ပတ်သက်လို့ “တခါတခါ တကယ့် အစစ်တွေက သေးနေတတ်တယ်၊ နောက်ရောက်နေတတ်တယ်” လို့ သူက ဆိုပါတယ်။
In my memorial ပန်းချီပြပွဲမှာ၂ ပေပတ်လည် ကနေ ၄ ပေ ၅ ပေအထိ ရှိတဲ့ ပန်းချီကား ၂၀ ကျော်ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းချီကား ဈေးနှုန်းတွေကိုတော့ ဒေါ်လာ ၁၅၀ ကနေ ၁၆၀၀ အထိ သတ်မှတ်ထားပါတယ်။
ပန်းချီမြတ်ကျော့က “မင်းဇော်အောင်ရဲ့ ပန်းချီကားတွေကို လေ့လာသုံးသပ်ကြည့်မယ် ဆိုရင် အတိတ်က ဆူရီရယ် ပန်းချီဆရာ တွေလို ကြောက်ရွံ့မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ မတွေ့ရဘဲ ဖန်တီးမှုအားကောင်းကောင်း၊ ရဲရဲရင့်ရင့်၊ ယုံယုံကြည်ကြည် ဖန်တီးထားတယ်” လို့ ဆိုပါတယ်။
ပန်းချီ မင်းဇော်အောင်ဟာ ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီ ကျောင်းဆင်း တယောက်ဖြစ်ပြီး ပန်းချီအုပ်စုပြပွဲများစွာမှာ ပါဝင်ပြသ ခဲ့သူ တဦး ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ပန်းချီပြပွဲဖြစ်တဲ့ In my memorial ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းက Bo Aung Kyaw St Art Gallery မှာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ။