Culture

သေခြင်းကာရန် သံစဉ်ညှိသူ ပန်းချီ ခေတ်ဘုန်းမို

Want create site? Find Free WordPress Themes and plugins.

လက်ရှိခေတ်ကာလ အခြေအနေ အပြောင်းအလဲများထဲမှာ အနုပညာ ဖန်တီးပုံဖော်မှုလည်း ပြောင်းလဲ လာတာတွေ့ရပါတယ်။ အထူးသဖြင့် ပန်းချီလောကမှာ အရင်က အလှအပ (Beauty) အခြေပြု ဖန်တီးတင်ပြရာကနေ စိတ်ခံစားမှု (Emotional) အခြေပြု ဖန်တီးလာသလို အခုနောက်ပိုင်းမှာ ကွန်းဆက် (Concept) အခြေပြု ဖန်တီးတင်ပြတာတွေ ရှိလာပါတယ်။ ကွန်းဆက် အခြေပြု ဖန်တီးမှုဟာ ခေတ်ပြိုင်အနုပညာ တင်ပြမှုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

ကွန်းဆက်မပါတဲ့ ပန်းချီကားဟာ မွေးဖွားပြီး အသက်မပါ၊ ကြီးမလာတဲ့ ကလေးမျိုးပဲ လို့ ခေတ်ပြိုင်အနုပညာရှင် တဦးက ပြောဖူးပါတယ်။ ပန်းချီကားမှာ ကွန်းဆက်တွေ ဇွတ်အတင်းထည့်ရမှာလား၊ တခုခုကို ဦးတည်ရင်… တမင်ကြံရွယ်ထားရင် အနုပညာ ဟုတ်နိုင်ပါဦးမလား စသဖြင့် မေးလာနိုင်တဲ့ မေးခွန်းတွေ အများအပြား ရှိလာမှာပါ။ အဲဒီ အတွက်လည်း အလွန် ရိုးရှင်းတဲ့ အဖြေက ကွန်းဆက်ဆိုတာ ဇွတ်အတင်း ထည့်ရမှာ မဟုတ်ဘဲ အနုပညာဖန်တီးတဲ့ အခါ သူ့အလိုလို ပါလာဖို့ပါ။

သူ့အလိုလို ကွန်းဆက် ပါလာဖို့ အတွက် ဖန်တီးသူ အနုပညာရှင်ကိုယ်တိုင်က လောကအမြင်၊ ဘဝအမြင် သန်ဖို့၊ အားကောင်းဖို့ လိုသလို ဖန်တီးမှု အတွေးစိတ်ကူးလည်း အားကောင်းဖို့နဲ့ ဖန်တီးမှုမှာ ကျွမ်းကျင်ဖို့လည်း လိုပါတယ်။ အဲဒီ အချက်တွေနဲ့ အနီးစပ်ဆုံး ကိုက်ညီနေတာက ပန်းချီ ခေတ်ဘုန်းမိုရဲ့ Deadly Rhyme (သေခြင်းကာရန်) ပန်းချီကား စီးရီးလို့ ပြောရင် ရနိုင်ပါတယ်။

နှလုံး ခွဲစိတ်မှု ခံယူထားရတဲ့ ခေတ်ဘုန်းမိုရဲ့ ဘဝမှာ သေခြင်းတရားကို မကြာခဏ ရင်ဆိုင်ခဲ့ရတယ်၊ ရင်ဆိုင်ခဲ့ရတိုင်းလည်း သူ ကံကောင်းထောက်မပြီး လွတ်မြောက်လာတယ်၊ ပြန်လည် ကျန်းမာလာတော့ အရင်က သူ့ရဲ့ လောကပေါ် အမြင်၊ သူ့ရှင်သန်မှု ဘဝအပေါ် အမြင်တွေ ပြောင်းလဲသွားတယ်။ သူမြတ်နိုးတဲ့ အနုပညာကို ဖန်တီးတင်ပြဖို့ ကြိုးစားတဲ့ အခါ သူ့ဘ၀ သူ့ဖြတ်သန်းမှု အပေါ် အကြီးမားဆုံး ရိုက်ခတ်ခဲ့တဲ့ သေခြင်းတရားရဲ့ ခြောက်လှန့်နေမှု၊ သေခြင်းတရားရဲ့ မွန်ကြပ်စေမှုတွေ သူ့စိတ်ကူးမှာ ထင်ဟပ်လာတယ်။

သူ့စိတ်မှာ သေခြင်းတရားချည့် ထင်ဟပ်နေတာတော့ မဟုတ်၊ လောကို တွယ်မက်နေဆဲ ချိုမြိန်ဂီတ၊ တခဏ အတွင်း ဖြစ်တည်ပျက်သွားနေတဲ့ ဘဝရှင်သန်ခွင့် အခိုက်အတန့် စတာတွေလည်း ထင်ဟပ်လာပါတယ်။ သူ့ရဲ့ လောကအပေါ် အမြင်၊ ဘဝရှင်သန်ခွင့်အပိုင်းအကန့်လေးပေါ် အမြင်နဲ့ လောကကို တွယ်မက်စိတ်တွေ ပေါင်းစည်းဖန်တီးထားတာကို သူ့ပန်းချီကားတွေမှာ တွေ့ရပါတယ်။

သူ့ရဲ့ ပန်းချီကားတွေမှာ ထူးထူးခြားခြား တွေ့ရတာက တောက်ပတဲ့ အရောင်တွေ မသုံးဘဲ ပျော်ရွှင်မှုကင်းမဲ့တဲ့ သဘော ဆောင်တဲ့ မှုန်မှိုင်းမှိုင်းအရောင်တွေ သုံးထားတယ်၊ ပြီးတော့ လူသား ဖွဲ့စည်းမှု (anatomy) ဖြစ်တဲ့ အရိုးတွေ၊ အရေတွေကို ရေးဆွဲထားတယ်၊ စိတ်ကို ဆွဲဆောင်စေတဲ့ ဂီတကိုလည်း ထည့်သွင်းဖန်တီးထားတယ် ဆိုတဲ့ အချက်တွေပါ။

ပန်းချီခေတ်ဘုန်းမိုဟာ New Zero Art Village က အခုနှစ်မှာ ပထမဆုံး စတင်ပေးအပ်တဲ့ Artist Residency ရရှိခဲ့ပြီး ပြီးခဲ့တဲ့ မေလက နိုဝင်ဘာလ အထိ ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ ပိန္နဲကုန်းရွာကို သွားရောက်နေထိုင်ကာ ပန်းချီလက်ရာတွေ ဖန်တီးခဲ့တာ ဖြစ်တယ်။ သူရေးဆွဲ ဖန်တီးတဲ့ ပန်းချီလက်ရာတွေ စုစည်းပြီး Deadly Rhyme အမည်နဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ အထိ New Zero Art Space ပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

သူ့ပြပွဲနဲ့ ပတ်သက်ပြီး “နှလုံးခွဲစိတ်မှု ခံယူထားရသော ခေတ်ဘုန်းမိုသည် သေခြင်းတရား၊ ဝေဒနာနှင့် လူ့အရည်ပြားအောက်မှ အမှန်တရား တို့ကို ဂီတ၏ ကဝေဆန်သော သံစဉ်များနှင့် ပေါင်းစပ်ရေးဆွဲထားသည်” လို့လည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

New Zero Art Village ဦးဆောင် ပုဂ္ဂိုလ် ဖြစ်တဲ့ Artist အေးကိုကလည်း ပန်းချီခေတ်ဘုန်းမိုရဲ့ ရေးဆွဲ ဖန်တီးနဲ့ ပတ်သက်ပြီး- “သူ့ရဲ့ လက်ရာက ခေတ်ပြိုင် (Contemporary) ဖြစ်တယ်၊ သူကိုယ်တိုင်လည်း ခေတ်ပြိုင် အနုပညာရှင် (Contemporary Aritst) ဖြစ်တယ်၊ သူ့ဘ၀ ရှင်ရှင်သန်မှုမှာ နှလုံးခွဲစိတ်ထားရတယ်၊ လူတွေပေါ် အမြင်၊ လောက အမြင်၊ ဘ၀ အမြင်တွေကို သူဖြတ်သန်းရာ ခေတ်ထဲမှာ သူခံစားမိတဲ့ အတိုင်း ဖန်တီးတင်ပြတာတွေ့ရတယ်” လို့ မှတ်ချက်ပြုပါတယ်။

၁၉၇၁ ခုနှစ်၊ အောက်တိုဘဘာ ၂၀ ရက်နေ့ဖွား…၊ အဘဦးအေးလွင် အမိဒေါ်ခင်အေးမြင့်တို့၏ ဒုတိယသား ခေတ်ဘုန်းမိုရဲ့ ဇာတိက ရန်ကုန်ဖြစ်ပြီး၊ ပန်းချီကို ငယ်စဉ်ကတည်းက ရေးဆွဲလာခဲ့တာ ဖြစ်တဲ့ အပြင် စာနယ်ဇင်းလောကမှာလည်း သရုပ်ဖော် ပန်းချီဆရာ အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူပါ။

သရုပ်ဖော်ပန်းချီနဲ့ ရသပန်းချီ ဖန်တီးမှု ကွဲပြားမှု အကြောင်း ပန်းချီခေတ်ဘုန်းမိုက – “သရုပ်ဖော် ပန်းချီက ဝတ္ထု၊ ကဗျာ ဒါမှမဟုတ် တဦးတယောက်ရဲ့ ခံစားမှု၊ ဒါမှမဟုတ် အကြောင်းအရာ တခုခုကို ထင်ဟပ်တင်ပြတာ ဆိုတော့ ညှိယူပေါင်းစပ် ဖန်တီးယူရတာပါ။ ရသပန်းချီ ကျတော့ ကိုယ့်ခံစားမှုကို ထင်ဟပ်ရေးဆွဲ တင်ပြတယ်ပေါ့။ သရုပ်ဖော်ပန်းချီက တဦးတယောက်ကို ကိုယ်စားပြု တင်ပြတာ၊ ရသပန်းချီကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု တင်ပြတာလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

New Zero Art Space ရဲ့ Curator ဟေမာန်ဦးကလည်း ပန်းချီ ခေတ်ဘုန်းမိုရဲ့ ဖန်တီးမှုကို “ပန်းချီကားတွေကို သဘောကျ ပါတယ်…၊ ဂီတကို လူသား ဖြစ်တည်မှုနဲ့ ပေါင်းထားတာက ထူးခြားတယ် ပေါ့နော်။ နောက်ပြီး သေခြင်းတရားရဲ့ sense ကို လှုပ်အောင် ရေးထားတာ…၊ အရမ်းကြီး dark မဖြစ်သွားအောင် အရောင်နဲ့ ထိန်းထားတာကို သဘောကျပါတယ်…၊ living dead တွေလို့ မြင်လာမိတယ်ပေါ့…။ တခုပဲ… လက်ရာအရ ဒီထက် ပိုလုပ်လို့ရနိုင်တယ် လို့ မြင်မိလို့ တချို့ကားတွေကိုတော့ အားမရဘူး…” လို့ ပြောပါတယ်။

ခေတ်ဘုန်းမိုရဲ့ Deadly Rhyme ပန်းချီပြပွဲမှာ ပန်းချီကားပေါင်း ၁၂ ကား ပြသသွားမှာ ဖြစ်ပြီး ပန်းချီကား တကားချင်းစီမှာလည်း Artist Statement ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading