လူတိုင်းဟာ အာရုံ ၆ ပါး ခံစားမှု သားကောင်တွေ ဖြစ်တယ်။ အဲဒီလို ခံစားနေရ တာတွေထဲမှာ ချိုမြိန်မှု၊ ခါးသီးမှု စသဖြင့်လည်း ခံစားမှု အမျိုးမျိုး ရှိနေပြီး၊ လူတိုင်းဟာ အဲဒီခံစားမှုကို ကိုယ်၊ စိတ်၊ နှုတ်၊ အကြည့် စတာတွေနဲ့ ပြန်လည် တင်ပြတယ်၊ တုံ့ပြန်တယ်… ပြီးတော့ အနုပညာနဲ့ ဖန်တီးတင်ပြတာ တွေလည်း ရှိနေပါတယ်။
လောကလူသားတွေရဲ့ ခံစားရမှုကို ထင်ဟပ်ပြီး Artist ညီထွန်းက အနုပညာနဲ့ တင်ပြတာ တွေ့ရပါတယ်။ မူရင်း အရောင်တွေ အတိုင်း သုံးစွဲရေးဆွဲ ထားတဲ့ သူ့ရဲ့ Dancer (ကချေသည်) ပန်းချီကား စီးရီးက ကြည့်ရှုသူကို အရောင်နဲ့ ဆွဲဆောင်တဲ့ အပြင် ပန်းချီကားထဲက ကချေသည် မင်းသမီးလေးတွေရဲ့ စိတ်ခံစားမှုကိုပါ ထင်ဟပ်နေတာ တွေ့ရပါတယ်။ ထူးခြားတာက သူ့ရဲ့ ရေးဆွဲပုံက Realism ကို အခြေခံ ရေးဆွဲတင်ပြတာ မဟုတ်ဘဲ Figure တွေရဲ့ နောက်က စိတ်ခံစားမှု ကို ထင်ဟပ်ပြတာ တွေ့ရပါတယ်။
“မီးရောင်အောက်မှာ ကပြနေတဲ့ Dencer တွေရဲ့ မိသားစုဘဝတွေ၊ ဇာတ်စင်နောက်က သူတို့ရဲ့ ဝေဒနာတွေကို ခံစားပြီး ရေးထားတာပါ” လို့ သူက ဆိုပါတယ်။
အမျိုးသမီး Nude ပန်းချီကားတွေနဲ့ ပတ်သက်လို့လည်း “ဒါက လူတွေ ပါပဲ။ မျှော်လင့်ချက်ကိုယ်စီနဲ့ သူတို့ သွားလာ နေတယ် ဆိုတာကို ရေးပြတာပါ။ တနေရာကို သူတို့ ဦးတည်နေကြတာ၊ သူတို့ တခုခုုကို ခံစားနေကြရတာ” လို့လည်း ဆိုပါတယ်။
Artist ညီထွန်းရဲ့ ပန်းချီကားတွေမှာ မင်းသမီးတွေက ကနေတယ်၊ အမျိုးသမီး Nude ပန်းချီကားထဲက မိန်းကလေးတွ သွားလာနေကြတယ်။ ဒါပေမယ့် Artist ညီထွန်း အတွက်ကတော့ မင်းသမီးတွေရဲ့ ကကြိုးကကွက်တွေကို တကယ့် သဘာဝနဲ့ ကိုက်ညီလှပအောင် ရေးဆွဲတာ မဟုတ်သလို Nude အမျိုးသမီးတွေရဲ့ ကောက်ကြောင်း အလှတွေကိုလည်း ရေးဆွဲတင်ပြထားတာ မတွေ့ရပါဘူး။
သူ့ရဲ့ Dancer စီးရီး အပြင် Hell, Dream, Circle စတဲ့ စီးရီးတွေမှာလည်း လူပုံ Figure တွေက အပြင်လောကမှာ တွေ့ရတဲ့ လူတွေရဲ့ အချိုးအတိုင်း မျိုး မဟုတ်ဘဲ Distort လုပ် ဖန်တီးတာတွေ၊ အရောင်တွေနဲ့ သီးခြား ဆိုလိုရင်း တခုရောက်အောင် ရေးဆွဲဖန်တီးတာ တွေလည်း တွေ့ရပါတယ်။
“ကျနော်က Reference တခုခု ရှိမယ်၊ အဲဒါကို Copy ကူး ရေးဆွဲပြီး အနုပညာအဖြစ် ပြန်ပြတာမျိုးဆိုရင် ကျနော့်ကိုယ် ကျနော် ဘယ်တုန်းကမှ လက်မခံဘူး၊ တခုခုကို မြင်ရ တွေ့ရ ခံစားလိုက်ရတာကို ကိုယ့်စိတ်ခံစားမှုနဲ့ တင်ပြတာမျိုးကိုပဲ ဦးတည် ကြိုးစားပါတယ်။ ကြည့်သူတွေဆီ အပြည့်အ၀ မရောက်ဘူး ဆိုရင် ဒါဟာ ကျနော့်ရဲ့ တင်ပြမှု အားနည်းချက် ရှိလို့ပဲ လို့ ယူဆပါတယ်” လို့ Artist ညီထွန်းက ပြောပြတယ်။
Artist ညီထွန်းဟာ လူတွေရဲ့အပေါ်ယံ ပျော်ရွှင်သာယာ ကြည်နူးမှုတွေထက် သူတို့ စိတ်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခ ဝေဒနာတွေကို အရောင်တွေ၊ Brush Stroke တွေနဲ့ ရေးဆွဲ တင်ပြတဲ့ အပြင် ပန်းပုရုပ်တွေနဲ့လည်း တင်ပြထားပါတယ်။ ထူးခြားတာက သူ့ရဲ့ ပန်းချီကားတွေနဲ့ ပန်းပုလက်ရာတွေက အလှအပ ထက် စိတ်ခံစားမှုတွေကို ထင်ဟပ်တင်ပြတဲ့ Artworks တွေ ဖြစ်နေတာပါပဲ။
“ကျနော်က ပန်းပုထုတော့လည်း ဝေဒနာအမြင်နဲ့ မြင်ပြီး ဖန်တီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းပုလက်ရာ ဆိုရင် Iron Rose (သံမဏိနှင်းဆီ) ဆိုပြီး ဖန်တီးတယ်။ ကျနော့် စိတ်ထဲမှာ အသက်ကြီးတဲ့ အမေအိုကြီး တယောက် အဖြစ် မြင်ယောင်ကြည့်တယ်၊ ခံစားတယ်။ ပြီးတော့ အဲဒီ အချိန်မှာ သူ ခံစားရနိုင်တဲ့ သူရဲ့ ခိုင်မာတဲ့ စိတ်၊ သူ့ရဲ့ ထိတ်လန့် စိုးရိမ်မှု၊ သူရဲ့သတ္တိတွေ … ဒါတွေ ပါဝင်အောင် ထည့်သွင်းပြီး ဖန်တီးတယ်” လို့ ရှင်းပြတယ်။
Artist ညီထွန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့မှာ ၁၉၇၄ ခုနှစ်က မွေးဖွားခဲ့ပြီး ပန်းပုဆရာ ဦးအောင်ကျော်၊ ဦးမြင့်ဆန်း တို့ထံမှ ပန်းပုပညာ သင်ယူခဲ့တာပါ။ ပန်းချီကိုတော့ သီးခြား သင်ယူခဲ့တာမျိုး မရှိခဲ့ဘူး လို့လည်း သိရပါတယ်။
“ဟုတ်ကဲ့…၊ ပန်းပုက ကျနော့်ရဲ့ အရင်ဆုံး ချစ်သူဆိုရင် ပန်းချီကိုလည်း နောက်ကျပေမယ့် မြတ်နိုးရသူလို့ ကျနော့် အနေနဲ့ ပြောချင်တယ် ခင်ဗျ။ ပန်းပုကို Professional အဖြစ် ဖန်တီးနေပါတယ်။ ပန်းချီကို ထွက်ပေါက်တခု အနေနဲ့ ရေးဆွဲပါတယ်။ အထူးသဖြင့် လက်ပန်းကျသလို စိတ်ပန်းကျတဲ့ အခါမျိုးမှာ ရေးဆွဲပါတယ်။ ပန်းပုဖန်တီးဖို့က လုပ်ငန်းစဉ် အဆင့်ဆင့်က များတယ်…၊ ပန်းချီကျတော့ အဲဒီလောက် မများဘူး။ ပြီးတော့ စိတ်ထဲမှာ ခံစားမိတာကို ချက်ချင်း ဖွင့်ထုတ်လို့ ရတယ်”
သူ့ရဲ့ ဆာရီရယ်ဆန်တဲ့ ပန်းချီကားတွေရော ပန်းပုလက်ရာတွေပါ စိတ်ဝင်စားစရာ၊ တွေးစရာတွေ ရရှိစေတဲ့ အပြင် လူသားတွေရဲ့ နာကျင် ခံစားမူတွေ၊ လှုပ်ရှားရုန်းကန်မှုတွေ၊ ဆူညံပေါက်ကွဲမှု ဝေဒနာတွေ ကြည့်ရှုခံစားရပါတယ်။
သူဟာ ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်နဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်တွေမှာ နည်းပြဆရာ အဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။ Artist ညီထွန်းဟာ အုပ်စုပြပွဲပေါင်း ၅၀ ကျော်ပြသခဲ့ပြီး ပထမဆုံးတကိုယ်တော်ပြပွဲဖြစ်တဲ့ AFFLICTION 1 ပန်းချီပြပွဲကို ၂၀၁၅ ခုနှစ်မှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။
Artist ညီထွန်းရဲ့ ဒုတိယ အကြိမ်မြောက် တကိုယ်တော် ပြပွဲ AFFLICTION 2 (ဝေဒနာပြပွဲ အမှတ် ၂) ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းမှာ ရှိတဲ့ Bo Aung Kyaw Sreet Art Gallery မှာ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ ပန်းချီ ၃၇ ကားနဲ့ ပန်းပု ၅ ရုပ်တို့ကို ပြသသွား မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၃၀၀ ရာကနေ ဒေါ်လာ ၁၀၀၀ အထိ သတ်မှတ်ထားပါတယ်။ ။