လူတွေဟာအိမ်ကထွက်တဲ့အခါ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ၊ နာရီတွေကိုမေ့ကျန်တတ်ကြပေမယ့် ဖိနပ်စီးဖို့မေ့တယ် ဆိုတာကတော့ မရှိသလောက်ပါပဲ။ အသက် ၂၅ နှစ်အရွယ် ပန်းချီဆရာ ဉာဏ်ရဲနိုင်ကတော့ ဖိနပ်ကို မမေ့သလို နေ့စဉ်လူနေမှုဘဝမှာ လူတွေကို အကာအကွယ်ပေး ကောင်းကျိုးပြုနေတဲ့ ဖိနပ်တွေရဲ့ အသုံးဝင်မှုနဲ့ တန်ဖိုးကိုပါ မမေ့မလျော့ သိမြင်သူလို့ ဆိုရမှာပါ။
ဖိနပ်တွေကို ကြိုက်နှစ်သက်ပြီး စုဆောင်းတတ်တဲ့ ပန်းချီဉာဏ်ရဲနိုင်ဟာ “ပထမဆုံး ဖိနပ်တွေကို စရေးဖြစ်တာ အရောင်တွေကို ကြိုက်လို့ပါ။ နောက် ရေးရင်းနဲ့ ပိုကြိုက်လာတယ်။ လမ်းလျှောက်ပြီ ပူတဲ့ နေရာ နင်းနင်း၊ အေးတဲ့ နေရာ နင်းနင်း ဖိနပ်က ကျနော်တို့ကို ခံပေးထားတယ်။ ရှူးဖိနပ်စီးထားရင်လည်း တခုခု အပေါ် ပြုတ်ကျကြည့်၊ သူက အရင်ထိမှာ။ ဖိနပ်က ကျနော် တို့ကို အကျိုးပြုတယ်၊ ကာကွယ်ပေးတယ်” လို့ ဆိုပါတယ်။
သူရေးဆွဲထားတဲ့ ဖိနပ်ကလေး ၃ ရန်ပါတဲ့ မိသားစု ပန်းချီကားလေးနဲ့ ပတ်သက်ပြီး “အရောင်အေးအေးလေးတွေ သုံးထားတယ်။ အပူရောင်တွေ မပါဘူး။ ကလေးဖိနပ်လေးက တဖြည်းဖြည်း ကြီးလာတိုင်း အဖေ၊ အမေဖိနပ်တွေက ပြတ်ပြီး ဘေးရောက်သွားမယ်။ သူတို့က ထားခဲ့ကြရမှာကိုး။ အဖေရဲ့ ဖိနပ်မှာဆို ကျောင်းလွယ်အိတ်လေးတွေ၊ စာသင်ကျောင်းလေးတွေ၊ ပိုက်ဆံလေးတွေ ထည့်ထားတယ်” လို့ဆိုပါတယ်။
ပန်းချီဉာဏ်ရဲနိုင်က ဖိနပ်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို အွန်လိုင်းမှာကြည့်တယ်၊ စာအုပ်တွေဖတ်ပြီး လေ့လာခဲ့တယ်။ နောက် သွားရင်းလာရင်း သူကြိုက်တဲ့ ဖိနပ်တွေ တွေ့ရင် ခွင့်တောင်းပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်တတ်ပါတယ်။
“တခါက ဘုန်းကြီးကျောင်းမှာ အလှူလုပ်လို့သွားတာ။ အပြင်မှာ ဖိနပ်တွေ ချွတ်ထားတာ အများကြီးပဲ။ ကျနော်က ဘုန်းကြီးကျောင်းထဲ မဝင်ဘဲ ဖိနပ်တွေကို တရံပြီး တရံ ဓာတ်ပုံရိုက်လို့ လူတွေက ကျနော့်ကို တအံ့တသြကြည့်ကြတယ်။ ကျနော်ကတော့ အရမ်းပျော်သွားတယ်။ ပန်းချီရေးဖို့ အများကြီးရလို့လေ” လို့ သူကအမှတ်တရ ဆိုပါတယ်။
အခုတော့ ပန်းချီဉာဏ်ရဲနိုင်ဟာ သူကြိုက်နှစ်သက်တဲ့အရောင်တွေ၊ လိုင်းတွေကို အားပြုပြီး ရောင်စုံဖိနပ်အမျိုးမျိုးကို ရေးဆွဲ ဖန်တီးထားတဲ့ The Value (Vol.2) ဒုတိယ အကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Bo AungKyaw St Art Gallery မှာ ဇန်နဝါရီ ၁၃ ကနေ ၁၇ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။
ပန်းချီပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ “ဖိနပ်မှ မဟုတ်ပါဘူး။ လူတွေကို အကျိုးပြုတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ မြင်လေလေ တန်ဖိုးထားတတ်လေလေ ဖြစ်မှာပါ။ ကျနော်က လူတွေနဲ့ အနီးဆုံးဖိနပ်ကို ချပြလိုက်တာပါ” လို့ ဆိုပါတယ်။
ပြပွဲမှာရေဆေး၊ ခဲ၊ အခရိုင်းလစ် ပန်းချီကားပေါင်း ၃၀ ကျော်ကို ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၃၀၀ အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ ပြပွဲမှာ သူကြည့်ပြီး ဆွဲခဲ့တဲ့ ဖိနပ်တွေကိုလည်း အမှတ်တရ ခင်းကျင်းပြသ သွားမှာ ဖြစ်ပါတယ်။ ။