လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က မြန်မာမော်ဒန်ပန်းချီ လမ်းသစ် ဖောက်ခဲ့သူတွေဟာ အခုတော့ အသက်အရွယ် အတန်ကြီးမြင့်နေကြပြီ ဖြစ်ပါတယ်။ သူတို့တတွေ အချင်းချင်း ဆုံကြဖို့ စိတ်ကူးရသူကတော့ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ပန်းချီ ကြီးမြင့်စော ဖြစ်ပါတယ်။
“ငယ်ငယ်တုန်းက သူငယ်ချင်း အဖိုးကြီးတွေ အတူတူတွဲပြလိုက်ရင် ဘယ်လိုနေမလဲ။ ခံစားကြည့်ချင်တာပါ။ ဒီ ငါးယောက် စလုံးဟာ စကတည်းက ဒန်လိုက်တာ အခုထိ ‘ဒန်’ နေတုန်းပဲ။ အသက်တွေ ကြီးကုန်ကြပေမယ့် စိတ်ကတော့ ‘မော်ဒန်’ ပါ။ ‘ဒန်’ တုန်းပါပဲ” လို့ သူက ဆိုပါတယ်။
အခုတော့ မြန်မာ့မော်ဒန်ပန်းချီ လောကမှာ ကွဲပြားတဲ့ ပန်းချီလက်ရာတွေနဲ့ ထင်ရှားကြတဲ့ ပန်းချီ ကြီးမြင့်စော ၊ ပန်းချီ အောင်မြင့်၊ ပန်းချီ အောင်ခိုင်၊ ပန်းချီ စံမင်း၊ ပန်းချီ မောင်သိဒ္ဓိတို့ရဲ့ မော်ဒန်ပန်းချီ လက်ရာတွေကို A Journey Through Modern Art ပန်းချီပြပွဲမှာ တစုတစည်းတည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ပန်းချီ ကြီးမြင့်စောက ကမ္ဘာကျော် ပန်းချီဆရာတွေ ဖြစ်တဲ့ ဆေဇန်းနဲ့ မားတီးစ်ရဲ့ ပန်းချီ အယူအယူအဆတွေကို နှစ်သက်သူ ဖြစ်ပြီး ရန်ကုန်ညများ စီးရီးနဲ့ ထင်ရှားသူ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြသမယ့် ပန်းချီကားတွေနဲ့ ပတ်သက်လို့ – “ဒီပွဲမှာအမည်းရောင်တွေကို ပြချင်တာ။ အမည်းပေါ်မှာ အရောင်ကလေးတွေ၊ အရုပ်ကလေးတွေ တင်လိုက်တာပါ။ အကြောင်းအရာ အနေနဲ့ ကတော့ Yangon Night ပါပဲ။ ညဆိုတာ မှောင်နေတော့ မြင်ရတာ မည်းတာ ပါပဲ။ ဒါပေမယ့် ကျနော့် Yangon Night ကတော့ အလွန်အကျွံကို မည်းပါတယ်” လို့ ပန်းချီ ကြီးမြင့်စောက ဆိုပါတယ်။
ပန်းချီ အောင်မြင့် ကတော့ ၁၉၇၀ ကျော်က စပြီး မြန်မာမော်ဒန်ပန်းချီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အင်းလျားပြခန်းဟာလည်း လူငယ်အနုပညာရှင်တွေ အတွက် အားပေးရာ နားခိုရာ နေရာတခု ဖြစ်ပါတယ်။ သူဟာ အင်စတော်လေးရှင်း အနုပညာ တင်ဆက်မှုမှာလည်း ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ Mother and Child ပန်းချီ စီးရီး ဟာလည်း ထင်ရှားပါတယ်။
နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကြောင်းအရာတွေကို ဆူရီယယ်ဆန်ဆန် ပန်းချီလက်ရာတွေနဲ့ ရေးဆွဲထင်ရှားသူ ကတော့ ပန်းချီ စံမင်း ဖြစ်ပါတယ်။သူရဲ့ The Old Lady ကားမှာ ခေတ်ဆန်ဆန် အဝတ်အစားနဲ့အလှပြနေတဲ့ အမယ်အိုကြီးကို တွေ့ရပါတယ်။ “ဘယ်လောက်ပဲ နုပျိုချင်ပေမယ့် အိုမင်းခြင်းက ရောက်လာမှာပဲ ဆိုတာကို ပြချင်တာပါ” လို့ ပန်းချီ စံမင်းက ဆိုပါတယ်။
ပန်းချီ အောင်ခိုင်ကလည်း သူ့ရဲ့ မော်ဒန်ဟန် ရိုးရာပန်းချီကားတွေနဲ့ ထင်ရှားသူဖြစ်ပြီး တပါတီ အာဏာရှင်လက်ထက်က သူ့အား ပြသခွင့် ပိတ်ပင်ခံခဲ့ရဖူးပါတယ်။
ပန်းချီ မောင်သိဒ္ဓိကတော့ မီနီမယ်လစ်ဇင် အခြေပြု ပန်းချီကားတွေ ဖန်တီးရေးဆွဲသူ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အစောပိုင်း မော်ဒန်ပန်းချီကာလ ကတည်းက အစောဆုံး ဖန်တီးခဲ့သူ အဖြစ် လူသိများထင်ရှားပါတယ်။
မြန်မာ့ မော်ဒန်ပန်းချီ ခေတ်လယ်ပိုင်းကာလက ပန်းချီဆရာကြီးတွေရဲ့ ဖန်တီးတင်ပြမှုကို A Journey Through Modern Art ဆိုတဲ့ အတိုင်း မော်ဒန်အတ်ကို ဖြတ်သန်းပြီး အနုပညာခရီးတခု သွားရောက်မယ့်၊ မော်ဒန်နဲ့ ခေတ်ပြိုင် အနုပညာ (Contemporary Art) တို့ရဲ့ ကွာဟချက်တွေ နှိုင်းချင့်ခံစားနိုင်မယ့် ပြပွဲလို့ ဆိုနိုင်ပါတယ်။
ဒီ မော်ဒန်ပန်းချီဆရာကြီး ငါးဦးရဲ့ ပန်းချီပြပွဲကို အောင်ဆန်းကွင်း (မြောက်ခြမ်း) မှာ ရှိတဲ့ OK Art Gallery မှာ ဇန်နဝါရီလ ၁၉ ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပန်းချီပြပွဲမှာ ပန်းချီကား ၂၀ ကျော် ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းတွေ ကတော့ ဒေါ်လာ ၄၀၀ ကနေ ၆၀၀၀ ကျော်အထိ သတ်မှတ်ထားတယ် လို့သိရပါတယ်။ ။