စာရေးသူ – ဦးကုလား
စာအုပ်အမည် – ဦးကုလားရာဇဝင်ချုပ်နှင့် မုံရွေးရာဇဝင်ချုပ်လင်္ကာ
အမျိုးအစား – သမိုင်း
ရာဇဝင်ဟာ နိုင်ငံရဲ့ ပြတိုက်၊ လူမျိုးရဲ့ ပြတိုက်လို့ ဆိုပါတယ်။ ရာဇဝင်ဆရာကြီး ဦးကုလားရဲ့ ရာဇဝင်ချုပ်မှာ ပျူ (ပြူ) မင်းနှစ်ပါး၊ သရေခေတ္တရာ မင်းဆက်၊ ပုဂံမင်းဆက်၊ ပင်းယမင်းဆက်၊ စစ်ကိုင်းမင်းဆက်၊ ပထမ အင်းဝမင်းဆက်၊ ဒုတိယ အင်းဝမင်းဆက်၊ ကုန်းဘောင်မင်းဆက် စတဲ့ မြန်မာ့ ဘိုးဘေးစဉ်ဆက်ရဲ့သမိုင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ရာဇဝင် အခြေအနေကို လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။ မှန်နန်းရာဇဝင်ကို ပြုစုခဲ့ကြတဲ့ ဆရာတွေဟာ ဦးကုလားရဲ့ ရာဇဝင်ကြီး၊ ရာဇဝင်လတ် တို့ကို ကိုးကားမှီငြမ်း ကိုးကားကြရပါတယ်။
မှန်နန်းရာဇဝင်ပြု အဖွဲ့မှာ ပါဝင်တဲ့ မုံရွေးဆရာတော်က မင်းဆက်တွေရဲ့ နန်းတက်နှစ်၊ နန်းစံနှစ်တွေကို အလွယ်တကူ မှတ်သားနိုင်အောင် ရာဇဝင်လင်္ကာကို ရေးသားခဲ့ပါတယ်။ ဒီအလင်္ကာကို ရာဇဝင်ချုပ် အဆုံးမှာ ထည့်သွင်းရိုက်နှိပ် ထားလို့ ဟံသာဝတီတိုက်က `မုံရွေးရာဇဝင်လင်္ကာကို အရကျက်၍ ဤ ဦးကုလားရာဇဝင်ချုပ်ကို စွဲစွဲမြဲမြဲကြည့်သူတို့မှာ မြန်မာ ရာဇဝင်တွင် သူမတူအောင် စွဲမြဲမှတ်မိတိကျသော အသိဉာဏ်ကို ရရှိကြလိမ့်မည် ဖြစ်ပါသည်’ လို့ စာအုပ်နိဒါန်းမှာ ဆိုထားပါတယ်။
ဒီစာအုပ်ကိုစိတ်ကူးချိုချိုကတန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဘုန်းသက်ပိုင်
စာအုပ်အမည် – လွတ်လပ်မှု အနာဂတ်
အမျိုးအစား – ဘာသာပြန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျားက `အတောက်ပဆုံး လူငယ်စာရေးသူတွေထဲက တဦး ဖြစ်တဲ့ ဖာရိဇာခါရီယာဟာ ကမ္ဘာလုံးစနစ်အပေါ် အနောက်တိုင်း ဖွဲ့စည်းပုံအခြေခံမှုတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာလည်းကောင်း အတွေးကိုလည်း ဆွပေးတဲ့ စာအုပ် ထုတ်ဝေလိုက်ပါတယ်’ လို့ ဆိုပါတယ်။
ဖာရီဇခါရီယာက ဒီစာအုပ်မှာ သာမန်အားဖြင့် လုံးထွေးနားလည် ပြောဆိုနေကြတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို စနစ်တကျ ခွဲခြားထားပြီး ကမ္ဘာမှာ လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီထွန်းကားတွယ်ကျယ်နေတာတွေ၊ ဒီကနေ့ ကမ္ဘာ့ နေရာအများအပြားမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံ အာဏာရှင်တွေ အားကောင်းနေတာကို အခန်းပေါင်း ၆ ခန်းနဲ့ သတိပေးထားပါတယ်။ ဘာသာပြန်သူ ဆရာဘုန်းသက်ပိုင်ကလည်း`ဒါဟာဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ထူထောင် ကြိုးပမ်းနေတဲ့ ကျနော်တို့လို တိုင်းပြည်မျိုးတွေ အတွက် အထူးသတိချပ်စရာပါ’ လို့လည်း ဆိုထားပါတယ်။
the key collection မှ တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်မိုးသူ
စာအုပ်အမည် – လွမ်းတော်မူဖို့ စာကိုစီတယ် ပေါင်းချုပ်
အမျိုးအစား – အမှတ်တရစာစု
ဘကြီးမိုးလို့ အများက ခေါ်တဲ့ ဆရာမောင်မိုးသူရဲ့ ၁၇ နှစ်တာ ကာလ အလွမ်းစာစုတွေ ဖြစ်ပါတယ်။ ယခင်က ၃ တွဲ ထွက်ခဲ့တဲ့ စာအုပ်တွေကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပြီး စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ နိုင်ငံရေး နယ်ပယ်က နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဆရာမောင်မိုးသူက`မောင်မိုးသူ လူပုဂ္ဂိုလ်အရ နောက်ဆုံး လွမ်းတော်မူဖို့ ရေးလိုက်မိသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရဲ့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ်၊ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ရှေ့နေကြီးဦးကိုနီကို လွမ်းလိုက်ရတာ ပါပဲ။ ဦးကိုနီဟာ ဦးဝင်းတင်ဖောင်ဒေးရှင်း စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး ဦးဝင်းတင် ကွယ်လွန်တော့လည်း ဦးတင်ဦး၊ ဦးအုန်းထွန်း၊ မောင်မိုးသူတို့နဲ့ အတူ ဖောင်ဒေးရှင်းကိစ္စအ၀၀ကို လုပ်ကိုင်ဆောင်ရွက် ပေးသူ တဦးလည်း ဖြစ်ပါတယ်’ လို့ အမှတ်ရ ရေးထားပါတယ်။
နန်းဒေဝီစာပေက တန်ဖိုး ၁၀၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဇော်ဇော်အောင်
စာအုပ်အမည် – ဇော်ဇော်အောင် စာပေါင်းသိုက်
အမျိုးအစား – အက်ဆေး
ကွယ်လွန်သူ ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးတွေကို စုစည်းထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ သိင်္ဂါရ ရသ၊ မနက်စောစော၊ ဇော်ဂျီ၏ အကြောင်း သူ့တပည့် ရေးသောစာ၊ ဝတ္ထုအကြောင်း တပေါင်းစာတမ်း၊ ဝတ္ထုအကြောင်း ဆွေ့ဆွေ့ခုန် စာတမ်း၊ လူပေါ လူညံ့ပြဿနာ၊ ဟေမာနေဝင်းသီချင်းကဗျာ၊ ဒေါင်း အလွမ်းစာ၊ မန္တလေး၊ ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ ဂီတနက်သန် ကိုစောညိန်း၊ ပုဂံ၊ မအောင်မြင်မှု ငွေရတုစာတမ်း၊ မြက်ခင်းသံစဉ် အမှတ် ၆ ၊ မိုးခင် အတွက် ပိတောက်ခက် စကားပြေ၊ တမာပင်အောက်မှာ အေးမြစွာ ပေါက်ကွဲခြင်း၊ တယောထိုးတဲ့ ပို့စ်မော်ဒန် ကောင်မလေး မန္တလေး မြို့မနှင့် ကိုတင်ရီ၊ တိုက်စိုးလို ဖြစ်ချင်တယ်၊ နှစ်ဆယ့်တစ်ကြိုချင်း၊ မိုးသက်လေနှင်၏ အလွန်မှာ ပန်းချီဆရာ မောင်ညိုဝင်းနှင့် အတူ၊ အမာစိန်နှင့် အရိုင်းမယ်လေး၊ ငြိမ်သက်သော ဆောင်းကဗျာ အကြောင်း အက်ဆေးစတဲ့ အက်ဆေး ၂၁ ပုဒ်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
နှစ်ကာလများစာပေကတန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ ။