ပန်းချီမင်းဇော်ရဲ့ တွန့်ကြေပြီး ပြန့်ကျဲနေတဲ့ ရောင်စုံစက္ကူလေးတွေ၊ ကတ်ကြေးနဲ့ စက္ကူကို ဖြတ်သံလေးတွေ၊ စပရေး (Spray) မှုတ်သံလေးတွေက လူတွေကို ပျော်ရွှင်စေဖို့ ဖြစ်လာခဲ့ပါတယ်။ သူဟာ ညဉ့်နက်တဲ့ အထိ သူ့ရဲ့ Paper Works တွေကို ပုံသဏ္ဌာန် အမျိုးမျိုးချ၊ အရောင် အမျိုးမျိုးတွဲစပ် ဖန်တီးနေခဲ့တာပါ။ ယခင်က သူ့ရဲ့ တချို့ ပန်းချီကားတွေကို နိုင်ငံရေး အခြေပြု ပန်းချီကားတွေလို့ သတ်မှတ်ပြီး ပြသခွင့် မပြုတာတွေ ရှိခဲ့ဖူးတဲ့ ပန်းချီမင်းဇော်ဟာ အခုတော့ ချစ်စရာကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ Paper Works ပန်းချီကားတွေကို ဖန်တီးလာတာ တွေ့ရပါတယ်။
“အရင်လုပ်နေတဲ့ ဟာတွေကို ငြီးငွေ့လာတဲ့ အခါ အပြောင်းအလဲ လုပ်ကြည့်ရင်းနဲ့ ဆက်လုပ်ဖြစ်နေတာပါ။ စက္ကူ Texture လေးတွေ လုပ်ရင်းနဲ့ အားရပြီးတော့ အများကြီး လုပ်ဖြစ်သွားတာပါ” လို့ ပန်းချီမင်းဇော်က ဆိုပါတယ်။
ပန်းချီမင်းဇော်ဟာ ရောင်စုံစက္ကူတွေကို သူ့ရဲ့ မှတ်ဉာဏ်ထဲက ရှုခင်းတွေ အဖြစ် အပျော်စိတ်နဲ့ ပြောင်းလဲ ဖန်တီးဖြစ်တာနဲ့ ပတ်သက်ပြီး “အဓိက ကတော့ ပျော်ရွှင်မှုပဲ။ ကျနော်က ရောင်စုံ စက္ကူလေးတွေကို နေရာချတာလေ။ အဲဒါလေးကိုက ပျော်စရာကောင်းတာ” လို့ ပြောပြတယ်။
ဒီလို အနီ၊ အစိမ်းနဲ့ အပြာရောင် စက္ကူတွေ အများဆုံး အသုံးပြုပြီး ဒီဇိုင်းချ တွဲစပ်ဖန်တီးထားတဲ့ ထားတဲ့ ပုဂံဘုရား၊ ဘုန်းကြီးကျောင်းနဲ့ ရွာဓလေ့ပုံတွေ၊ တောင်စဉ်အဆင့်ဆင့်ပုံ၊ ရှုခင်းပုံတွေကို စုစည်းပြသတဲ့ Paper Works by Min Zaw ပြပွဲကို လာရောက် ကြည့်ရှုခံစားသူတွေကလည်း “ချစ်စရာကောင်း လိုက်တာ”၊ “အရောင်လေးတွေက လှလိုက်တာ” စသဖြင့် မှတ်ချက်ပြု ပြောဆိုကြပါတယ်။
ပန်းချီမင်းဇော်က “တချို့အရောင်လေးတွေဆိုရင် ကိုယ့်ဟာကိုယ်တောင် ထင်မထားဘူး။ ရေးရင်းရေးရင်းနဲ့ တွေ့လာရတာ ပျော်စရာ အရမ်းကောင်းတယ်” လို့ ဆိုပါတယ်။
ဒီပြပွဲနဲ့ ပတ်သက်လို့ “အများစုကတော့ ပျော်ရွှင်ရတယ်။ ကြည်နူးစရာပေါ့။ ကျနော် ကိုယ်တိုင်လည်း အဲဒီလိုခံစားရတယ် လေ။ ကြည့်တဲ့လူတွေလည်း အဲဒီလိုခံစားရတော့ ကျနော်လည်း ဝမ်းသာတယ်။ ကျနော် ပေးချင်တဲ့ message ရောက်တယ် လေ” လို့ ပန်းချီမင်းဇော်က ဆိုပါတယ်။
ပန်းချီမင်းဇော်ဟာ ပန်းချီပန်းပုကျောင်းနဲ့ ယဉ်ကျေးမှုတက္ကသိုလ်က ကျောင်းပြီးခဲ့သူ တဦးဖြစ်ပြီး ဒီပန်းချီပြပွဲဟာ သူ့ရဲ့ ၅ ကြိမ်မြောက် တကိုယ်တော်ပြပွဲဖြစ်ပါတယ်။ သူဟာ မြန်မာရုပ်ပြလောကမှာ နာမည်ကျော်တဲ့ ဘိုဘိုကာတွန်းဇာတ်ကောင် ဖန်တီးသူတဦးလည်း ဖြစ်ပြီး သူ့ရဲ့ Men စီးရီး၊ Women ပန်းချီစီးရီးတွေကလည်း ထင်ရှားပါတယ်။
Paper Works by Min Zaw ပြပွဲကို ဇန်နဝါရီ ၂၀ ကနေ ၂၇ ရက်နေ့အထိ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်ရှိ Studio Square မှာ စုစုပေါင်း Paperwork လက်ရာ ၂၄ ကား ပြသသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကို ဒေါ်လာ ၃၀၀ ကနေ ၁၂၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ။