ပန်းချီလောကမှာ Curator တွေ အလျှိုအလျှို ဆိုသလို ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ Curator တွေ ပေါ်ထွက်လာသလို သုတေသီ (Researcher) တွေ၊ Art Critics (အနုပညာဝေဖန်ရေး သမား) တွေလည်း ပေါ်ထွက်လာစေချင်ပါတယ်။ ပြပွဲတခုမှာ Curator တဦးရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။ သူက ဘာတွေ တာဝန်ယူ တာဝန်ခံပြီး ပြပွဲကို ဦးဆောင်သလဲ ဆိုတာ ဆွေးနွေးတင်ပြပါမယ်။
အခု ဆိုရင် တရုတ်နိုင်ငံက ကမ္ဘာ့တတိယ အကြီးဆုံး အနုပညာဈေးကွက် (World third Art-market) ထူထောင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အဲဒီလို ကျယ်ပြန့်တဲ့ အနုပညာဈေးကွက် ဖော်ဆောင်ရာမှာ အနုပညာရှင်တဦးတည်း လုပ်လို့ မရပါဘူး။ အနုပညာရှင် အချင်းချင်းကြား၊ Curator, Researcher, Art Critic စတဲ့ ပုဂ္ဂိုလ်တွေလည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုလာပါပြီ။
သုတေသီတွေက အနုပညာသမိုင်းကြောင်း၊ အနုပညာလှုပ်ရှားမှု၊ အနုပညာရှင်ရဲ့ ဘဝဖြတ်သန်းမှု၊ အတွေးအခေါ်၊ ဘ၀ အမြင်၊ လောကအမြင် စတာတွေကို သုတေသနပြု လေ့လာတင်ပြသလို အနုပညာ ဝေဖန်ရေး ဆရာကလည်း ဖန်တီးထားတဲ့ အနုပညာ လက်ရာရဲ့ ပကတိ တန်ဖိုးကို ချင့်တွက်ဝေဖန် တင်ပြပေးရပါတယ်။
အရင် ခေတ်အဆက်ဆက် ပြပွဲ လုပ်မယ်ဆို ပန်းချီဆရာကိုယ်တိုင်ပဲ ရေးဆွဲ သယ်ယူ ပို့ဆောင် ချိတ်ဆွဲ ပြသ ရှင်းပြ ပြောပြ ပေးတာတွေပဲ ရှိခဲ့ပါတယ်။ ပန်းချီဆရာဦးရဲ့ တာဝန်ဟာ သူ့ရဲ့ အတွေးစိတ်ကူးနဲ့ ခံစားမှုကို အနုပညာမြောက် ဖန်တီးပြီးလို့ နောက်ဆုံး စုတ်ချက်ချ လက်မှတ်ထိုးပြီးတာနဲ့ သူ့တာဝန်က ပြီးသွားပါပြီ။ ပန်းချီကား တွေကို ပြပွဲပြုလုပ် ပြသဖို့ အပါအဝင် တခြား လုပ်ငန်းစဉ် အများအပြားကို Curator က တာဝန်ယူ ဆောင်ရွက်ပါတယ်။
Curator က ဘာလုပ်ရသလဲ
Curator တဦးဖြစ်တဲ့ မစုထွေးအောင်က “Curator တဦးဟာ ကမ္ဘာနဲ့ မြန်မာ အနုပညာသမိုင်းတွေ သိဖို့လိုသလို အနုပညာ လှုပ်ရှားမှု တွေ အကြောင်းလည်း သိဖို့ လိုပါတယ်။ ပြီးတော့ ကိုယ် curate လုပ် တင်ပြမယ့် Artist ရဲ့ ဘ၀ အခြေအနေ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလတွေနဲ့ ဖန်တီးမှု အတွေး စိတ်ကူး အပြောင်းအလဲတွေကိုပါ သိထားဖို့ လိုပါတယ်။ ပြီးတော့ ပန်းချီဈေးကွက်လည်း သိဖို့လိုတယ်” လို့ ပြောပြပါတယ်။
နဝဒေးသာလာ ပြခန်းထူထောင်သူ ကိုပြည့်ဝေကလည်း – “Curator တဦးဟာ Artist’s Life ကို သိပြီး နားလည်ဖို့ လိုပါတယ်။ ရိုးသားစွာ စီမံတတ်ဖို့ လိုတယ်။ Long term dream ရှိဖို့လည်း အရေးကြီးပါတယ်။ ဟုတ်ကဲ့…၊ ရိုးသားစွာ စီမံတတ်ဖို့ ဆိုတာက Artist နဲ့ ဆက်ဆံရာမှာရော၊ Dealer နဲ့ ဆက်ဆံရာမှာရော၊ ပြပွဲစီမံကွပ်ကဲရာမှာရော ရိုးသားမှုနဲ့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ဖို့ စီမံသွားဖို့ပါ” လို့ ပြောပါတယ်။
Artist တဦးက အနုပညာမြောက် ရေးဆွဲ ဖန်တီးလိုက်တဲ့ အရာဟာ အနုပညာနဲ့ ဆက်စပ်ပြီး artwork ဖြစ်ပါတယ်။ အဲဒီ artworks တွေကို ရောင်းဝယ်ရေး ကိစ္စနဲ့ ဆက်စပ်မယ်၊ dealer တွေနဲ့ ဆက်စပ်မယ် ဆိုရင်တော့ curator ရဲ့ တာဝန်ပါ။
အဲဒီတော့ Artwork ရဲ့ တန်ဖိုး၊ တနည်းအားဖြင့် အနုပညာမြောက်မှု တန်ဖိုးကို curator က ချင့်တွက် သိမြင်နိုင်စွမ်း ရှိရမှာ ဖြစ်သလို ဖန်တီးတဲ့ အနုပညာရှင်ရဲ့ ဘ၀ အမြင်၊ လောက အမြင်နဲ့ ဖန်တီးမှု အတွေးစိတ်ကူးကိုလည်း သိမြင်နေရမှာ ဖြစ်ပြီး အနုပညာ ဈေးကွက်ရဲ့ သဘောကိုလည်း နားလည်ရမှာ ဖြစ်ပါတယ်။
Curator တဦးဟာ တကိုယ်တော် ပန်းချီပြပွဲတွေ၊ အုပ်စုပြပွဲတွေ စုစည်းတင်ဆက်တဲ့ အခါ ပန်းချီဆရာအကြောင်း၊ သူ့လက်ရာအကြောင်း၊ လက်ရာနဲ့ ပြသမယ့် ပြခန်း အနေအထား လိုက်လျောဆီလျော်မှု ရှိမရှိလည်း သတိပြုလေ့လာရ ပါတယ်။ ပန်းချီဆရာကို မိတ်ဆက်တင်ပြပေးရမှာ ဖြစ်တဲ့ အပြင် ပြခန်းထဲမှာ ဘယ်ပန်းချီကားကို ဘယ်နေရာမှာ ထားမယ်၊ ဘယ်ပန်းချီကားကိုတော့ ဘယ်နေရာမှာ ထားမယ် ဆိုတဲ့ ပြခန်းနဲ့ ပန်းချီကား အဆင်ပြေအောင် စီစဉ်ပေးရမှာ ဖြစ်တယ်။
[irrawaddy_sound id=”150313″]
Inside-Out ပြပွဲ
လတ်တလောမှာ မြန်မာနိုင်ငံက ပန်းချီဆရာ ၆ ဦးကို စုစည်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပြခန်းမှာ ဇန်နဝါရီ ၂၇ ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ ပြသသွားမယ့် ပန်းချီပြပွဲကို စုစည်းစီစဉ်သူက Curator ဟေမာန်ဦးပါ။ Inside-Out လို့ အမည်ပေးထားတဲ့ အဲဒီ အုပ်စုပန်းချီပြပွဲမှာ အေးကို၊ ဆက်အောင် T.T၊ ခေတ်ဘုန်းမို၊ မသီ၊ ကိုရဲ နဲ့ ထင်အောင်သွင်တို့ ပါဝင်ပါတယ်။ ပြပွဲရဲ့ Curatorial Note ကို လေ့လာကြည့်ရအောင်ပါ။
အေးကိုဟာ အရောင်ဖွဲ့စည်းမှုကို နိုင်နင်းပါတယ်၊ ပန်းချီကားမှာ အထပ်ထပ်တင် ရေးဆွဲထားတဲ့ အရောင်ပြင် အရောင်ကန့် တွေက သူ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်တယ်၊ အားပြိုင် တွန်းကန်နေတဲ့ အရောင်တွေက သူ့ရဲ့ သိစိတ်နဲ့ မသိစိတ် ပွတ်တိုက်မှုကို ပြတယ် လို့ မိတ်ဆက်ပေးထားသလို…၊ နှလုံးခွဲစိတ်မှု ခံယူထားရတဲ့ ခေတ်ဘုန်းမိုဟာ ရှင်သန်ခြင်း၊ ဝေဒနာနဲ့ သေဆုံးခြင်းတို့ အကြား ပါးလွှာတဲ့ ကူးလူးလွှာကို ဆင်ခြင်မိစေနိုင်တဲ့ လက်ရာတွေ ဖြစ်တယ် လို့ တင်ပြထားပါတယ်။
တဖန် မသီက ရေဆေးနဲ့ သရုပ်မှန် ရေးသားတာကို အသားကျနေသူ ဖြစ်ပေမယ့် သူမ ငြီးငွေ့လာတဲ့ သရုပ်မှန်ဝါဒကို လွှတ်ကာ အတွေးအခေါ်နဲ့ လွတ်လပ် ဖန်တီးမှုများ ရေးဆွဲလာခဲ့တယ်၊ “ကျဉ်းသောဘောင်၊ တင်းသောစည်း” များကြားက မြန်မာ အမျိုးသမီးတို့ရဲ့ ဘဝပုံရိပ်ကို သူမရဲ့ ပန်းချီကားမှာ တွေ့မြင်ရပါတယ် လို့ ဖော်ပြထားပြီး….၊ ဆက်အောင်T.T ရဲ့ ပန်းချီကားတွေက မြန်မာ့ဓလေ့ အငွေ့အသက်တွေ ယှက်သန်းနေပြီး မြန်မာ့ရိုးရာ ပွဲတော်များ၊ တိုင်းရင်းသာလူမျိုးတို့ရဲ့ နေထိုင်မှု ပုံစံများ၊ ရိုးရာကိုးကွယ်ယုံကြည်မှုတွေကို ရေးဆွဲပါတယ်။ သူ့ရဲ့ အရောင်နဲ့ မျဉ်း ဖွဲ့စည်းဖန်တီးမှုက ရာဇဝင်လာ အကြောင်းအရာတို့ ရုန်းထလာရပါတယ် လို့လည်း မိတ်ဆက်ပေးထားပါတယ်။
လူမှုဘဝ အထွေထွေနဲ့ လူ့သဘောကို ပေါင်းစပ်ထားတဲ့ နိမိတ်ပုံတွေကို ကိုရဲရဲ့ ပန်းချီကားတွေမှာ တွေ့ရတယ်၊ ပန်းချီ စည်းမျဉ်းတချို့ကနေ သွေဖည်ပြီး ရဲတင်းစွာ အခြေပြုရေးဆွဲထားတဲ့ လက်ရာတွေ ဖြစ်တယ်၊ အသစ်ကို ဆာလောင်နေတဲ့ လူ့အဖွဲ့အစည်း အတွက် ကိုရဲရဲ့ လက်ရာတွေက ဖြည့်စွက်စာ၊ ကြည့်မှန်တချပ်ဖြစ်ပါတယ် လို့လည်း ချဉ်းကပ် တင်ပြထား ကာ…၊ ထင်အောင်သွင်ရဲ့ ပန်းချီ လက်ရာတွေက အိပ်မက်ဆန်မှုနဲ့ လူသားဆန်မှုကြား ချိန်ခွင်လျှာသဖွယ် ရှိနေတယ်၊ အရောင် အရောအနှောနဲ့ မျဉ်း အသွားအလာတွေက သူ့ရဲ့ စူးစိုက်နိုင်မှုနဲ့ စိတ်ပါဝင်စားမှုကို ပြနေတယ် စသဖြင့် ဖော်ပြထားပါတယ်။
နိုင်ငံတကာ အနုပညာနယ်ပယ်မှာ လုပ်ဆောင်အောင်မြင်နေသလိုမျိုး မြန်မာ့အနုပညာ နယ်ပယ်မှာလည်း အလားတူ တည်ဆောက် လုပ်ကိုင်သွားနိုင်ဖို့ လေ့လာတင်ပြလိုက်ပါတယ်။ ။
Ref: thebalance.com & Inside-Out catalogue