တရုတ်ရိုးရာ ပြက္ခဒိန် အရ ၂၀၁၈ ခုနှစ်ဟာ ခွေးနှစ် (Year of the Dog) ဖြစ်ပြီး ယခုနှစ်က Earth Dog လို့ခေါ်တဲ့ “မြေ”ခွေးနှစ် ဖြစ်ပါတယ်။ ခွေးနှစ်က လာမယ့် ဖေဖော်ဝါရီ ၁၆ ကနေ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်အထိ အကျုံးဝင်ပါတယ်။ တရုတ် ဗေဒင် ကိန်းခန်း အရ ၁၂ နှစ် လည်ပတ်ရာမှာ ခွေးနှစ်ဟာ ၁၁ ခုမြောက် ဖြစ်ပါတယ်။ ခွေးနှစ်ကျရောက်တဲ့ သက္ကရာဇ်တွေ ကတော့ ၁၉၂၂ ၊ ၁၉၃၄ ၊ ၁၉၄၆ ၊ ၁၉၇၀ ၊ ၁၉၈၂ ၊ ၁၉၈၄ ၊ ၂၀၀၆ ၊ ၂၀၁၈ ၊ ၂၀၃၀ ၊ ၂၀၄၂ တို့ပဲ ဖြစ်ပါတယ်။
ခွေးဟာ လူ့အတွက် အဖော်မွန်ကောင်း ဖြစ်ပြီးတော့ လူ့စိတ်ကို နားလည်ပါတယ်။ ဆင်းရဲချမ်းသာ မရွေး နေထိုင်တတ်ပြီး သခင်ရဲ့ အမိန့်ကို နာခံတတ်ပါတယ်။ တရုတ်လူမျိုးတွေကတော့ မင်္ဂလာရှိတဲ့ သတ္တဝါလို့ သတ်မှတ်ပါတယ်။ ခွေးတကောင် အိမ်ကို ရောက်လာပြီလာပြီ ဆိုရင် ကံကောင်းခြင်းလည်း ရောက်လာတယ် ဆိုတဲ့ သင်္ကေတလို့ တရုတ်တွေက ယုံကြည် ပါတယ်။ တရုတ်ဒဏ္ဍာရီက အာလန်းနတ်ဘုရားဟာ မကောင်းဆိုးဝါးတွေ၊ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် အမဲလိုက်ခွေးကြီး တကောင် သုံးခဲ့တယ် လို့ ဆိုပါတယ်။
ကံကောင်းစေမယ့်ဂဏန်းများ – ၃ ၊ ၄ ၊ ၉
ကံကောင်းစေမယ့်အရောင် – အစိမ်း၊ အနီ၊ ခရမ်းနု
ကံကောင်းစေမယ့်ပန်း – နှင်းဆီ၊ oncidium သစ်ခွ၊ cymbidium သစ်ခွ
ကံကောင်းစေမယ့် အရပ်မျက်နှာ – အရှေ့၊ အရှေ့တောင်၊ တောင်
ခွေးနှစ်ဖွားများရဲ့ စရိုက်လက္ခဏာများ
ခွေးနှစ်မှာ မွေးဖွားသူများမှာ အမြဲလိုလို လွတ်လပ်စွာ နေထိုင်တတ်ကြတယ်။ ကျေးဇူးသစ္စာ စောင့်သိတယ်။ တရားမျှတ တယ်။ ဆင်ခြင် မြော်မြင်တတ်သူလို့ တရုတ်ဗေဒင်က ဆိုပါတယ်။ ဘဝသက်တမ်း တလျှောက်မှာ အခက်အခဲ ဘယ်လောက် တွေ့တွေ့ ကြောက်ရွံ့တတ်သူတွေ မဟုတ်။ ၎င်းရဲ့ စူးရှထက်မြက်တဲ့ စရိုက် လက္ခဏာကြောင့် ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် ရောနှောနေထိုင်တတ်သူတွေဖြစ်ကြပါတယ်။
အားသာချက် စွမ်းရည်များ – ရဲရင့်တဲ့ သတ္တိ၊ ကျေးဇူးသစ္စာ၊ တာဝန်ကျေ၊ ထူးချွန်၊ နောက်မရွံ့တတ်၊ အမြဲတက်ကြွ
အားနည်းချက်များ – အကဲဆတ်၊ ရှေးရိုးဆန်၊ ခေါင်းမာ၊ ထိရှလွယ်
ခွေးနှစ်ဖွားတွေနှင့် အကြောင်းဆက်လို့ ပေါင်းဖက်နိုင်သူတွေ
အကောင်းဆုံးတွဲဖက်သင့် – ယုန်နှစ်ဖွား
ခွေးနှစ်ဖွားနဲ့ အကောင်းဆုံးလက်တွဲဖော်မှာ ယုန်နှစ်ဖွားဖြစ်ပါတယ်။ တူညီတဲ့စရိုက်လက္ခဏာနဲ့ ယေဘုယျဝါသနာ ကိုက်ညီကာ အရွှန်းဖောက်တတ်သယ့် အလေ့အထပါ ပေါင်းစပ်လိုက်ပါက အကောင်းဆုံးလက်တွဲဖော်များ ဖြစ်သွားနိုင် ပါတယ်။
ရန်ဘက်များ – နဂါးနှစ်ဖွား၊ သိုးနှစ်ဖွား၊ ကြက်နှစ်ဖွား
ခွေးနှစ်ဖွားတွေနဲ့ အထက်ဖော်ပြပါ နှစ်ဖွားတွေနဲ့ တွဲမိရင်တော့ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နိုင်ပါတယ်။ ယင်း တိရစ္ဆာန်သဘာဝအရ တကောင်နဲ့ တကောင် မျှဝေခံစားတာ မပြုနိုင်လို့ တယ့်မှာ မဟုတ်တာ ကျိန်းသေပါ။ ထိရောက်တဲ့ ဆက်ဆံရေး ကင်းမဲ့နေပြီး ပျော်စရာကောင်းမယ့် လက်တွဲဖော်တွေ မဟုတ်သလို လက်ထပ်မိရင်လည်း တသီးတခြားစီ နေရသလို ဖြစ်နေတယ် လို့ ဆိုပါတယ်။
ခွေးနှစ်ဖွားတွေရဲ့ သွေးအုပ်စုနဲ့ စရိုက်လက္ခဏာ
ခွေးနှစ်ဖွား ဖြစ်တယ်၊ ဒါပေမယ့် သွေးအုပ်စုတော့ မတူဘူး။ ဒါဆိုရင် သူတို့ရဲ့ စိတ်နေသဘာ၀ စွမ်းရည်တွေက ဘာတွေ ဖြစ်မလဲ။ လေ့လာကြယ့်ရအောင်ပါ။ ခွေးနှစ်ဖွား အို သွေးပိုင်ရှင် ဆိုပါတော့….၊ သူတို့ဟာ ရဲရင့်တယ်၊ လိမ္မာပါးနပ်တယ်၊ ရိုးသားတယ်၊ ပြီးတော့ အကောင်းမြင်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ကောင်းရှိမှုကြောင့် ဘဝရဲ့ အစောပိုင်းကာလ ငယ်ရွယ်စဉ်မှာ၊ ဒါမှမဟုတ် အလွန်ဆုံး ဘဝရဲ့ အလယ်အလတ်ပိုင်း လူလတ်ပိုင်းမှာပဲ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်သူတွေ ဖြစ်ပါတယ်။
ခွေးနှစ်ဖွား အေ သွေးပိုင်ရှင်တွေကတော့ တခြားသူတွေကို အားပေးချင်တယ်၊ ကူညီချင်တယ်၊ အဲဒီလို ကောင်းမွန်တဲ့ စိတ်ဓာတ်က သူတို့ရဲ့ မြင့်မြတ်တဲ့ တန်ဖိုး လို့ ဆိုပါတယ်။ ကျယ်ပြန့်ပြီး မှန်ကန်မျှတတဲ့ စိတ်ရှိတာကြောင့်လည်း ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကနေ သူတို့ရဲ့ လုပ်ငန်းဆာင်တာ အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ရရှိပြယ့်စုံစေတယ် လို့ ဆိုပါတယ်။
ခွေးနှစ်ဖွား ဘီသွေး ပိုင်ရှင်တွေလည်း သူတို့ဟာ ဘဝအောင်မြင်မှု ရဖို့ အတွက် အမြဲတမ်းကြိုးစားလေ့ ရှိသူတွေပါ။ ရိုးသားတယ်၊ အကောင်းမြင်တတ်က သူတို့ရဲ့ တောက်ပတဲ့ အရည်အသွေးကို ပြနေတာ ဖြစ်ပါတယ်။
ခွေးနှစ်ဖွား အေဘီသွေး ပိုင်ရှင်တွေရဲ့ စရိုက်သဘာဝက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ပြီး စေ့စပ်သေချာတာကြောင့် သူတို့ဟာ ဦးဆောင်သူ ဘော့စ် အဖြစ် ငယ်ငယ်ရွယ်ရွယ်မှာ၊ ဒါမှမဟုတ် လူလတ်ပိုင်း အရွယ်တွေမှာ ရရှိပြယ့်စုံကြသူတွေ ဖြစ်ပါတယ်။
ခွေးနှစ်ဖွား ၅ မျိုး
တရုတ် ရိုးရာပြက္ခဒိန် အရ ခွေးနှစ်ဖွား ၅ မျိုး ရှိပါတယ်။ ပထမဆုံး တမျိုးက သစ်သားခွေးနှစ် (Wood Dog) ဖြစ်ပြီး ၁၉၃၄၊ ၁၉၉၄ ခုနှစ်တွေပါ။ အဲဒီနှစ်ထဲမှာ မွေးဖွားသူတွေက ရိုးသားတယ်၊ ယုံကြည်စိတ်ချရတယ်၊ တရားမျှတမှု အတွက် ခံစားချက်ပြင်းထန်တယ် လို့ ဆိုပါတယ်။ ဒုတိယ တမျိုးက မီးခွေးနှစ် (Fire Dog) ဖြစ်ပြီး ၁၉၄၆၊ ၂၀၀၆ ခုနှစ်တွေပါ။ မီးခွေးနှစ်မှာ မွေးဖွားသူတွေက ကြင်နာတတ်တဲ့ နှလုံးသားရှိသူ၊ အကျိုးအကြောင်း မျှမျှတတ ဆင်ခြင်နိုင်သူ၊ ပွင့်လင်းပြီး ခင်မင်နှစ်လိုဖွယ် ရှိသူ လို့ ဆိုပါတယ်။
တတိယ တမျိုးက မြေခွေးနှစ် (Earth Dog) ဖြစ်ပါတယ်။ ၁၉၅၈၊ အခုနှစ် ၂၀၁၈ တွေ ဖြစ်ပြီး၊ ဒီနှစ်တွေထဲမှာ မွေးဖွားတဲ့ သူတွေက အကြီးအကဲစိတ် ရှိမယ်၊ စူးနစ်စူးစိုက်စိတ် ရှိမယ်၊ ငွေကြေး ပစ္စည်းဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းမယ် လို့ ဆိုပါတယ်။ စတုတ္ထ တမျိုးက သတ္တုခွေးနှစ် (Metal Dog) ဖြစ်ပြီး ၁၉၁၀၊ ၁၉၇၀ ခုနှစ်တွေ ဖြစ်ပါတယ်။ ဒီနှစ်ဖွားတွေက ရှေးရိုးစွဲ အယူရှိတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သူ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အလေးအနက်ထား တန်ဖိုးထားသူ ဖြစ်တယ် လို့ ဆိုပါတယ်။
နောက်ဆုံး ပဉ္စမတမျိုးက ရေခွေးနှစ် (Water Dog) ဖြစ်ပါတယ်။ ရေခွေးနှစ်မှာ မွေးဖွားသူတွေက ရေရှည် ကြိုမြင်တတ်သူ၊ တာဝန်ယူ တာဝန်ခံစိတ် ရှိသူ ဖြစ်ပါတယ်။ သို့ပေမယ့် တခါတလေမှာတော့ ကိုယ့်အတ္တကို ရှေ့တန်းတင်တတ်တာလည်း ရှိတတ်ပါ သတဲ့။
ထင်ရှားတဲ့ ခွေးနှစ်ဖွားတွေ
အောင်မြင်ထင်ရှားတဲ့ ခွေးနှစ်ဖွားတွေကို လေ့လာကြယ့်ရင် ဝင်စတန်ချာချီ၊ ဘင်ဂျမင်ဖရင့်ကလင်၊ ဘီလ်ကလင်တန်၊ ဘော်လ်တိုင်းယား၊ ဆိုကရေးတီး၊ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနား၊ မာရီကာရေး၊ ဂျနီဖာလိုပက်ဇ် တို့ ဖြစ်ပါတယ်။
Ref: www.travelchinaguide.com