စာရေးသူ – ဦးချမ်းသာ
စာအုပ်အမည် – ကျွန်တော်အိုင်စီအက်စ်
အမျိုးအစား – အတ္ထုပ္ပတ္တိ
အိုင်စီအက်စ်ဆိုတာ အင်္ဂလိပ်အစိုးရရဲ့လက်ပါးစေမဟုတ်၊ နယ်ချဲ့လက်ကိုင်တုတ်မဟုတ်ဘဲ အလုပ်တာဝန်ကို သစ္စာရှိစွာလုပ်တဲ့ အလုပ်သမားသာဖြစ်ကြောင်း ဦးချမ်းသာက ဆိုပါတယ်။ ဒါကြောင့် ဦးချမ်းသာဟာ သူ့ အလုပ်ရှင် အင်္ဂလိပ်အစိုးရကို `အင်္ဂလိပ်အစိုးရကို စစ်ကြီးပြီးသောအခါ ကျွန်တော်က လျော်ကြေးတောင်း တရားစွဲရန်ရှိသေးသည်’ လို့ ဂျပန်ခေတ်က ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ ဦးချမ်းသာရဲ့အတ္ထုပ္ပတ္တိကို ၁၉၀၇ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ လွတ်လပ်ရေးအလံတင်တဲ့အထိ နှစ်ပေါင်း ၄၀ ကျော် စာဖတ်ရှုရမှာဖြစ်ပါတယ်။ ဦးချမ်းသာရဲ့ မင်းဘူးမြို့၊ သူငယ်တန်းကနေ ၁၀ တန်းအောင်တဲ့အထိ အတွေ့အကြုံ၊ ရန်ကုန်တက္ကသိုလ်အတွေ့အကြုံနဲ့ အောက်စဖို့ဒ်တက္ကသိုလ်အတွေ့အကြုံ၊ နောက် အိုင်စီအက်စ်အရာရှိ ဘဝမြင်ကြားထိသိခဲ့ရတဲ့ အတွေ့အကြုံတွေကို အခန်းပေါင်း (၁၅) ခန်းနဲ့ တင်ပြထားပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရင် အလုပ်သမားသက်တမ်းကုန်ကြတော့မယ့် အိုင်စီအက်စ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဘာတွေပြောခဲ့သလဲ ဆိုတာကိုလည်း လေ့လာနိုင်ကြမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၅၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)
စာအုပ်အမည် – အတွင်းရေးမှူး (၁)
အမျိုးအစား – နိုင်ငံရေး
`ကိုခင်ညွန့်ရေ…ရန်ကုန်တက္ကသိုလ်ပရိဝုဏ်ကိုတော့ ပိတ်ထားရမည်။ တက္ကသိုလ်အသစ်များ တည်ဆောက် ရမည်။ ထိုတက္ကသိုလ်အသစ်များသည် မြို့နှင့် အနည်းဆုံး ၁၀ မိုင်ခန့် ဝေးကွာသောနေရာတွင် တည်ဆောက်ရမည်’ လို့ နိုင်ငံတော်အကြီးအကဲက လမ်းညွန်ခဲ့တယ်လို့ ဦးခင်ညွန့်က ဆိုပါတယ်။ ဒီစာအုပ်မှာ ဦးခင်ညွန့်ရဲ့ဘဝအစ မှော်ဝန်းဒေသမှာ နေထိုင်ခဲ့တာကစလို့ ယခုလက်ရှိအချိန်ထိကို အပိုင်း ၂ ပိုင်း အခန်းပေါင်း ၁၉ ခန်းနဲ့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ `နဂါးမင်းစစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိကြသည့် ဘင်္ဂါလီ မွတ်စလင်ဘာသာဝင်များ ရုတ်ရုတ်သဲသဲဖြစ်ကာ မူဆလင် ဘာသာဝင်များက ရခိုင်အိမ်များကိုမီးရှို့ခြင်း၊ မိမိတို့ပိုင် အိမ်များကို ကိုယ့်အိမ်ကိုယ် မီးရှို့ခြင်းပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးမှုဖြစ်စဉ်ကြီး ဖြစ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါသည်။’ လို့လည်း ဦးခင်ညွန့်က ဆိုပါတယ်။ ဒီစာအုပ်ကို ပန်းမျိုးတစ်ရာစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မေငြိမ်း
စာအုပ်အမည် – အသံသစ်ပြတိုက်
အမျိုးအစား – အတ္ထုပ္ပတ္တိ
၁၉၉၀ ကျော်နှစ်များက ထုတ်ဝေခဲ့တဲ့ ဆရာမမေငြိမ်းရဲ့အသံသစ်ပြတိုက်ကို ရန်ကုန်လမ်းမများစာပေက ပြန်လည်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ အဲဒီကာလက ဇော်ဝင်းထွဋ်ဆံပင်ရှည် ထားတဲ့အကြောင်းကို စိစစ်ရေးကဖြတ်တောက်ပါတယ်။ လူငယ်တွေရဲ့မွန်းကြပ်တဲ့ခံစားချက်တွေကို ဇော်ဝင်းထွဋ်ရဲ့ ခပ်ပြင်းပြင်း ရှော့ခ်သီချင်းတွေက ထွက်ပေါက်လိုဖြစ်စေခဲ့တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒီ အသံသစ်ပြတိုက်မှာ ဇော်ဝင်းထွဋ်ရဲ့ဂီတမျိုးရိုး၊ မိဘများရဲပံ့ပိုးမှု ၊ မိသားစုဘဝ၊ အင်ပါယာအောင်မြင်လာပုံ ကစလို့ ၁၉၉၅ ခုနှစ်အထိ ဇော်ဝင်းထွဋ်ရဲ့အောင်မြင်ကျော်ကြားတဲ့ ဂီတဖြတ်သန်းမှုအကြောင်းတွေကို ဖတ်ရှု့ရမှာဖြစ်ပါတယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – သစ္စာနီ
စာအုပ်အမည် – အတ္ထုပ္ပတ္တိ ရုပ်ရှင်များ
အမျိုးအစား – ရုပ်ရှင်
စာပေ၊ ကဗျာအပြင် ဆရာသစ္စာနီ အာရုံကျတာကတော့ ပန်းချီနဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ၃၀ ကျော်ပါဝင်တဲ့ ဒီစာအုပ်မှာ ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင်၊ ရုပ်ရှင်၊ ပန်းချီ၊ စာရေးဆရာအနုပညာရှင်များ၊ သိပ္ပံပညာရှင်၊ အားကစားသမားများသာမက ထူးခြားမှုရှိတဲ့သာမန်လူတွေ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ဖတ်ရှုရမှာပါ။ `ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ရုပ်ရှင်အကြောင်းသာမက သူတို့ သူတို့၏ တကယ့်အစစ်အမှန် ဘဝဇာတ်ကြောင်းများကိုပါ သိရှိခွင့်ရမည်ဖြစ်ရာ စာဖတ်သူများအနေဖြင့် ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း’ လို့ ဆရာသစ္စာနီက ဆိုပါတယ်။ စံပယ်စာအုပ်တိုက်က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။