Culture

ဦးချမ်းသာရဲ့ “ကျွန်တော် အိုင်စီအက်စ်”

Want create site? Find Free WordPress Themes and plugins.

အိုင်စီအက်စ်တွေဟာ အခွင့်ထူးခံလူတန်းစား၊ မိုးကျရွှေကိုယ်၊ မြန်မာမဆန်တဲ့ အင်္ဂလိပ်သစ္စာ ခံတွေလို့ အများစုက သတ်မှတ်ကြပေမယ့် အိုင်စီအက်စ် ဦးချမ်းသာကတော့ “အိုင်စီအက်စ်ဆိုတာ အင်္ဂလိပ်ဘုရင်ကိုသစ္စာခံခြင်း မဟုတ်၊ အလုပ် တာဝန်ကို သစ္စာရှိစွာ လုပ်ရန်သာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အိုင်စီအက်စ် ဆိုတာ (Indian Civil Service) ရဲ့ အတိုကောက်ဖြစ်ပြီး အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်မှု အောက်မှာ ဒေသခံ ပညာရှင်တွေကို အစိုးရက လခ မြင့်မြင့်မားမားပေးကာ အုပ်ချုပ်ရေးမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ တကယ်တော့ အိုင်စီအက်စ်တွေ ဆိုတာ သဘောတူ ပဋိညာဉ်စာချုပ်အရ အလုပ် လုပ်နေကြတာ ဖြစ်တယ်၊ အလုပ်ရှင်ဟာ အစိုးရ ဖြစ်ချင်ဖြစ်မယ်၊ ကုမ္ပဏီ ဖြစ်ချင်ဖြစ်မယ်၊ တသီးပုဂ္ဂလ ဖြစ်ချင်ဖြစ်မယ် လို့လည်း ဦးချမ်းသာက ဆိုပါတယ်။

ဒုတိယကမ္ဘာစစ် အပြီး အင်္ဂလိပ်တွေ မြန်မာပြည်ကို ပြန်ဝင် လာတဲ့ အခါ အင်္ဂလိပ်အရာရှိ မစ္စတာဝေါလေ့စ်က “ဆင်းမလားကို ဘာကြောင့် မလိုက်လာတာလဲ” လို့မေးတော့ အိုင်စီအက်စ် ဦးချမ်းသာက “အိုင်စီအက်စ် ပဋိညာဉ် စာချုပ်မှာ ကျနော် အမှုထမ်းရန် မြန်မာပြည်သာလျှင် ဖြစ်ပါတယ်။ အိန္ဒိယ၏ အခြားဒေသ နယ်မပါဝင်ပါ” လို့ ဖြေခဲ့ပါတယ်။

ဦးချမ်းသာဟာ စာပေ၊ ပန်းချီ၊ ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာ ထုံးစံတွေကို လေ့လာလိုက်စားပြီး လက်ျာစံထား၊ လက်ဝဲမင်းညို အမည်တွေနဲ့ ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါးတွေကို ရေးသားတဲ့ စာရေးဆရာ၊ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဝါသနာပါတာက အနုပညာ၊ လုပ်ချင်တာက နိုင်ငံရေး၊ အကျိုးပေးတာက အုပ်ချုပ်ရေးပါ လို့ သူက မှတ်ချက်ချပါတယ်။

ဦးချမ်းသာရဲ့ “ကျွန်တော် အိုင်စီအက်စ်” စာအုပ်ဟာ ဦးချမ်းသာမွေးတဲ့ ၁၉၀၇ ခုနှစ်ကနေ လွတ်လပ်ရေး အလံတင်တဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလအထိ မှတ်တမ်းပြု ရေးသားထားတာ ဖြစ်ပါတယ်။ စာအုပ်မှာ အပိုင်း ၂ ပိုင်း၊ အခန်းပေါင်း ၁၅ ခန်း ပါဝင်ပြီး အဓိကကတော့ ဦးချမ်းသာရဲ့ငယ်ဘဝပညာရေး အတွေ့အကြုံ၊ ရန်ကုန်တက္ကသိုလ်နဲ့ အောက်စဖို့ဒ် တက္ကသိုလ် အတွေ့အကြုံတွေ၊ အိုင်စီအက်စ် (အိန္ဒိယပဋိညာဉ်ခံ နိုင်ငံ့ဝန်ထမ်း) အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို စိတ်ကူးချိုချိုက တန်ဖိုး ၅၅၀၀ ကျပ်နဲ့ဖြန့်ချိထားတာပါ။

ဦးချမ်းသာဟာ သူ့ရဲ့ဇာတိချက်ကြွေ မင်းဘူးမြေ အကြောင်းကို ပထဝီရှုထောင့်၊ ရာဇဝင်ရှုထောင့်၊ စာပေရှုထောင့်၊ ဘာသာ သာသနာရှုထောင့် စသည်ဖြင့် ရေးသားတင်ပြထားတာကို ရှေးဦးစွာ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ ရှေးခေတ် မန်းရွှေစက်တော် ဘုရားဖူးသွားပုံကလည်း ဗဟုသုတရဖွယ်၊ ကြည်နူးဖွယ်ဖြစ်ပါတယ်။

“ဘုရားဖူးအသွားလမ်းခရီးကြား အပျင်းပြေစရာ ပျော်ဖွယ်ရာ အဖြစ် ရရှိနိုင်ကြစေရန် လှည်းဝိုင်းအုပ်စုအချို့က သီဆို တီးမှုတ် ရင့်ကျူးကြကာ ကခုန်မြူးထူးကြ၊ နှဲ၊ ပလွေ၊ အိုးစည်၊ ဒိုးပတ်၊ လင်းကွင်း စသည် တို့ကို တီးဝိုင်း အဖြစ် တည်ထောင် ယူငင်လာခဲ့ ကြသည်။

ရှေ့တန်းရောက် တိုးတက်သော အသွင် ဆောင်တော်မူလာကြသည့် ဘုန်းတော်ကြီးများကမူ ခွေးတံဆိပ်ဓာတ်စက် သို့မဟုတ် ရှေးအသုံး ဓာတ်အိုးသီချင်းကြီး၊ သီချင်းငယ် စသည့်ဓာတ်ပြားမျိုးစုံ၊ ဘိုးစိန်ကြီးထည့်သွင်းထားသည့် ဇာတ်ထုပ် အမျိုးမျိုးပင် ယူဆောင်တော်မူခဲ့ကြလေသည်။ ထိုဓာတ်စက် ဓာတ်ပြားဇာတ်ထုပ်များကို နေ့စခန်းနှင့် ညအိပ်စခန်း အဖြစ် စခန်းချကြရာ ရောက်ရှိနားနေရာ အရပ်များတွင် အပျင်းပြေကြစေရန် ဖွင့်ကြ၊ ဖျော်ဖြေကြလေသည်” လို့ မှတ်တမ်းတင် ခဲ့ပါတယ်။

ပထမ ကမ္ဘာစစ်ကြီးတုန်းက စစ်ထဲ လိုက်ရင် ခုနှစ်တန်း အအောင်ပေးမယ် လို့ ဟောပြောဆွယ်လို့ မင်းဘူးက ကျောင်းသားကြီး တော်တော်များများ စစ်မြေပြင် ရောက်ကုန်ကြတာကိုလည်း ဦးချမ်းသာက မှတ်မိနေပါတယ်။ ဦးချမ်းသာ ဟာ ၆ တန်းနှစ်မှာ ၁၉၂၀ ကျောင်းသားသပိတ်ကြီးနဲ့ ကြုံလို့ သပိတ်မှောက်ရင်း ၁ နှစ် အတန်းကျခဲ့ပါတယ်။ နောက် ၁၀ တန်းမှာ ဂုဏ်ထူး ၂ ခုနဲ့အောင်ပြီး ရန်ကုန်တက္ကသိုလ်ရောက်ခဲ့ပါတယ်။

ပြည်ကျောင်းဆောင် စာဖတ်အသင်းမှာ ခေါင်းဆောင် ပါဝင်ခဲ့ပြီး တန်ဆောင်တိုင်မှာ မုန့်၊ ကော်ဖီနဲ့ ဧည့်ခံတဲ့ အစဉ်အလာကို ဖျက်ပြီး လက်ဖက်ရည်ကြမ်း၊ မုန့်ဟင်းခါး၊ ဘူးသီးကြော်နဲ့ ဧည့်ခံကျွေးမွေးပွဲလုပ် ခဲ့ပါတယ်။

ဦးချမ်းသာရဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား အတွေ့အကြုံတွေမှာတော့ အင်္ဂလိပ်ခေတ် တက္ကသိုလ် ကျောင်းသားများရဲ့ အကျင့် စရိုက်တွေ၊ တက္ကသိုလ်ရဲ့ အားကစားလောက၊ အနုပညာလောက၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ နောင် ဝန်ကြီးတွေ၊ ပါမောက္ခတွေ၊ အရာရှိကြီးတွေ၊ စာရေးဆရာတွေနဲ့ ဆုံတွေ့ခဲ့ရတာတွေ၊ ဆရာများရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ အိုင်စီအက်စ် စာမေးပွဲဖြေဖို့ ကြိုးစားရတာတွေကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

“ပထမ ကမ္ဘာစစ်ကြီးပြီးစက အစ်ကိုများ ကောလိပ်ကျောင်းသို့ ရောက်ရှိကြချိန်က ဆိုလျှင် ဘီအေပေါင်း ခေါင်းပေါင်းကို ပေါင်း၍ ကျောင်းတက်ကြရသဖြင့် ထို ဘီအေပေါင်း ပေါင်း၍ သွားကြလျှင် ဘယ်နေရာ ဘယ်အရပ် သွားသွား လေးလေး စားစား ပေါင်းသင်းဆက်ဆံကြသည့်ပြင် ဈေးဆိုင်များကပင် အကြွေးရောင်းချကြရာ အကြွေးဆပ်ကြရန် ပျက်ကွက်သူဟူ၍ မရှိ။ လူကောင်းပီသ မှန်ကန်ကြပေသည်ဟူ၏။ ကျနော်တို့လည်း ရှေ့နောင်တော် နောင်တော်တို့ ကျင့်သုံးလိုက်နာ နေထိုင် ပေါင်းသင်း ဆက်ဆံသွားကြသည့် ထုံးတမ်းစဉ်လာ အပေါ် လေးစားယုံကြည် ကြသောအားဖြင့် ထိန်းသိမ်းကြပြီး သူတို့ ခြေကို နင်းနိုင်ကြ၊ အမီလိုက်နိုင်ကြအောင် ကြိုးစားကြရမည် ဖြစ်ပေသည်” လို့လည်း သူ့ရဲ့ ခံယူချက်ကို ရေးသားထား ပါတယ်။

ဦးချမ်းသာရဲ့ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် ကျောင်းသားဘ၀ အတွေ့အကြုံတွေမှာတော့ ပထမဆုံး မြန်မာလူမျိုးထဲက ကမ္ဘာကျော် လီယင်ဒါကလပ် လှေလှော်အသင်းကြီးရဲ့ အသင်းဝင်ဖြစ်ခဲ့တာတွေ၊ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ပထမဆုံး ဗုဒ္ဓဘာသာ အသင်း တည်ထောင်နိုင်ဖို့ ထိုင်း၊ တရုတ်၊ အိန္ဒိယ ကျောင်းသားတွေကို စည်းရုံးခဲ့တာတွေ၊ အင်္ဂလန်က မြန်မာ ပညာတော်သင် အကြောင်းတွေ၊ အင်္ဂလန်ပညာသင်ကြားရေးစနစ်တွေ၊ ပြတိုက်ပြခန်းတွေ အကြောင်း စတာတွေကို ဖတ်ရှုရမှာပါ။

မြန်မာရာဇဝင်ကို ရေးတဲ့ အိုင်စီအက်စ်ဟောင်း ဟာဘေးကတော့ “မင်းတို့ မြန်မာလူမျိုးဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ဉာဏ်အကောင်းဆုံး၊ သတ္တိအကောင်းဆုံးပင် ဖြစ်သည်ကို မငြင်းနိုင်ပေ၊ သို့သော် မင်းတို့လူမျိုး၏ စာရိတ္တတွင် ပျော့ကွက် တခုရှိတယ်၊ ဒါက အချင်းချင်း မညီညွတ်မှု၊ တစ်ဦးကိုတဦးက မနာလိုမှု၊ တဦးက တဦးကို ကုန်းချောမှုပင် ဖြစ်တယ်” လို့ ဆိုကြောင်း ဦးချမ်းသာက မှတ်တမ်းတင်ထားပါတယ်။

မြန်မာပြည် ပြန်ရောက်လာတဲ့ ဦးချမ်းသာဟာ ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ပင်နီရင်ဖုံး စတာတွေ ဝတ်ပြီး ဘုရင်ခံကို သွားတွေ့လို့ ဘုရင်ခံရဲ့ အမြင် မကြည်လင်မှုကို ခံရပါတယ်။ တာဝန်ထမ်းဆောင်ရမယ့် တိုင်းမင်းကြီးနဲ့ သွားတွေ့တော့ လည်း မြန်မာ့ရိုးရာ ဝတ်စုံနဲ့ပဲသွားတွေ့ပါတယ်။ မင်းကြီးက မထိုင်ခိုင်းပဲ ခုံဆွဲထိုင်ပါတယ်။ အိုင်စီအက်စ် ထမင်းစားပွဲကို လည်း မြန်မာ့ရိုးရာ ဝတ်စုံနဲ့ပဲ တက်ခဲ့ပါတယ်။

“မြန်မာပြည် ပြန်ရောက်ပြီး အလုပ် ဝင်သည့်နေ့မှ စ၍ တောဆင်းသည့်အခါမှ တပါး ရုံးတက်ချိန်တွင် ခေါင်းပေါင်းနှင့် ပုဆိုးတောင်ရှည်ကို အမြဲဝတ်ဆင်သည်။ မြန်မာအဝတ်အစား အပြည့်အစုံမပါဘဲ တရားခွင်သို့ မတက်ပေ” လို့ ဦးချမ်းသာက ဆိုပါတယ်။

ဦးချမ်းသာဟာ သူ့ရဲ့ အိုင်စီအက်စ် အတွေ့အကြုံတွေမှာ အလုပ် တာဝန်ကို ကြိုးစား လုပ်ဆောင်တာတွေ၊ ဘာသာ သာသနာနဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ အနုပညာရှင်တွေကို တတ်နိုင်သလောက် ထောက်ပံ့ခဲ့တာတွေ၊ တောင်သူ လယ်သမားတွေ အပေါ် သူ့ရဲ့ စာနာနားလည်မှု၊ အိုင်စီအက်စ် တယောက်ရဲ့ ဂျပန်ခေတ်အတွေ့အကြုံ၊ စစ်ပြီးခေတ် အတွေ့အကြုံတွေကို အဲဒီခေတ်နိုင်ငံရေး နောက်ခံထားပြီး ရေးသားထားပါတယ်။

“ကျွန်တော် အိုင်စီအက်စ်” စာအုပ်ကို အိုင်စီအက်စ် ဦးစိန်တင်ခေါ် သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ်တက္ကသိုလ်သွားမှတ်တမ်း၊ မောင်လူအေးဝတ္ထုများ၊ အိုင်စီအက် ဦးဘဌေး ဘဝဖြစ်စဉ် စတဲ့ စာအုပ်တွေနဲ့လည်း တွဲပြီးဖတ်ရှုနိုင်ပါတယ်။

နောက်ထင်ရှားတဲ့ အိုင်စီအက်စ်တွေအကြောင်းကို လေ့လာချင်တယ် ဆိုရင် မောင်ဇေယျာရဲ့ မြန်မာလူကျော် ၁၀၀ စာအုပ်ထဲက အိုင်စီအက်စ် ဦးကျော်မင်း၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ အိုင်စီအက်စ် ဦးကြင်တို့ရဲ့ အကြောင်းတွေကိုလည်း ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဦးချမ်းသာကလည်း “မြန်မာ အိုင်စီအက်စ် များသည် မြန်မာများ ဖြစ်သည့်အလျောက် သူ့အတိုင်းတာနှင့် မျိုးချစ်စိတ်၊ တိုင်းပြည်ကို ချစ်သောစိတ် ရှိကြ၏။ ဤသည်မှာလည်း ဓမ္မတာပင်။ အမှုထမ်းအရာထမ်းဖြစ်သဖြင့် နိုင်ငံရေးနှင့် ရောယှက်သည့် ကိစ္စမျိုးကို အခြားသူများ ကဲ့သို့ ဖော်ထုတ်ခွင့်၊ လုပ်ကိုင်ခွင့်၊ ပြောဆိုပြသခွင့် မရှိခဲ့ကြ၍ အထင်အမြင် လွဲစရာများ ရှိခဲ့ကြပေသည်” လို့ ဆိုခဲ့ပါတယ်။

အိုင်စီအက်စ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းက “ဆက်လုပ်ကြဖို့လည်း လိုလားပါတယ်။ မျှော်လင့်ပါတယ်၊ အလုပ်ရည်ဝတဲ့ အုပ်ချုပ်ရေးသမားများဟာ တိုင်းသစ်ပြည်သစ် တည်ဆောက်တဲ့ နေရာမှာ အလွန်ရေးကြီး လိုအပ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ဆက်လက်၍ “ဘွင်းဘွင်း နောက်တခုပြောရမှာကတော့ လခတို့ ဘာတို့ကတော့ ဒီအတိုင်း မဖြစ်နိုင်ဘူး။ အဲဒါကတော့ ကျုပ်တို့ သဘောထားပဲ၊ ဟဲ ဟဲ ဟဲ ခင်ဗျားတို့သဘောထား သိချင်တယ်” လို့လည်း ဆိုခဲ့ကြောင်း ဖတ်ရှုရမှာ ဖြစ်သလို ကိုလိုနီခေတ် အုပ်ချုပ်ရေးကို လေ့လာချင်တာပဲ ဖြစ်ဖြစ်၊ အိုင်စီအက်စ်တွေရဲ့ ဖြတ်သန်းမှုကို သိချင်လို့ပဲ ဖြစ်ဖြစ် ဦးချမ်းသာရဲ့ ကျနော်အိုင်စီအက်စ် စာအုပ်ကို မလွတ်တမ်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာရေးသူ                   – ဦးချမ်းသာ

စာအုပ်အမည်            – ကျွန်တော် အိုင်စီအက်စ်

အမျိုးအစား                – အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး

ထုတ်ဝေသည့်တိုက်     – စိတ်ကူးချိုချို

တန်ဖိုး                       – ၅၅၀၀

Did you find apk for android? You can find new Free Android Games and apps.
Loading