သူမရဲ့ နာမည်က နုနု၊ စကားပြောရာမှာလည်း နူးညံ့သူ၊ သို့ပေမယ့် ပန်းချီဆွဲရာမှာတော့ ရဲရင့်သူ ဖြစ်ပါတယ်။ သူမရဲ့ စုတ်တံနဲ့ သဘာဝလောကကြီးကို ယိုင်ရွှဲ့အောင် Distort လုပ် ရေးဆွဲတတ်သူ၊ အရောင်တွေကို သုံးစွဲရာမှာလည်း မူရင်း နဂိုမူလ အရောင်ထက် သူမရဲ့ စိတ်တွင်းမှာ မြင်ယောင်တဲ့ အရောင်ကို ပြောင်းလဲ အသုံးပြပြီး ဖန်တီးရေးဆွဲသူပါ။
လွန်ခဲ့တဲ့နှစ်က အင်းလေးကို အလည်အပတ် သွားရောက်ခဲ့တဲ့ နုနုဟာ ရန်ကုန်ကို ပြန်ရောက်ပြီးနောက် သူမ တွေ့မြင် ခံစားရတဲ့ အင်းလေးရဲ့ သဘာ၀ အလှရှုခင်းကို ပန်းချီကားတွေ အဖြစ် ဖန်တီးပါတယ်။ ဒီပန်းချီလက်ရာတွေကို SWEET INLAY (ချစ်စရာ အင်းလေး) နာမည်နဲ့ ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery မှာ ဖေဖော်ဝါရီ ၁၇ ကနေ ၂၁ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။
ပန်းချီ ဆရာမနုနုရဲ့ ဖခင်ဟာ နာမည်ကျော် ရေဆေးပန်းချီဆရာကြီး ဦးမြသောင်းဖြစ်ပြီး နုနုကို ငယ်စဉ်ကတည်းက ကိုယ်ပိုင်ဟန်နဲ့ အနုပညာဖန်တီးနိုင်အောင် အားပေးခဲ့ပါတယ်။ နုနုရဲ့ခင်ပွန်းဖြစ်သူ ပန်းချီ ရဲအောင်မြတ်ကလည်း လူသိများ ထင်ရှားတဲ့ ပန်းချီဆရာတဦး ဖြစ်ပါတယ်။ သူတို့ ၃ ဦးစလုံးဟာ မတူညီတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ပန်းချီဆွဲကြပြီး တဦးနဲ့ တဦး ဝေဖန်ထောက်ပြမှု၊ အကြံဉာဏ်ပေးမှုတွေ ရှိကြတယ်လို့ ပန်းချီ နုနုက ဆိုပါတယ်။
နုနုရဲ့ အင်းလေးပန်းချီကားတွေမှာ အင်းလေးဒေသ ရှုခင်းတွေ၊ အဆောက်အဦးတွေ၊ ဘုရားစေတီ တွေကို ကြည့်ရှု ခံစားနိုင်မှာ ဖြစ်ပါတယ်။ မူရင်းအင်းလေးကို အရောင်တွေ ပြောင်း၊ စိတ်ကြိုက် လိုတိုးပိုလျော့ ဖန်တီးမှုတွေ လုပ်ထား ပေမယ့် အင်းလေးဟာ ပုံစံတမျိုးနဲ့ လှပဆွဲဆောင် နေပါတယ်။
“ကျမက ၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အင်းလေးကို သွားခဲ့ပါတယ်။ ဟိုမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ကိုယ့်ရဲ့စိတ်ကူးတွေကို ပေါင်းစပ်ပြီး ပြန်ဖန်တီး ဖြစ်တာပါ။ ရွှေအင်းတိန် ဘုရား ရှုခင်းတွေလည်း ပါပါတယ်။ အဓိကကတော့ ဒီဇိုင်းနဲ့ ကိုယ်ဖန်တီး ချင်တဲ့ အရောင်တွေပါပဲ” လို့ ဆိုပါတယ်။
ပန်းချီနုနုဟာ ၁၉၉၉ ခုနှစ်မှာ ယဉ်ကျေးမှု တက္ကသိုလ်ကနေ ပန်းချီအဓိက ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့သူ ဖြစ်ပြီး တကိုယ်တော် ပန်းချီပြပွဲ ၄ ကြိမ်နဲ့ အုပ်စုပွဲပေါင်းများစွာမှာ ပါဝင်ပြသပြီးဖြစ်ပါတယ်။ အခု ပြပွဲ SWEET INLAY ကတော့ သူရဲ့ ၅ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ ဖြစ်ပါတယ်။
ပန်းချီပြပွဲနဲ့ ပတ်သက်လို့ “ကိုယ်ဖန်တီးထားတဲ့ ပန်းချီကားလေးတွေကို ဆရာသမား၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ကြည့်စေချင်ပါတယ်။ လာအားပေးကြပါဦး” လို့ ပန်းချီနုနုက ဆိုပါတယ်။
SWEET INLAY ပန်းချီပြပွဲမှာ ပန်းချီကား ၃၀ ခန့်ပြသသွားမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၈၀ ကနေ ၁၈၀၀ အထိသတ်မှတ်ထားပါတယ်။ ။