တရုတ်နှစ်သစ်ကူး ဆိုတာကတော့ ကမ္ဘာပေါ်တဝန်းက အရောင်အသွေးအစုံဆုံးနဲ့ အပျော်ရွှင်ရဆုံးပွဲတော်တွေ၊ အခမ်းအနားတွေထဲက တခုဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နဲ့ ဇန်နဝါရီလ ၁ ရက်ကြားက ညသန်းခေါင်ယံအချိန်မှာ ကျင်းပတဲ့ တခြားပွဲတော်တွေနဲ့ မတူတာက တရုတ်နှစ်သစ်ကူးဆိုတာ နှစ်တိုင်း ကျင်းပချိန်ကွဲပြားတတ်လို့ပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ ပတ်သက်တဲ့ သင်သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၈ ခုနှစ်အတွင် တရုတ်နှစ်သစ်ကူးက ဘယ်အချိန်ကျရောက်မှာလဲ
၂၀၁၈ ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးကတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ သောကြာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေက ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ တရုတ် နှစ်သစ်ကူးဟာ တနှစ်နဲ့တနှစ် ကျင်းပချိန် မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ရိုးရာ လပြက္ခဒိန်ကို အခြေခံပြီး ကျင်းပလို့ပဲ ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့ကတော့ ဇန်နဝါရီလ ၂၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကြားမှာ ပုံမှန်အားဖြင့် ကျရောက်လေ့ရှိပါတယ်။
တရုတ်နှစ်သစ်ကူးကို ဘယ်လိုကျင်းပကြတာလဲ
တကမ္ဘာလုံးမှာ နှစ်သစ်ကူးကို ဗြောက်အိုးဖောက်တာတွေ၊ ရိုးရာခင်္သြေ့အက ကြည့်ရှုတာတွေ၊ ခေါင်းလောင်း တီးတာတွေ အပါအဝင် အလင်းရောင်နဲ့ အသံပေါက်ကွဲမှုတွေနဲ့ ကျင်းပကြတာကို တွေ့ရပါတယ်။ နှစ်သစ်ကူး အကြိုညမှာတော့ ညစာအတူ လက်စုံစားဖို့ တရုတ်လူမျိုး မိသားစုဝင်တွေက စုစည်းကြပြီး နှစ်သစ်ကူးရက်မှာ ကံဆိုးမှုတွေ ဖယ်ခွာ စေဖို့အတွက် သူတို့ရဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။
ရိုးရာယဉ်ကျေးမှုအရ ကလေးငယ်တွေကို ကံကောင်းစေတဲ့ ငွေကြေးတွေထည့်ထားတဲ့ အနီရောင် စာအိတ်တွေ ပေးကြပြီး နှစ်သစ်ကူးရက်အတွက် ဆုမွန်ကောင်းတောင်း ပေးကြပါတယ်။ တချို့လူငယ်တွေဆီမှာဆိုရင် အနီရောစာအိတ် App တွေ ရှိနေပြီဖြစ်ပြီး သူတို့ရဲ့ ဆွေမျိုးတွေက “အမ်ပေါင်း”လို့ခေါ်တဲ့ ငွေကြေးကို အွန်လိုင်းကနေ လွှဲပြောင်းပေးနိုင်ကြပါပြီ။
၂၀၁၈ ခုနှစ်ကို ဘယ်တိရိစ္ဆာန်က ကိုယ်စားပြုမှာလဲ
၂၀၁၈ ခုနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရဆိုရင် “ခွေးနှစ်ဖြစ်ပါတယ်။ တရုတ်ရိုးရာ ရာသီခွင်ဟာ ၁၂ နှစ်ကို တစ်ကြိမ် လှည့်ပြောင်းနေပြီးတော့ ၁၉၅၈၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၉၄၊ ၂၀၀၆ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ မွေးဖွားခဲ့သူတွေဟာ ခွေးနှစ်ဖွားတွေ ဖြစ်ကြပါတယ်။ အာရှ နက္ခတ္တဗေဒညာအရ ကျနော်တို့မွေးဖွားတဲ့ ခုနှစ်ကို ကိုယ်စားပြုတဲ့ တိရိစ္ဆာန်ဟာ ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။
၁၂ နှစ်ကို တကြိမ် တိရိစ္ဆာန် ၁၂ ကောင်က အလှည့်ကျ နှစ်တနှစ်ကို စိုးမိုးနေတယ်လို့ ဆိုပေမယ့် တိရိစ္ဆာန် တမျိုးဆီမှာ သီးခြားမျိုးကွဲတွေ ရှိနေသေးပြီး အခု ၂၀၁၈ ခုနှစ်ဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း မြေသားခွေး ပထမဆုံးနှစ်ဖြစ်ပါတယ်။ မြေသားခွေးနှစ်မှာ မွေးဖွားတဲ့ မည်သူမဆို လုပ်ငန်းခွင်မှာ ဆက်ဆံရေးကောင်းတယ်၊ တိကျတယ်၊ တာဝန်ယူစိတ် ရှိတယ်လို့ သတ်မှတ်ပါတယ်။
သင်ရော တရုတ်ရာသီခွင်အရ ဘယ်ရာသီဖွားလဲ
တရုတ်ရိုးရာ ရာသီခွင် ဒါမှမဟုတ် shengxiao ခေါ်တဲ့ မွေးဖွားတဲ့ ရာသီခွင်ဟာ ဆယ့်နှစ်နှစ်ကို တကြိမ် ပြန်လည် ကျရောက်လေ့ ရှိပါတယ်။ နှစ်တစ်နှစ်ကို စိုးမိုးတဲ့ တိရိစ္ဆာန်ဟာ တရုတ်နှစ်သစ်ကူး အစရက်မှာ ပြောင်းလဲပြီး အဲဒီ တိရိစ္ဆာန်တွေနဲ့ပဲ ခုနှစ်ကို သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရုတ်နှစ်သစ်ကူးကိုတော့ လပြက္ခဒိန်ရဲ့ ဖော်ပြမှုနဲ့ နှစ်တနှစ်ရဲ့ ဇန်နဝါရီလ၂၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ကြားမှာ ပြောင်းလဲ ကျင်းပလေ့ရှိပါတယ်။ တရုတ်ရိုးရာ ရာသီခွင်အရ သင်ရော ဘယ်နှစ်ဖွားလဲဆိုတာ သိလိုသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
• ကြွက်နှစ်: 2008, 1996, 1984, 1972, 1960
• နွားနှစ်: 2009, 1997, 1985, 1973, 1961
• ကျားနှစ်: 2010, 1998, 1986, 1974, 1962
• ယုန်နှစ်: 2011, 1999, 1987, 1975, 1963
• နဂါးနှစ် : 2012, 2000, 1988, 1976, 1964
• မြွှေနှစ်: 2013, 2001, 1989, 1977, 1965
• မြင်းနှစ်: 2014, 2002, 1990, 1978, 1966
• ဆိတ်နှစ် : 2015, 2003, 1991, 1979, 1967
• မျောက်နှစ် : 2016, 2004, 1992, 1980, 1968
• ကြက်နှစ် : 2017, 2005, 1993, 1981, 1969
• ခွေးနှစ် : 2006, 1994, 1982, 1970, 1958
• ဝက်နှစ် : 2007, 1995, 1983, 1971, 1959
တရုတ်ရိုးရာနှစ်သစ်ကူး တိရိစ္ဆာန်တွေကိုဘယ်လိုဆုံးဖြတ်တာလဲ
“နွား၊ မြင်း၊ ဆိတ်၊ ကြက်၊ ဝက်နဲ့ ခွေး” တို့လိုမျိုး တရုတ်လူမျိုးတွေ မွေးမြူကြတဲ့ အိမ်မွေးတိရိစ္ဆာန် ၆ မျိုးကို ရွေးချယ် တာကတော့ ထူးခြားပါတယ်။ “ကြွက်၊ ကျား၊ ယုန်၊ နဂါး၊ မြွေနဲ့ မျောက်”တို့ကိုတော့ တရုတ်လူမျိုးတွေက ချစ်ကြပါတယ်။ အဲဒီ တိရိစ္ဆာန်တွေကို “ခြေသည်း၊ ခြေချောင်း၊ ခွာ အရေအတွက်” “စုံ၊ မ” အပေါ် မူတည်ပြီး “ရင် နဲ့ ယန်” ဆိုပြီး အမျိုးအစား ၂ မျိုး ပြန်ခွဲပါတယ်။
“ရင်နဲ့ ယန်”အလှည့်ကျ ကျရောက်နိုင်အောင်လည်း စီမံထားပါတယ်။ တရုတ်ရိုးရာ တိရိစ္ဆာန်တွေက နှစ်တနှစ်ကို ရည်ညွှန်းနိုင်ရုံမျှမက အချိန်ကိုလည်း ပြောပြတဲ့နေရာမှာ အသုံးပြုပါတယ်။
တရုတ်ရိုးရာနာရီ
• ကြွက်: ည ၁၁ နာရီမှ နံနက် ၁ နာရီအထိ
• နွား: နံနက် ၁ နာရီမှ နံနက် ၃ နာရီအထိ
• ကျား: နံနက် ၃ နာရီမှ နံနက် ၅ နာရီအထိ
• ယုန် : နံနက် ၅ နာရီမှ နံနက် ၇ နာရီအထိ
• နဂါး : နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ
• မြွှေ: နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ
• မြင်း: နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ
• ဆိတ် : မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ
• မျောက် : မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ
• ကြက် : ညနေ ၅ နာရီမှ ည ၇ နာရီအထိ
• ခွေး : ည ၇ နာရီမှ ည ၉ နာရီအထိ
တရုတ်ရိုးရာ ရာသီခွင် သမိုင်းကြောင်းက ဘယ်လိုလဲ
အတိတ်ကာလတွေမှာလည်း ဂန္တဝင်အချိန်တွေဆိုတာ ရှိခဲ့ပါတယ်။ ကျောက်စိမ်း ဧကရာဇ်ကြီးဟာ တိရိစ္ဆာန်တွေကို ပြက္ခဒိန်ရဲ့ အစိတ်အပိုင်းဖြစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပြီးတော့ အရင်ဆုံးရောက်လာတဲ့ တိရိစ္ဆာန် ၁၂ ကောင်ကို ရွေးချယ်မယ်လို့ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြောင်နဲ့ကြွက်တို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အဲဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာ ကြောင်က ကြွက်ကို “ငါတို့ စာရင်းသွင်းဖို့ စောစောရောက်နေသင့်တယ် ဒါပေမယ့် ငါက အိပ်ယာထ အမြဲနောက်ကျတတ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
“အတူတူသွားနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ကြောင်ကိုနိုးပေးပါ့မယ်”လို့ ကြွက်ကတိပေးခဲ့ပေမယ့် အရမ်း စိတ်လှုပ်ရှားနေတာ ကြောင့် နှိုးဖို့မေ့သွားခဲ့ပြီး တဦးတည်း ထွက်ခွာသွားခဲ့ပါတယ်။ လမ်းမှာ ကြွက်ဟာ သူ့ထက် လျင်မြန်အောင် သွားနိုင်တဲ့ ကျား၊ နွား၊ မြင်းနဲ့အခြား တိရိစ္ဆာန်တွေနဲ့ တိုက်မိခဲ့ပါတယ်။ အဲဒီမှာ ကြွက်ဟာ အစီအစဉ်တစ်ခုကိုရွေးချယ်ခဲ့ပြီး သူ့ကိုကျောပေါ်မှာ တင်ခေါ်သွားပေးဖို့ နွားကို ပြောကြားခဲ့ပြီး ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ လမ်းခရီးတလျှောက်လုံးမှာ သီချင်းဆိုပေးပါ့မယ်လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် တရုတ်ရိုးရာ တိရိစ္ဆာန် ၁၂ ကောင်မှာ နွားကအရင်ရောက်လာပေမယ့် ကြွက်က သူ့ရှေ့မှာရှိနေတဲ့အတွက် ကံကောင်းတဲ့ တိရိစ္ဆာန်ဖြစ်လာခဲ့တာပါ၊ အဲဒီအချိန်မှာပဲ ရွေးချယ်ပွဲ ပြီးသွားတဲ့ အချိန်ကျမှ ကြောင်ဟာ ရောက်ရှိ လာပါတယ်၊ အဲဒါကြောင့် ကြောင်ဟာ ကြွက်ကို မုန်းတီးပြီး အမြဲတစေ ကြွက်နောက်ကို လိုက်လံ သတ်ဖြတ်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။
တရုတ်နှစ်သစ်ကူးကို ဒီနေ့ခေတ်ဘယ်နိုင်ငံတွေမှာ ကျင်းပတာလဲ
တရုတ်နှစ်သစ်ကူးကိုတော့ အာရှတိုက်နိုင်ငံအချို့နဲ့ သူတို့ရဲ့ ပိုင်နက်နိုင်ငံတွေမှာ ကျင်းပကြပါတယ်။ တရုတ်ပြည်မကြီး၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မောရစ်သျှ၊ သြစတေးလျနဲ့ ဖိလစ်ပိုင်တို့မှာ အကြီးအကျယ်ဆင်နွှဲလေ့ရှိပါတယ်။
နှစ်သစ်ကူးရက်တွေမှာဆိုရင် ဆိုင်တွေမှာ အော်ဒါအမှာလက်မခံတဲ့အပြင် နှစ်သစ်ကူးအကြိုည မရောက်ခင် တစ်ပတ်နဲ့ နှစ်ပတ်အလိုလောက်ကတည်းက ကြီးမားတဲ့ ထုတ်လုပ်ရေးရဲ့ နမူနာထုတ်လုပ်ငန်းတွေကို ရပ်နားထားကြပါတယ်။ ဒီနှစ်အတွက်ကတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မတိုင်ခင်လောက်ကတည်းက ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်ပြီး ဖြစ်ပါတယ်။
Ref : thesun.co.uk