တရုတ်ရိုးရာ ပြက္ခဒိန်အရ ၂၀၁၈ ခုနှစ်ဟာ မြေကြီးဓာတ်ကို ကျရောက်စေတဲ့ ခွေးနှစ် ဖြစ်ပါတယ်။ တရုတ်ဗေဒင် ကိန်းခန်းအရ ခွေးနှစ်ဟာ ရာသီစက်ဝိုင်းရဲ့ ၁၁ ခုမြောက်နှစ် ဖြစ်ပါတယ်။
ခွေးနှစ် ကျရောက်တဲ့ သက္ကရာဇ်တွေကတော့ “၁၉၂၂၊ ၁၉၃၄၊ ၁၉၄၆၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၈” ခုနှစ် တို့ပဲ ဖြစ်ပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ သစ်သားခွေးနှစ် (Wood dog) ၊ မီးခွေးနှစ် (Fire dog) ၊ မြေခွေးနှစ် (Earth dog) ၊ သတ္တုခွေးနှစ် (Metal dog) နဲ့ ရေခွေးနှစ် (Water dog) ဆိုပြီး ခွေးနှစ် ၅ မျိုး ရှိပါတယ်။
ခွေးဟာ လူတွေအတွက် အဖော်မွန်ကောင်းဖြစ်ပြီး လူတွေအပေါ် သစ္စာရှိကာ လူ့စိတ်ကို နားလည်ပါတယ်။ သခင်နဲ့အတူ ဆင်းရဲချမ်းသာမရွေး နေထိုင်တတ်ပြီး သခင်ရဲ့အမိန့်ကိုလည်း နာခံတတ်ပါတယ်။ တရုတ်လူမျိုးတွေဟာ ခွေးကို မင်္ဂလာရှိတဲ့ သတ္တဝါလို့ သတ်မှတ်ကြပြီး ခွေးတကောင် အိမ်ကိုရောက်လာပြီဆိုတာနဲ့ ကံကောင်းတတ်တယ်ဆိုတဲ့ အယူရှိပါတယ်။

ခွေးနှစ်မှာ မွေးဖွားသူတွေကို သစ္စာရှိပြီး ဟန်ဆောင်မှုကင်းသူ၊ ရိုးသား ခင်မင်တတ်သူ၊ ဆင်ခြင် မြော်မြင်တတ်သူ ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေတတ်သူလို့ တရုတ်ဗေဒင်ပညာရှင်တွေက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ခွေးနှစ်ဖွားတွေအနေနဲ့ လုပ်ငန်းအသစ်တွေ စတင်လုပ်ကိုင်သင့်တဲ့ နှစ်တနှစ်ဖြစ်ပြီး ကျန်းမာရေးမှာအညံ့ အနည်းငယ် ရှိတဲ့အတွက် အထူး ဂရုစိုက်သင့်တဲ့ နှစ်တနှစ်ဖြစ်တယ်လို့ တရုတ်ဗေဒင်ပညာရှင်တွေက ဆိုပါတယ်။
၂၀၁၈ ခုနှစ်၊ ခွေးနှစ်မှာတော့ “၁၉၄၆ ခုနှစ်၊ ဇွန် ၁၄ရက် ခွေးနှစ်ဖွား” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ခက်ခဲတဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်လို့လည်း ဟောင်ကောင်က ဖုန်းရွှေ ဗေဒင်ပညာရှင်တွေက ဆိုထားပါတယ်။
အောင်မြင်ထင်ရှားတဲ့ ခွေးနှစ်ဖွားတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ဆိုကရေးတီး၊ ဘင်ဂျမင်ဖရန်ကလင်၊ ဝင်စတန်ချာချီ၊ အဲဗစ်ပရက်စလေ၊ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားနဲ့ ဂျနီဖာလိုပက်ဇ် တို့ပဲဖြစ်ပါတယ်။