စာရေးသူ – ဟိန်းလတ်
စာအုပ်အမည် – စာပေအင်တာဗျူးများ ၁+၂+၃ ပေါင်းချုပ်
အမျိုးအစား – အင်တာဗျူး
“အင်တာဗျူးသည် မေးသူနှင့် ဖြေသူ ပညာပြိုင်ပွဲ မဟုတ်ပါ။ အင်တာဗျူး ဆရာက ထောင်ချောက်ဆင်၊ မိုင်းထောင်ခြင်း မလုပ်ရပါ။ တကယ်တော့ အင်တာဗျူးဆရာသည် တံတား အဖြစ် အနင်းခံ၊ ခုတုံးသဖွယ် ပြုပြီး စာဖတ်ပရိသတ်တွေ သိချင်တာကို စာရေးဆရာ ပြောနိုင်အောင် မေးခွန်းဆင်ပေးသူသာ ဖြစ်ပါသည်” လို့ ဆရာဟိန်းလတ်က ဆိုပါတယ်။
အင်တာဗျူး ဖြေပေးခဲ့ကြတဲ့ ဆရာတွေမှာ တချို့ ကွယ်လွန်ကုန်ပြီ။ ပြည်ပ ရောက်သူက ရောက်၊ အမျိုးသားစာပေဆု ရသူကရ၊ ပြည်ထောင်စု ဝန်ကြီး ဖြစ်သူက ဖြစ်နေကြပါပြီ။ ဒီစာအုပ်မှာ ဂျူး၊ ဖေမြင့်၊ သိုက်ထွန်းသက်၊ နေဝင်းမြင့်၊ နိုင်ဇော်၊ တင်မောင်သန်း၊ မောင်ကိုကို (အမရပူရ)၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်၊ မင်းသစ်၊ ပိုင်စိုးဝေ၊ လင်း (ဆေး-၁)၊ ကြည်မင်း၊ မေငြိမ်း၊ ကိုရိုးကွန့်၊ မောင်သင်းခိုင်၊ မောင်ရန်ပိုင်၊ မောင်ဒီ၊ မြင့်သန်း၊ သစ္စာနီ၊ ညီပုလေး၊ မြတ်ခိုင်၊ မောင်မောင်ဇေယျ၊ သာဂဒိုး၊ နေသွေးနီ၊ မောင်ကြည်သစ် စသူတို့ရဲ့ ဘဝအကြောင်း၊ သူတို့ အသီးသီး ကိုင်စွဲထားကြတဲ့ စာပေအယူအဆ အမျိုးမျိုးကို ဖတ်ရှုကြရမှာပါ။
စိတ်ကူးချို ချိုက တန်ဖိုး ၈၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်စွမ်းရည်
စာအုပ်အမည် – သူတို့နှင့် ကျွန်တော်
အမျိုးအစား – အမှတ်တရ
စာပေ၊ အနုပညာ၊ ဘာသာရေး၊ နိုင်ငံရေးနယ်ပယ်က ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ၆၂ ဦးနဲ့ ဆရာကြီး မောင်စွမ်းရည်တို့ ထိတွေ့ ရင်းနှီး ကျွမ်းဝင်ခဲ့ပုံတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေလိုက်တဲ့ ဒီစာအုပ်မှာ ဆရာကြီး မောင်စွမ်းရည် အမှတ်ရ ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ကတော့ သခင်ကိုယ်တော်မှိုင်း၊ ရွှေပြည် ဦးဘတင်၊ ဇော်ဂျီ၊ မစိုးရိမ်ဆရာတော်ကြီး၊ လူထုဦးလှ၊ ဟံသာဝတီ ဦးဝင်းတင်၊ လေထီးဦးအုန်းမောင်၊ သခင်အုန်းမြင့်၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ သခင်မြသန်း၊ ဦးသန့်၊ မောင်ထင်၊ ဇေယျာမောင်၊ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်၊ တိုက်စိုး၊ ဦးသော်ကောင်း၊ မြတ်လေး၊ ဒေါ်အောင်ဆန်းစုကြည်၊ အောင်သင်း၊ မုံရွာ ဦးလေးခန့်၊ မြသန်းတင့်၊ ခင်နှင်းယု၊ မုံရွာတင်ရွှေ၊ ကိုစောလွင်၊ ဗကသဇော်ဝင်း၊ ကိုဘကောင်း၊ ဦးထွန်းဝေ၊ မောင်လင်းယုန်-ရှမ်းပြည်၊ လေးမောင်၊ ကြည်အောင်၊ တင်မိုး၊ ကိုစိုးဝင်းမောင်၊ မောင်မိုးသူ၊ ညွန့်အေး (အင်းဝ)၊ ဇော်ဇော်အောင်၊ ကေသီလှိုင်၊ မောင်သာရ၊ ပန်းချီနန်းေ၀ အပါအဝင် ၆၂ ဦးရှိပါတယ်။
၂၀၀၂ ခုနှစ်မှာ ထွက်ရှိပြီး ဖြစ်တဲ့ “သူတို့နဲ့ ကျွန်တော်” စာအုပ်ထဲက ဆောင်းပါးတွေကိုတော့ စာမျက်နှာ ၃၅၁ ကနေစပြီး ဖတ်ရှုနိုင်ပါတယ်။ အက္ခရာစဉ်အညွန်းနဲ့ ပုံတူ ကာတွန်းတွေ ကလည်း စာဖတ်သူကို စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။
စိတ်ကူးချိုချိုကတန်ဖိုး ၆၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – နိုင်ဦး
စာအုပ်အမည် – ဖန်တီးရှင် ၁၀၀
အမျိုးအစား – စီးပွားရေး
မြန်မာလူငယ်တွေ လွတ်လပ်စွာ တွေးတော ဆင်ခြင်နိုင်ဖို့၊ ဖန်တီးနိုင်ဖို့၊ စည်းကမ်းနဲ့ ကျင့်ဝတ်ကို လေးစားလိုက်နာဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ Nokia ၊ Samsung ၊ Red Bull၊ Sony Walkman ၊ The Caca-Cola Company၊ Amazon ၊ Microsoft ၊ Dell ၊ Oprah Winfrey ၊ Revlon ၊ Nike ၊ Playboy ၊ Apple ၊ Google ၊ Subway တို့ အပါအဝင် ကမ္ဘာကျော် စီးပွားရေးလုပ်ငန်း ၁၀၀ ရဲ့ အကြီးအကဲ တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို အထွတ်အထိပ်ရောက်အောင် ဘယ်လိုပြုစု ပျိုးထောင် ဖန်တီးခဲ့ကြသလဲ ဆိုတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဆရာနိုင်ဦးက “သူတို့လို ကျွန်တော်တို့ လူငယ်တွေလည်း ဖန်တီးနိုင်ရမည်။ စဉ်းစားနိုင်ရမည်…. သို့ဖြင့် ယခုလို ဘာသာပြန် စာအုပ် တစ်အုပ် ဖြစ်လာတော့သည်” လို့ ဆိုပါတယ်။
the key collection စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဇဝနအရှင် (နိုင်ငံရေးအကျဉ်းသားဟောင်း)
စာအုပ်အမည် – ဘယာနက အနုပညာနှင့် ကန္တာရမှတ်စုများ
အမျိုးအစား – နိုင်ငံရေး
“ဓမ္မဘက်မှ ရပ်ရန် အလို့ငှာ ဆရာတော် ကြွချီခဲ့သည်။ အဓမ္မက သူ့ကို လောကငရဲသို့ ပို့၏။ ထိုဖြတ်သန်းမှုကို မတုန်မလှုပ် ခံယူလျက် ဆရာတော်က ဤ စာအုပ်ဖြင့် ပြန်ပြောပြသည်” လို့ ဂျင်မီနဲ့ မင်းကိုင်နိုင်တို့က ဆိုပါတယ်။
နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၁၆ နှစ်ကျော် ကျခံခဲ့တဲ့ ဆရာတော်ဇဝနအရှင်ရဲ့ ထောင်တွင်း ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီစာအုပ်မှာ ဖတ်ရှုကြရမှာပါ။ အင်းစိန်ထောင်၊ တောင်ငူထောင်၊ သာယာဝတီထောင်များမှ သံချောင်းခေါက်သံ၊ သော့ပိတ်သံ၊ “ကောင်းပါသည် ခင်ဗျာ” အော်သံ၊ သက်ပြင်းချသံတို့ကို ကြားနိုင်ကြမှာပါ။
အပူဇော်ခံ ဆရာတော်ဘ၀ ကနေ အနှိပ်စက်ခံအကျဉ်းသားတဦးဘဝကို ရောက်သွားခဲ့ရတဲ့ ဆရာတော်က “ဦးခေါင်းထဲမှ ထုတ်နုတ် စာစီရေးသားခြင်း မဟုတ်ဘဲ၊ နှလုံးသားမှ ထုတ်နုတ်စာပန်းချီ ခြယ်မိနေသည် များသာ ဖြစ်နေသည်” လို့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဆိုပါတယ်။
ပီကာမီဒီယာက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ ။