မြန်မာ့ပန်းချီလောက ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုကို လေ့လာချင်ရင် မြန်မာပန်းချီပြတိုက်ကို သွားစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ပန်းချီပြတိုက်ရယ်လို့ မရှိသေးတာကြောင့်ပါ။
သက်တမ်း ၆၆ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသားပြတိုက်ရဲ့ ပန်းချီ ခန်းမဆောင်ကို တချို့က ရှိမှန်းတောင် မသိကြပါဘူး။ ပန်းချီခန်းမဆောင်မှာ ရှိတဲ့ ရှေးပန်းချီဆရာကြီးတွေရဲ့ ပန်းချီကား တွေဟာလည်း တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။ ဒါကြောင့် ပြတိုက်ဟာ ပန်းချီကားတွေရဲ့သခႋ်ဳင်းလို့လည်း တချို့က ဆိုပါတယ်။
အခုတော့ ပြတိုက်တာ၀န်ရှိသူတွေနဲ့ ခေတ်ပြိုင် ပန်းချီပညာရှင်တွေ ပူးပေါင်းပြီး ပြတိုက် အတွက် ပန်းချီကား ၀ယ်ယူ စုဆောင်ရေး၊ ပန်းချီပြတိုက် တည်ဆောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ပထမဆုံး ခြေလှမ်း အဖြစ် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံး ပြုလုပ်ဖြစ်တဲ့ ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက် (ရန်ကုန်) မှာ ဖေဖော်၀ါရီ ၂၀ ကနေ ၂၈ ရက်နေ့အထိ ပြသနေပါတယ်။
ဒီပြပွဲ အတွက် ပြတိုက် ပညာရှင် ဦးကျော်ရှင်နောင် ဟာ ပြတိုက်နဲ့ ကင်းကွာနေတဲ့ သက်ကြီး ပန်းချီ ပညာရှင်တွေနဲ့ ထင်ရှားတဲ့ ခေတ်ပြိုင် ပန်းချီ ပညာရှင်တွေကို လိုက်လံဆက်သွယ်ခဲ့ပါတယ်။
“အဓိက ကတော့ လူတော်တော်များများကို Art ကို နားလည်စေချင်တယ်။ အမှန်တိုင်း ပြောရင်တော့ဗျာ၊ ပြတိုက်ထဲမှာ ရှိတဲ့ ပစ္စည်းဟာ ရှေးဟောင်းပစ္စည်းမှ၊ သမိုင်းကြောင်းဆိုင်တဲ့ ပစ္စည်းမှ တို့၊ နောက် တူးဖော်လို့ ရပစ္စည်းမှ ပြတိုက်မှာ ပြလို့ရတယ်ဆိုတဲ့ အတွေးတွေကို ကျနော် ဖျောက်ချင်တယ်။ နောက် Art ရဲ့အရေးပါမှုကို သိစေချင်တယ်” လို့ အမျိုးသားပြတိုက်ရဲ့ လက်ထောက် ညွန်ကြားရေးမှူး၊ ပြတိုက်ပညာရှင် ဦးကျော်ရှင်နောင်က ဆိုပါတယ်။
ဒီပန်းချီပြပွဲဟာ ပြတိုက်အနေနဲ့ ဦးဆောင်ပြီး ကျင်းပတဲ့ ပထမဆုံး ပန်းချီပြပွဲဖြစ်သလို၊ မြန်မာမော်ဒန်ပန်းချီဆရာ အတော် များများရဲ့ လက်ရာတွေကိုပါ လက်ခံပြသခဲ့တဲ့ ပထမဆုံး ပြပွဲလည်း ဖြစ်ပါတယ်။
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်မှာ အထိန်းသိမ်း ခံရပြီး စစ်အစိုးရခေတ်မှာ စိစစ်ရေးရဲ့ စောင့်ကြည့်မှု ခံခဲ့ရတဲ့ ပန်းချီစံမင်းက သူ့ရဲ့ ဒေါ်လာ ၄၀၀၀ တန်တဲ့ ပန်းချီကားကို ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။
“ဒီလိုပွဲ လုပ်ဖြစ်တာကို ၀မ်းသာပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ နောက်ကျတယ်။ အမီတော့ လိုက်ရမှာပေါ့။ ပန်းချီကား လှူဖြစ်တာကတော့ သူတို့မှာ ဘတ်ဂျက်ကလည်း မရှိဘူးလေ” လို့ ပန်းချီ စံမင်းက ဆိုပါတယ်။
မြန်မာခေတ်ပြိုင် ပန်းချီဆရာတွေ အကြောင်း ရေးသားပြုစုခဲ့တဲ့ ဆရာအောင်မင်းက “ပြတိုက်နဲ့ ပန်းချီဆရာ မပတ်သက်တာ ကြာပြီလေ။ ပထမဆုံး သူတို့ ရွေ့သွားတယ်။ ငြိမ်နေတာကနေ နည်းနည်း စရွေ့တယ်။ အဲဒါ ပြောလို့ ရတယ်” လို့ ဆိုပါတယ်။
အမျိုးသား ပြတိုက်နဲ့ ကင်းကွာခဲ့တာ ကြာပြီဖြစ်တဲ့ ခေတ်ပြိုင် ပန်းချီဆရာတွေ ပါဝင်တဲ့ ဒီပန်းချီပြပွဲကို တပ်မတော် အရာရှိဟောင်း တဦးဖြစ်တဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက တက်ရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူရဦးအောင်ကို ကလည်း သီးသန့် ပန်းချီပြတိုက် ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ပေးမယ် လို့ ဆိုပါတယ်။
ပြတိုက် တာ၀န်ရှိသူတွေနဲ့ ပန်းချီဆရာတွေ ပူးပေါင်းပြီး ပန်းချီပြတိုက် ဖြစ်မြောက်ရေး၊ ပန်းချီလှုပ်ရှားမှု ထွန်းကားရေးကို ဆက်လက် လုပ်ဆောင်သွားမယ် လို့ သိရပါတယ်။
ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲမှာ ရိုးရာ၊ မော်ဒန် ပန်းချီ ဆရာ ၇၀ ကျော်ရဲ့ ပန်းချီလက်ရာ ၇၃ ကားကို ပြသထားပါတယ်။ ပန်းချီကား စျေးနှုန်းတွေ ကတော့ ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၉၀၀၀ ကျော်အထိ သတ်မှတ်ထားပါတယ်။ ။
Your Thoughts …