ပန်းချီကားထဲမှာ ကာလသားတွေ အိုးစည်ဒိုးပတ်တွေနဲ့ပျော်နေကြတယ်။ အပူတွေ ငြိမ်းအေးကြဖို့ လုံမတွေ ညောင်ရေသွန်းနေကြတယ်။ သားရှင်ပြုမှာ မင်္ဂလာယူကြတယ်။ ဒီပန်းချီကားတွေကို ဖန်တီးတဲ့ “ပန်းချီ FELA ပျော်ရဲ့လား” လို့ မေးဖို့ကတော့ နောက်ကျခဲ့ပါပြီ။
ဦးပိန်တံတားဘေးနဲ့ မန ္တလေးတောင်ခြေမှာ သူ့ရဲ့ မြန်မာမှု၊ မြန်မာ့ဓလေ့ပန်းချီကားတွေကို ရေးဆွဲဖန်းတီးခဲ့တဲ့ ပန်းချီ FELA ဟာ လွန်ခဲ့တဲ့ ၅ လခန့်က ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ အများနဲ့ မတူတဲ့ သူ့ရဲ့ မြန်မာဟန် မော်ဒန်ပန်းချီကားတွေကို တန်ဖိုးနည်းနည်းနဲ့ နှစ်ပေါင်းများစွာ ရောင်းချခဲ့ရသူပါ။ ဘဝကို ခက်ခက်ခဲခဲ ရပ်တည်ပြီး ပန်းချီချစ်သူတွေက သတိပြုမိ လာတဲ့ အချိန်မှာ သူ ကွယ်လွန်သွားခဲ့ရတာပါ။
အသက်ရှင်စဉ်မှာ တကိုယ်တော် ပန်းချီပြပွဲ လုပ်မသွားနိုင်ခဲ့တဲ့ ပန်းချီ FELA အတွက် လေဆန်ငှက်ဟာ သူ့ အတွက် အမှတ်တရ ပန်းချီပြပွဲပါ။ ဒီလေဆန်ငှက် ပြပွဲကို အောင်ဆန်းကွင်းမှာရှိတဲ့ OK Art Gallery မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။
“မြန်မာမှုဓလေ့လေးတွေကို ချစ်စရာဟန်ပန်နဲ့ သူ့မူကိုသာ ရှေ့တန်းတင် ဇွဲရှိရှိနဲ့ လေဆန်ကိုတိုး… ဘာရယ်ကို မမျှော်ကိုးပဲ ခံယူချက် တခု အတွက် ရဲရဲဝံ့ဝံ့ လွတ်လပ်စွာ ရေးသားခဲ့တဲ့ ပန်းချီဆရာလို့ မြင်ပါတယ်။ သူ့ လက်ရာပန်းချီကားတွေက မြန်မာမှု မြန်မာရနံ့ သင်းနေပြီး တကယ့် လှုပ်ရှား သက်ဝင်နေတဲ့ ပန်းချီကားတွေလို့ ဆိုရမယ် ထင်ပါတယ်” မစုထွေးအောင် က ပြောပါတယ်။
ရန်ကုန် ပန်းချီပန်းပုကျောင်းမှာ ပညာဆည်းပူးခဲ့တဲ့ ပန်းချီ FELA ဟာ ကွယ်လွန်တဲ့ အထိ မန္တလေးမှာပဲ အခြေချပြီး ပန်းချီ ရေးဆွဲခဲ့ပါတယ်။ သူ့ပန်းချီကားကို ကြည့်ရင် ဒါဟာ FELA လို့သိနိုင်တဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်နဲ့ ပန်းချီဆရာ တယောက် ဖြစ်ပါတယ်။
ပန်းချီ FELA က လယ်သူမလေးတွေ ကောက်စိုက်တာကို ရေးတယ်။ အပျိုလေးတွေ ရေခပ်ဆင်းတာကို ရေးတယ်။ မောင်ကြီးတွေရဲ့ ခြင်းဝိုင်းကို ရေးတယ်။ မြန်မာ့အက အလှတွေကို ရေးတယ်။ ကိုယ်တော်တွေ ဆွမ်းခံကြွတာကို ရေးတယ်။ တိုင်းရင်းသား ရိုးရာအကနဲ့ ဈေးရှုခင်းကားတွေကိုလည်း ရေးဆွဲခဲ့ပါတယ်။
သူနဲ့ အတူ ပန်းချီအတူ ရေးဆွဲခဲ့တဲ့ မန္တလေးက ပန်းချီလူအိမ်က “သူက အေးအေးဆေးဆေး နေတဲ့လူပဲ။ ရေးနည်းရေးဟန် ကလည်း သီးသန့်ကြီးကို ခွဲထွက်နေတာ။ မြန်မာဟန်တွေပဲ ရေးတာ များတယ်။ သူ့လက်ရာတွေကို ဥရောပဘက်က ကြိုက်တာ များတယ်။ သူဆုံးပြီးမှ တချို့လာမေးတာရှိတယ်” လို့ ဆိုပါတယ်။
လေဆန်ငှက် ပန်းချီပြပွဲမှာ ပန်းချီ FELA ရဲ့ပန်းချီကား ၂၀ ကျော်ပြသထားပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၅၀၀ ကနေ ၂၅၀၀ အထိ သတ်မှတ်ထားတယ် လို့သိရပါတယ်။
ပန်းချီ FELA ခေါ် ဦးဌေးအောင်ကို ဦးအေးမောင် ဒေါ်အေးကြည်တို့က ၁၉၅၁ ခုနှစ်၊ ရန်ကုန်တွင် မွေးဖွားပါတယ်။ ၁၉၆၆ ခုနှစ်မှာ မြောက်ဥက္ကလာ အထက တွင် အဋ္ဌမတန်း အထိ တက်ရောက်ခဲ့ပြီး ၁၉၇၀ မှာ ရန်ကုန်ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ ဦးဝင်းတင် ၏ ဟံသာဝတီ သတင်းစာတွင်း တကွက်ကာတွန်းများ စတင်ရေးခဲ့ပြီး ၁၉၈၀ မှာ မန္တလေးကို ပြောင်းရွှေ့နေထိုင်ပါတယ်။
မန္တလေးမှာ နေထိုင်ရင်း နိပါတ်တော်ရေး ပန်းချီဆရာ ဆရာနီထံမှာ ပန်းချီပညာ ဆက်လက်သင်ယူခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်တဲ့ ပန်းချီ အုပ်စုပြပွဲများစွာမှာ ပါဝင် ပြသခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ။