ကမ္ဘာကြီးအတွက် ပူပန်နေတဲ့ အနုပညာရှင် တယောက် မြန်မာနိုင်ငံမှာ နေထိုင်ပါတယ်။ အမေရိကန်က စာသင်ကျောင်း တွေမှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေက သတင်းထောက်တွေကို ကွပ်မျက် လိုက်တယ်။ စစ်ပွဲတွေ၊ သဘာ၀ ဘေးအန ္တရာယ်တွေ၊ ကပ်ရောဂါတွေ၊ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အပြောင်း အလဲတွေ ကြုံနေရတယ်။
“ဒီလို အခြေအနေတွေမှာ ပန်းချီဆရာ တယောက်အနေနဲ့ ဘယ်လို တုံ့ပြန်ရင် ကောင်းမလဲ၊ ဘယ်လိုအနုပညာ ဖန်တီးမှု မျိုးတွေ လုပ်ရင်ကောင်းမလဲ လို့ စဉ်းစားလာမိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တာတွေ ဖန်တီးရင်ကောင်းမယ် လို့ ဆုံးဖြတ်ပြီးတော့ ဖန်တီးဖြစ်တယ်။ မိသားစုတွေ၊ ချစ်စရာအကြောင်းအရာ လေးတွေ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရသူတွေပုံ ပန်းချီဆွဲဖြစ်တယ်။ ပါဖောမန့်အနေနဲ့လည်း အဲဒီ အကြောင်းအရာတွေ လုပ်ဖြစ်တာပေါ့” လို့ ပန်းချီမြတ်ကျော့က ဆိုပါတယ်။
မြတ်ကျော့ရဲ့ ပန်းချီကားတွေမှာ ကလေးကစားစရာ အရုပ်တွေနဲ့ဖန်တီးထားတဲ့ ချိုးငှက်လေးတွေလည်း ပါဝင်ပါတယ်။ မိသားစုတွေ ပျော်မြူးနေကြတယ်။ ကလေးငယ်တွေ ပျော်ပျော်ရွှင်ရွင် ဆော့ကစားနေကြတယ်။ မိခင်ကြီးတယောက်က သားငယ်လေး လမ်းလျှောက် နိုင်အောင် ထိန်းမတ်ပေးနေတယ်။
“ဒီ အစိုးရ အပြောင်းအလဲမှာလည်း မေတ္တာနဲ့ ပြောင်းလဲလာတယ်။ ရန်သူကိုတောင်မှ အခွင့်အလမ်းတွေ ဖန်တီးပေးတယ်။ သန်း ၅၀ ကျော် ပြည်သူတွေရဲ့ အပြောင်းအလဲ အတွက် မေတ္တာနဲ့ တော်လှန်ရေးကို လုပ်ရတာ။ အဲဒါတွေကို ရည်ရွယ်ပြီး ဒီ အနုပညာလက်ရာတွေ ထွက်လာ တာပါ” လို့ မြတ်ကျော့က ဆိုပါတယ်။
ပန်းချီမြတ်ကျော့ဟာ ကွဲပြားခြားနားတဲ့ အနုပညာအသစ်တွေကို ဖန်တီးဖို့ အမြဲကြိုးစားလေ့ရှိသလို ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးညီညွတ်မှုကို ရည်ညွန်းတဲ့ ပါဖောမန့်တွေကိုလည်း အစဉ်တစိုက် ဖန်တီးပါတယ်။ ခေတ်ပြိုင် အငွေ့အသက်တွေနဲ့ ခေတ်ပြိုင်ခံစားမှုတွေ ပါဝင်တာကြောင့် ပန်းချီမြတ်ကျော့ရဲ့ အနုပညာ ဖန်တီးတင်ဆက်မှုကို ခေတ်ပြိုင်အနုပညာ (Contemporary Art) တင်ဆက်မှုလို့ သတ်မှတ်ရမှာ ဖြစ်ပြီး သူ့ကို Contemporary Artist လို့ သတ်မှတ်နိုင်ပါတယ်။
တခါက My Yangon My Home အနုပညာလှုပ်ရှားမှု တခုမှာလည်း သူဟာ ပန်းချီကားကြီး ထမ်းပြီး လူထုထဲကို လမ်းလျှောက်သွားပါတယ်။ အများပြည်သူနားနေရာ ပန်းခြံတွေ၊ ဘတ်စကား မှတ်တိုင်တွေနား၊ ဈေးဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေနားလည်း ရောက်တယ်။ ဘာကြောင့်ပါလဲ။
“ပြည်သူတွေဆီ အနုပညာတွေ ယူသွားရတာပေါ့။ ကလေးတွေ၊ အဖွားကြီးတွေနဲ့ အမျိုးသမီးတွေက သိပ် သဘောကျ ကြတာ” လို့ မြတ်ကျော့က ဆိုပါတယ်။
အခုတော့ ဒီအနုပညာ ဖန်တီးမှုတွေကို Great Love Line သို့မဟုတ် “မဟာမေတ္တာတော် ကောက်ကြောင်း” လို့ နာမည် ပေးထားတဲ့ မြတ်ကျော့ရဲ့ ၁၆ ကြိမ်မြောက် တကိုယ်တော် အနုပညာပြပွဲမှာ တစုတစည်းတည်း ကြည့်ရှုခံစားနိုင်မှာပါ။
ပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်ခြမ်း)မှာ ရှိတဲ့ OK Art Gallery မှာ မတ် ၇ ကနေ ၉ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပြီး ပြပွဲမှာ ဓာတ်ပုံ ၃၀၊ ပန်းချီကား ၁၅ ကား၊ အင်စတော်လေးရှင်းလက်ရာ ၄ ခုနဲ့ အတူ ပါဖောမန့် Event ပြကွက်တွေ ကိုလည်း ကြည့်ရှုခံစားနိုင်ကြမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ တကိုယ်တော် အနုပညာပြပွဲ ၁၅ ပွဲနဲ့ အုပ်စုပြပွဲပေါင်း များစွာမှာလည်း ပါဝင်ပြသခဲ့ပါတယ်။
ပန်းချီမြတ်ကျော့ဟာ မန္တလေးက ထင်ရှားတဲ့ ပန်းချီဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးညိုပြာ၊ ဦးတင်မိုး၊ ဦးခင်မောင်ဆန်းတို့ ထံမှာ ပန်းချီပညာသင်ယူခဲ့ပြီး ခေတ်ပြိုင်အနုပညာ သဘောတရားကိုတော့ ဦးငြိဏ်းဝေထံမှာ လေ့လာခဲ့တယ်လို့ သိရပါတယ်။
၂၀၀၂ ခုနှစ် ဖိလစ်မောရစ် ကုမ္ပဏီအုပ်စု (Phillip Moories Group of Companies) က ဦးစီးကျင်းပတဲ့ အာဆီယံ အနုပညာပြိုင်ပွဲ (ASEAN Art Competition) မှာ Myanmar Art Award ဆု၊၂၀၁၁ ခုနှစ် ရန်ကုန်မြို့ River Gallery က ဦးစီးကျင်းပတဲ့ Myanmar National Portrait Awards ပန်းချီပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။ သူ့ရဲ့ အနုပညာ လက်ရာ တွေကို ဂျာမဏီ၊ နယူးဇီလန်နဲ့ စင်ကာပူပြတိုက်တွေက စုဆောင်း ထားကြပါတယ်။
“အနုပညာဟာ လူသားမျိုးနွယ်စုအပေါ် တနည်းနည်းနဲ့ သက်ရောက်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် ကျနော့် အတွက် အနုပညာ ဆိုတာ လူသားကောင်းကျိုးကို ဆောင်ရွက်တဲ့ ကောင်းမြတ်ခြင်းတရား ဖြစ်ပါတယ်” လို့လည်း ပန်းချီမြတ်ကျော့က အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။