Culture

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာ – ဟံသာဝတီဦးဘရင်နှင့် အခြား

စာအုပ်အမည် – ပိတောက်ဖူးတဲ့ လတန်ခူး နှစ်ဦးသင်္ကြန်ခါ အမှတ်တရစာများ

အမျိုးအစား – ယဉ်ကျေးမှု

သင်္ကြန်မကျခင် ဖတ်ရမယ့် စာအုပ်ဖြစ်သလို သင်္ကြန်တွင်းမှာ အနားယူရင်း ဖတ်နိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဟံသာဝတီဦးဘရင်၊ ဇော်ဂျီ၊ ဒဂုန်တာရာ၊ ဗန်းမော်ညိုနွဲ့၊ နုယဉ်၊ မောင်စွမ်းရည်၊ ဂုဏ်ဝင်း၊ ဦးဟိန်စွန်း၊ ဒဂုန်ဦးစန်းငွေ၊ မြင့်ဆွေ၊ ဒဂုန်နတ်ရှင်၊ လှသမိန်၊ မောင်သော်၊ ဆန်ထွန်း(မန်းတက္ကသိုလ်)၊ ကျွန်းလှ-တင့်ဝေ၊ နွယ်တမယ်၊ ဇေယျ၊ သိန်းဖေမြင့်၊ လင်းယုန်နီ၊ ကိုကို၊ မင်းဏီ၊ အောင်မြင်၊ မင်းကျော်၊ လူထုဒေါ်အမာ၊ အောင်စိုး၊ မောင်လရောင်၊ မောင်ရူပ၊ အောင်ဗလ၊ သော်တာဆွေ၊ စံပဲ၊ နေမိုးကျော်၊ မောင်သိန်းဆိုင်၊ ဆောင်းဝင်းလတ် စတဲ့ နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာကြီးများရဲ့ ကဗျာ၊ စာ၊ ကာတွန်းနဲ့ ဝတ္ထုတွေကို တစုတစည်းတည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

စိတ်ကူးချိုချိုကတန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ဦးကြည်မောင်

စာအုပ်အမည် – ဦးကြည်မောင်၏ မှတ်စုစာအုပ်

အမျိုးအစား – နိုင်ငံရေး

ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။ ရပ်တည်ချက် ခိုင်မာပြီး အကျပ်အတည်း ကာလမှာ မဟာဗျူဟာ ကျတဲ့ ခေါင်းဆောင်မှုပေးနိုင်တယ် စသည်ဖြင့် ပြောစရာစကား အများကြီးရှိပါတယ်။ ဒါအပြင် စာဖတ်တဲ့ စစ်သားတဦး ဖြစ်တယ်။

ကျောင်းသားခေါင်းဆောင် ဘဝကနေ စစ်သားဘဝ။ အဲဒီကနေ နိုင်ငံရေးခေါင်းဆောင်ဘဝ၊ သူ ယုံကြည်ရာ ရပ်တည်ချက် နဲ့ ပတ်သက်လာရင် ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သူ အဖြစ်လည်း ထင်ရှားပါတယ်။ ဒီ ဝိသေသတွေ ရှိတဲ့ ဦးကြည်မောင်ရဲ့ မှတ်စုတွေကို မပျောက်ပျက်အောင် စာအုပ်အဖြစ် စုစည်းထားတဲ့ စာအုပ်ပါ။ ဦးကြည်မောင်ရဲ့ မှတ်စု စာအုပ်မှာ ဦးကြည်မောင်ရဲ့ လက်ရေးမူရင်း နမူနာများ၊ မှတ်စုများ၊ မှတ်စု ထုတ်ထားသော စာအုပ်အဖုံးများ၊ မှတ်စု ထုတ်ထားသော စာအုပ်စာရင်းများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

မုံရွေးစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ပန်းချီဝင်းမြင့်မိုး (ညောင်တုန်း)

စာအုပ်အမည် – ကဇာတ်လှေကြီးနှင့် ဘဝတစ်ကွေ့

အမျိုးအစား – ဆက်တင်ပန်းချီ

ပန်းချီဝင်းမြင့်မိုး (ညောင်တုန်း) ရဲ့ ယဉ်ကျေးမှု ကဇာတ်ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြုစုထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကဇာတ် ပညာရှင်များ ဖြစ်တဲ့ ပန်းချီပညာရှင်များ၊ မီးအလှဆင်ပညာရှင်များ၊ ဂီတပညာရှင်များ၊ သရုပ်ဆောင် မင်းသား၊ မင်းသမီး၊ လူရွှင်တော်၊ လူကြမ်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်တွေရဲ့ အနုပညာဖန်တီးမှုတွေ၊ မြန်မာပြည် အနှံ့ ကဇာတ်ခရီးစဉ် အတွေ့အကြုံအဖုံဖုံ၊ အခက်အခဲ၊ ဆန်းသစ်အောင်မြင်မှု၊ ဖြစ်ရပ်ဆန်းများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ပန်းချီ ဆရာကြီးဦးလွန်းကြွယ်နဲ့ ပန်းချီလှတင်ထွန်းတို့ရဲ့ အမှာစာများလည်း ပါဝင်ပါတယ်။

Journalist Book Publishing က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ဇော်ကိုကို (ဗိသုကာ)

စာအုပ်အမည် – အာခီတက်နှင့် သူ၏ အာခီတက်ချာ

အမျိုးအစား – ဗိသုကာ

ဗိသုကာချစ်သူတွေ အတွက် ဆရာဇော်ကိုကို ပြုစုထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖရန့်လွိုတ်ရိုက်၊ ဝေါလ်တာပရိုပီးယပ်၊ မီးဆ်ဗန်ဒါရိုး၊ လီကော်ဘူးစယေး၊ လူးဝစ်ခန်း၊ ဖီးလစ်ဂျွန်ဆင်၊ ကန်ဇိုတန်၊ ဇာဟာဟဒစ်၊ ဖရန့်ဂယ်ရီ၊ ဖရန့်စစ်ကေချင်း စတဲ့ ကမ္ဘာကျော် အာခီတက်တွေရဲ့ မတူညီတဲ့ ဘဝဖြတ်သန်းမှုတွေက တဆင့် အောင်မြင်တဲ့ အာခီတက်တွေ အဖြစ် ကြိုးစားခဲ့ပုံတွေကို ရုပ်ပုံကားချပ်တွေ ကြည့်ရင်းဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဆရာကြီးပါစီမျိုးမြင့်က “မိမိတို့၏ ဗိသုကာပညာ အတွက် တတပ်တအား ဖြစ်စေသော စာအုပ် တအုပ် ဖြစ်ပြီး ဗိသုကာ ပညာသင်များ အတွက်ပါ သိမှတ်ဖွယ်ရာ စာအုပ်တအုပ် ဖြစ်သည် ဟူ၍ ကျွန်တော်ယူမိပါကြောင်း” လို့ အမှာစကားဆိုထား ပါတယ်။

ကောင်းဆုသာ စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထား ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading