ကိုလိုနီခေတ် မြန်မာစာပေ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာကြီးဦးဖေမောင်တင်ဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ဆရာကြီးဟာ မြန်မာစာပေ မြှင့်တင်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံသုတေသန အသင်းနဲ့ ရန်ကုန် တက္ကသိုလ် တို့မှာ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
မြန်မာနိုင်ငံ သုတေသန အသင်းက ရှေးဟောင်းမြန်မာ စာပေတွေကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သလို တက္ကသိုလ်မှာလည်း မြန်မာစာဟာ မသင်မနေရ ဘာသာဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံ သုတေသနအသင်းနဲ့ တက္ကသိုလ် အတွက် ရှေးဟောင်းမြန်မာစာပေတွေနဲ့ ပတ်သက်ပြီး ဟံသာဝတီပုံနှိပ်တိုက်မူတွေဟာ အလေးထားစရာ ဖြစ်ခဲ့ပါတယ်။
ရှေးမြန်မာ စာဆိုတော်ကြီးများရဲ့ စာကောင်းပေမွန်တွေကို ကျကျနန တည်းဖြတ်တဲ့ အစဉ်အလာနဲ့ နာမည်ရှိတဲ့ ဟံသာဝတီ တိုက်ရဲ့ စာပြင်ဆရာကတော့ ဟံသာဝတီ ဦးဘရင်ပဲ ဖြစ်ပါတယ်။ ဟံသာဝတီ ဦးဘရင်ဟာ ယဉ်ကျေးမှု အနုစာပေတို့နှင့် ပတ်သက်၍ စာအုပ် စာတမ်း ၄၀ ကျော်၊ ဆောင်းပါး ၁ ထောင်ကျော်နဲ့ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ သံချို၊ ရတု၊ သြဘာစာ အမြောက်အများကို ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဟံသာဝတီ ဦးဘရင်နဲ့ မြန်မာနိုင်ငံ သုတေသန အသင်းက ဆရာကြီးများဟာ မြန်မာစာပေကို ချစ်မြတ်နိုး ရာမှာ တူညီကြ ပေမယ့် ဘဝဖြတ်သန်းပုံတွေကတော့ ကွဲပြားကြပါတယ်။ အများစုသော ဆရာကြီးတွေဟာ တက္ကသိုလ် ကြီးတွေမှာ ခေတ်ပညာ သင်ကြားရသူတွေ ဖြစ်ကြပေမယ့် ဟံသာဝတီ ဦးဘရင်ကတော့ ဘုန်းကြီး၊ ရုပ်သေးကြိုးဆွဲ၊ မြွေအလမ္ပာယ် ဆရာ၊ ကစားဝိုင်းထောင်သူ၊ ကျောက်တူး၊ ကျောက်မိုင်းခွဲ၊ ငါးဖမ်း၊ လက်ဝှေ့ထိုး၊ စက်ချုပ်၊ မျက်လှည့်၊ သုံးပုံဖဲသမား၊ တိရစ္ဆာန် ထောင်မှူး စတဲ့ ဘဝတွေမှာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။
အဲဒီကမှတဆင့် စာပြင်ဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ တက္ကသိုလ် မြန်မာစာဆရာ စတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာစာပေလောက အကျိုးကို နှစ်ရှည်လများဆောင်ရွက်ခဲ့ပြီး အသက် ၈၀ နားနီးချိန်မှာ ဟံသာဝတီ ဦးဘရင်ရဲ့ ဦးဘရင်ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ပြုစုခဲ့ပါတယ်။
ဦးဘရင်ဟာ ရဟန်းဘဝမှာ ပရိယတ္တိစာပေ ထူးချွန်ပေမယ့် အမေနဲ့ နှမအတွက် လူထွက်ပြီး ဘဝစုံအောင် အလုပ် လုပ်ခဲ့ပါတယ်။ အလုပ်တွေ ပြောင်းသွားပေမယ့် မပြောင်းလဲတာကတော့ မြန်မာစာပေနဲ့ ယဉ်ကျေးမှုကို အဆက်မပြတ် လေ့လာနေခဲ့တာပါပဲ။
သူဟာ နာမည်ကျော် ရုပ်သေးမင်းသား၊ မင်းသမီး၊ ရုပ်သေးမြေဝိုင်း အငြိမ့် လူပျက်တွေနဲ့ ရင်းရင်းနှီးနှီး နေပါတယ်။ ဒီ အနုပညာရှင်တွေဆီက သံချိုလေးချိုး၊ ငိုချင်း စတာတွေကို အရရေးကူး၊ အရကျက်လေ့ ရှိပါတယ်။ မသဲကွဲရင် ပညာရှင်တွေဆီ သွားရောက် မေးမြန်းလေ့ရှိပါတယ်။
“ကျနော့်မှာ မိတ္ထလာမြို့သို့ ရောက်သော အခါ မိမိ သင်ကြားထားပြီးသော သင်္ကန်းချုပ်ခြင်း၊ အင်္ကျီချုပ်ခြင်းတို့ဖြင့် လုပ်ကိုင် စားသောက် နေရပါတော့သည်။ သို့နေရသည့် အတွင်း မိတ္ထီလာမြို့တွင် ထင်ပေါ်ကျော်စောလှသော ကျောက်တံခါး ဆရာတော်၊ ဆုတောင်းပြည့် ဆရာတော်၊ ကြက်တယ် ဆရာတော်…စသည်တို့ထံ… သွားရောက်လှည့်လည်ကာ ဗဟုသုတ များကို ဆည်းပူးခဲ့ပြီး မိတ္ထီလာကန် သမိုင်းကိုလည်း ရေးသားခဲ့ပါသေးသည်” လို့ မှတ်တမ်းတင်ထားပါတယ်။
၁၂ ပွဲဒိုင်လုပ်စဉ်က အတွေ့အကြုံကိုလည်း – “မြန်မာပြည်၊ ရှမ်းပြည် အရပ်ရပ်သို့ လှည့်လည်ကာ ၁၂ ပွဲဒိုင်ပြုလုပ်ခဲ့ခြင်း ဖြစ်ခဲ့ရာတွင် ဝါသနာအတိုင်းပင် ရောက်လေရာ အရပ်ရပ်တို့တွင် အရပ်၏ သမိုင်း၊ စေတီပုထိုးတို့၏ သမိုင်း၊ လူမျိုးများ၏ အခြေအနေ ဓလေ့ထုံးစံ… စသည်တို့ကို မေးမြန်း စုံစမ်းကာ မှတ်တမ်းတင်ထားရပေ၏” လို့ မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီလို ပရိယတ္တိ၊ ရာဇဝင်၊ ပျို့ကဗျာလင်္ကာမော်ကွန်းတွေ နှံ့စပ်ကျွမ်းကျင်တာကြောင့် ဟံသာဝတီတိုက်မှာ စာပြင်ဆရာ ရာထူး ရခဲ့တာ ဖြစ်ပါတယ်။ ဟံသာဝတီတိုက်မှာ အလုပ် လုပ်ခဲ့လို့လည်း ရဟန်းပညာရှိ၊ လူပညာရှိကြီးတွေနဲ့ ကြုံဆုံခဲ့ရပြီး ပညာ အရာမှာ ပိုမိုပြည့်ဝ လာရပါတယ်။
ဟံသာဝတီတိုက် ပိုင်ရှင် အာမေနီယံလူမျိုး သူဌေး ရစ်ပလီဟာ မင်းတုန်းမင်းရဲ့ နန်းတွင်းမှာ ကြီးလာပြီး နန်းဓလေ့နဲ့ ပိဋကတ် ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သီပေါမင်းနဲ့လည်း ကျောင်းနေဘက် ဖြစ်ပါတယ်။ စာပြင်သမားတွေကို ကဝိလက္ခဏာ သတ်ပုံကျမ်း တအုပ်စီ ပေးထားပြီး ကျမ်းတွေကို ရိုက်နှိပ်ရာမှာ ၄ မူ၊ ၅ မူ တိုက်ဆိုင် တည်းဖြတ်ပြီးမှ စက်တင်ရိုက်နှိပ် ပါတယ်။ ပါဠိဆရာကြီး ၆ ဦးလောက်က ဖတ်ရှုပြီး အမှားမရှိမှ အချောရိုက်ပါတယ်။ ဦးဘရင်ကိုကတော့ ရစ်ပလီရဲ့ အင်တာဗျူးကို ကောင်းကောင်းအောင်ခဲ့သူပါ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကူညီမှုနဲ့ ဦးဘရင်ဟာ ရန်ကုန် သတင်းစာလောက၊ စာပေလောကမှာ အခြေချနိုင်ခဲ့ ပါတယ်။ ပါမောက္ခ ဦးမောင်မောင်ကြီး ဖိတ်ခေါ်လို့ ရန်ကုန် တက္ကသိုလ်မှာ မြန်မာစာ နည်းပြလုပ်ခဲ့ပြီး ကျောင်းသားတွေကို လောကီ၊ နက္ခတ်၊ ဗေဒင်၊ သမိုင်း၊ ရာဇဝင်၊ ကျောက်စာသဘော၊ ဒေသန္တရ ဗဟုသုတ သဘောတွေကို အလွယ်ဆုံးနည်းနဲ့ အသေးစိတ် ပို့ချခဲ့ပါတယ်။
တက္ကသိုလ်ဆရာဘ၀ ရင်ထိတ်ရပုံကို ဦးဘရင်က “ရဟန်းဘောင်တွင် နေစဉ်ကမူ တပည့်တို့အား စာချသော အခါ လည်းကောင်း၊ တရားဟောသောအခါ လည်းကောင်း၊ ပရိတ်သတ်အား ယပ်ကို ထောင်၍ သော်လည်းကောင်း မိမိမျက်နှာကို ကာကွယ်ပြီး ပါဠိကို ရွတ်၊ အနက်ပေး၍ ဟောပြောခဲ့ဖူး သဖြင့် ယခုမှာမူ ကာကွယ်ရန် ယပ်တောင်လည်း မပါဘဲ မျက်နှာပြောင်ပြောင်ဖြင့် ပြောဆိုရတော့မည့် အတွက် ရင်ထဲတွင် တဖိုဖို” လို့ အမှတ်တရ မှတ်တမ်းတင် ခဲ့ပါတယ်။
ဆရာကြီး ဟံသာဝတီ ဦးဘရင်ဟာ ဘဝစုံခဲ့သူဖြစ်ပေမယ့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကိုတော့ ကျယ်ကျယ် မရေးနိုင် ခဲ့ပါဘူး။ စာမျက်နှာ ၂၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဆရာကြီးဟာ ၁၈၉၄ ခုနှစ်မှာ မွေးလို့ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု ဖြစ်စဉ် တလျှောက်လုံးကို ဖြတ်သန်းခဲ့ပေမယ့် အဲဒီခေတ် နိုင်ငံရေး နောက်ခံ သမိုင်းတွေ အလွန်ကို နည်းပါးတာ တွေ့ရပါတယ်။
မြန်မာပညာရှိ ဦးကျော်ထွန်းနဲ့ ဆရာကြီးရဲ့ စာပေတိုက်ပွဲ အကြောင်းဆိုလည်း စာတကြောင်းသာ ပါပါတယ်။ ဆရာမာဃက “ကျွနု်ပ်တို့ ကဲ့သို့ ဘေးလူများအား ပြောပြဖူးသည့် မှတ်သားဖွယ်ရာ ဖြစ်ရပ်ကလေးများပင် ဤကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် မပါတော့သည်ကို တွေ့ရပြန်သည်။ ထိမျှမက ကျွနု်ပ်တို့နှင့် ပေါင်းသင်းမိကာမှ ဖြစ်ပေါ်ခဲ့သည့် ဘဝဖြစ်ရပ် ကလေးများပင် ကျန်ရစ်ခဲ့ပုံကိုလည်း တွေ့ရပေသည်” ဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆရာကြီးရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ကိုလိုနီခေတ်သာမာန် အခြေခံလူတန်းစားဘ၀ လှုပ်ရှားမှုတွေ အပြင် ရဲဝန်ထမ်းတချို့ရဲ့အကျင့်ပျက်ပုံ၊ အင်္ဂလိပ်ခေတ်က ကလေးကစားနည်းတွေ၊ မန္တလေးက စံစီခင်လေး အကြောင်း၊ ဗိုလ်စံဖဲ အကြောင်း၊ “ ပြာတာရယ်၊ လာပါကွယ်၊ ခွေးနှစ်ကောင်ဖင်တွယ်လို့၊ လွန်ဆွဲနေတယ်” ဆိုတဲ့ ကလေးတွေ ပါးစပ်ထဲက ခွေးမိတ်လိုက်တဲ့ အကြောင်း၊ စာလှည့်၊ ဇရပ်ဦးပြဲဆိုတဲ့ စကားအဓိပ္ပာယ်တွေ၊ ပြင်သစ်လူမျိုး ကျောက်စာဝန်ကြီးရဲ့ ပါဠိမြန်မာ စာပေကျွမ်းကျင်ပုံ၊ သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ရင်း စေတနာ၊ သတင်းစာ စာရေးဆရာ ဘ၀ အတွေ့အကြုံ၊ ရန်ကုန်မြို့က ပညာရှိ အမည်ခံတွေရဲ့ ဗဟုသုတ မပြည့်စုံမှုတွေနဲ့ ဇူလိုင် ၁၉ အတွေ့အကြုံတွေကို တိုတိုကျဉ်းကျဉ်းနဲ့ ဖတ်ရှုရမှာပါ။
ဆရာကြီး ဟံသာဝတီ ဦးဘရင်ဟာ ၁၉၇၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီး ဟံသာဝတီ ဦးဘရင် ကိုယ်တိုင်ပဲ စက်ချုပ်ရင်း၊ လောင်းကစားလုပ်ရင်း၊ ကျောက်မိုင်းခွဲရင်း ရှာဖွေလေ့လာ ဆည်းပူးခဲ့တဲ့ မြန်မာ့မှု ဗဟုသုတ အမွေတွေရဲ့အကျိုးကို ကျနော်တို့ ခံစားနေရတာမို့ ဟံသာဝတီ ဦးဘရင်၏ ဦးဘရင် စာအုပ်ကိုလည်း ဖတ်ကြည့်ပါဦး လို့ တိုက်တွန်းပါရစေ။
စာရေးသူ – ဟံသာဝတီဦးဘရင်
စာအုပ်အမည် – ဟံသာဝတီဦးဘရင်၏ ဦးဘရင်
အမျိုးအစား – အတ္ထုပ္ပတ္တိ
ထုတ်ဝေသည့်တိုက် – စိတ်ကူးချိုချို
တန်ဖိုး – ၂၂၀၀