ရာဇဝင် သမိုင်းတွေထဲမှာ မရေတွက်နိုင်အောင် များပြားလှတဲ့ အတွေးအခေါ် ပညာရှင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ ပညာရှိတို့ရဲ့ အကြံပေး စကားတွေဟာ လိုက်နာမှတ်သားစရာ ကောင်းလောက်အောင် ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်စွမ်း ရှိပါတယ်။
ဘိုးဘေးဘီဘင်၊ ရှေးလူးကြီးတွေရဲ့ စကားကို လက်ခံကျင့်သုံး လာကြတာ ယနေ့အထိတိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ပေါ်ထွက်ခဲ့ပြီး ဂျပန်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပညာရှိကြီး “Musashi Miyamoto” ရဲ့ လိုက်နာ မှတ်သားဖွယ် စကားများကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် မျှဝေ လိုက်ပါတယ်။
Musashi Miyamoto အကြောင်း
“Musashi Miyamoto” ဟာ ဒဏ္ဍာရီလာ ဆာမူရိုင်း သူရဲကောင်း တဦးပါ။ ၁၅၈၄ ခုနှစ်မှာ မွေးပြီး ၁၆၄၅ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်ရေးသမား မိသားစုက မွေးဖွားလာပြီး သူ့ဟာ အတော်ဆုံး ဆာမူရိုင်းတယောက် ဖြစ်ကြောင်းကို တိုက်ခိုက်ရေး နည်းဗျူဟာကောင်းတွေ သုံးပြီး သက်သေပြနိုင်ခဲ့သူပါ။ Kenjutsu လို့ခေါ်တဲ့ တိုက်ခိုက်ရေး အနုပညာ သင်တန်းကျောင်းလည်း ဖွင့်လှစ်ခဲ့ပါတယ်။
သူဟာ ကျောင်းသားတွေကို ketjutsu ပညာရပ်တွေ ပို့ချခဲ့သလို စစ်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းကို ရေးသားရင်း ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ Musashi ရဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်ပြီး အအောင်မြင်ဆုံး စာအုပ်ကတော့ သူ မသေခင် ရေးသားခဲ့တဲ့ တယောက်တည်း လမ်းလျှောက်နည်း (Dokkodo) ပဲ ဖြစ်ပါတယ်။
ကဲ ဒါဆိုရင် Musashi ရဲ့ ဘဝနဲ့ပတ်သက်ပြီး ရေးသားခဲ့တဲ့ အတွေးအခေါ်တွေကို လေ့လာကြည့်ရအောင်နော်။
(၁) ဖြစ်လာသမျှ အရာအားလုံးကို လက်ခံပါ။
(၂) ပျော်ရွှင်မှုကို လိုက်မရှာပါနဲ့။
(၃) တဝက်တပျက် ခံစားချက်တွေအပေါ် မမှီတွယ်ပါနဲ့။
(၄) သင့်အကြောင်း ပေါ့ပါ့ပါးပါး တွေးပါ။ ကမ္ဘာကြီးအကြောင်း လေးလေးနက်နက် တွေးပါ။
(၅) လုပ်ခဲ့တဲ့ အရာအတွက် နောင်တ မရပါနဲ့။
(၆) သူများတွေ သွားတဲ့ နောက်ကို မစဉ်းစား မဆင်ခြင်ဘဲ မလိုက်ပါနဲ့။
(၇) ခွဲခွာရမှု အတွက် သင့်ကိုယ်သင် ဝမ်းနည်းပူဆွေးခွင့် မပြုပါနဲ့။
(၈) မလိုအပ်တော့တဲ့ အရာတွေကို ဆုပ်ကိုင် မထားပါနဲ့။
(၉) အပြစ်တင်မှုတွေ၊ ရန်လိုမှုတွေကို စွန့်လွှတ်ပါ။
(၁၀) သေခြင်းတရားကို မကြောက်ရွံ့ပါနဲ့။
(၁၁) ဘုရားသခင်အပေါ် တစုံတရာ တောင်းဆိုတာ မရှိဘဲ ရိုသေပါ။
(၁၂) သွားနေတဲ့ လမ်းကြောင်းကနေ လေလွင့် မသွားပါနဲ့။
ကဲ ဂျပန်ပညာရှိကြီး “Musashi Miyamoto” ရဲ့ အကြံပေးချက်တွေကို လိုက်နာပြီး ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်း ကြည့်ရအောင်။