Culture

အာရှနဲ့ ဥရောပ ရာစုကျော် အနုပညာရင်ချင်း ချိတ်ဆက်မိခြင်း

Want create site? Find Free WordPress Themes and plugins.

ပန်းချီဆရာ နှစ်ဦးတို့ရဲ့ ဘ၀ ဖြတ်သန်းမှုက နှစ်ပေါင်း ၁၀၀ တိတိကွာခြား သလို နေရာဒေသ အားဖြင့်လည်း မိုင်ပေါင်း များစွာ ဝေးကွာလှမ်းတဲ့ အာရှက မြန်မာနဲ့ ဥရောပက ပြင်သစ်နိုင်ငံတို့ ဖြစ်နေတယ်။ သို့ပေမယ့် သူတို့ရဲ့ အနုပညာဖန်တီးမှု တွေက အံ့သြစရာ ကောင်းအောင် ရင်ချင်း ချိတ်ဆက်မိ နေပါတယ်။

ပထမ တဦး ၁၈၄၀ ခုနှစ်ဖွား ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီဆရာ မိုနေး (Oscar-Claude Monet) ဖြစ်ပြီး၊ နောက်တဦး က ၁၉၄၀ ခုနှစ်ဖွား အာရှက မြန်မာနိုင်ငံသား ပန်းချီဆရာ မင်းကြည် ဖြစ်ပါတယ်။ သူတို့ ဖန်တီး ရေးဆွဲ ခဲ့တဲ့ အနုပညာ လက်ရာ ပန်းချီကားတွေကို နှိုင်းယှဉ်ကြည့်ရင် အလွန်သိသာလှတဲ့ အနုပညာရင်ချင်း ချိတ်ဆက် နေတာကို တွေ့မြင်နိုင် ပါတယ်။

သူတို့ နှစ်ဦးရဲ့ ဖန်တီးမှုကို လေ့လာကြည့်ရင် Time (အချိန်ကာလ ဖြတ်သန်းမှု) ကွာခြားတယ်၊ Space (ဖြစ်တည်ရာ ဒေသဝန်းကျင်) ကွာခြားတယ်၊ သို့ပေမယ့် အနုပညာ ဖန်တီးမှုမှာတော့ ရင်ချင်း ချိတ်ဆက်မိနေတယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ နှစ်ဦးဟာ အရောင်ထက် အလင်းကို မူတည်ဖန်တီးယူရာမှာရော၊ ဖန်တီးမှုမှာလည်း သူတို့ရဲ့ တွေးမြင် ခံစားမှုကို ထင်ဟပ်တင်ပြနိုင်တာရော တူညီနေကြတာ တွေ့ရပါတယ်။

သို့ပေမယ့် အာရှသား မင်းကြည်က အာရှရဲ့ အလင်း အမှောင် အရောင်ကြည်ကြည်တွေ သုံးပြီး ရေးဆွဲပေမယ့် မိုနေး ကတော့ ဥရောပရဲ့ အလင်း အမှောင်နဲ့ အရောင်မှုန်မှုန်တွေ သုံးပြီး ရေးဆွဲတာလည်း တွေ့နိုင်ပါတယ်။ သူတို့ နှစ်ဦး ဖန်တီးထားတဲ့ လက်ရာတချို့ကို နှိုင်းယှဉ်ကြည့်ရအောင်ပါ။

မိုနေး

မိုနေး လို့ ခေါ်တဲ့ (Claude Monet) ကို အထူးမိတ်ဆက်ပေးဖို့ မလိုပါ။ ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီရေးဆွဲ တင်ပြမှုမှာ ဦးဆောင် ပါဝင်ခဲ့သူ၊ အနုပညာလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ၊ ၁၈၄၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ပါရီမှာ မွေးဖွားခဲ့ပြီး ၁၉၂၆ ခုနှစ် ဒီဇင်ဘာ ၅ ရက် ၊ အသက် ၈၆ အရွယ်မှာ ကွယ်လွန်ခဲ့သူပါ။

အထင်ရှားဆုံးကတော့ သူ့ရဲ့ Plein-air Landscape Painting တွေပါပဲ။ အင်ပရက်ရှင်နစ်ဇင် (Impressionism) ဆိုတဲ့ စကားလုံး ကလည်း ၁၈၇၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မိုနေးနဲ့ သူ့ရဲ့ အပေါင်းအပါတွေရဲ့ Impression, soleil levant (Impression, Sunrise)၊ မြန်မာလို “အင်ပရက်ရှင်း အရုဏ်ဦး” ဆိုတဲ့ ပြပွဲအမည်ကနေ ဖြစ်တည်လာတာလို့ သိရပါတယ်။ တနည်းအားဖြင့် ရှုခင်းပန်းချီကား ရေးဆွဲတင်ပြမှု တခေတ်ဆန်းလာတာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာတဝှမ်း ကျယ်ပြန့် သွားတာလို့ ဆိုရမှာပါ။ အဲဒီခေတ်ကာလ ပန်းချီရေးဆွဲ ဖန်တီးတင်ပြမှုကို လေ့လာကြည့်ရင် Realism ၊ Expressionism တွေကနေ ခွဲထွက်ပြီး အလင်းကို အလေးထားဖန်တီးမှုဖြစ်တဲ့ Impressionism ခေတ်ကို ဦးတည် ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မင်းကြည် (၁၉၄၀-၂၀၀၈)

မင်းကြည်ကို ၁၉၄၀ ခုနှစ်၊ ဟင်္သာတခရိုင်၊ နိဗ္ဗာန်ရွာ သာမန်လယ်သမား မိသားစုတခုကနေ မွေးဖွားခဲ့ပြီး ခမောက်စုရွာမှာ ကြီးပြင်း ခဲ့တယ်။ မူလတန်းပညာရေးကို ဘုန်းကြီးကျောင်းမှာပဲ သင်ယူခဲ့ရတယ်။ ၁၉၅၅ ခုနှစ် သူ အလယ်တန်း တက်နေစဉ် နယ်ခံ ပန်းချီဆရာ နှစ်ဦးနဲ့ ဆုံခွင့်ရခဲ့ပြီး အခြေခံပန်းချီ သဘော တရားတွေ၊ ဥရောပ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပုံစံတူလိုက်ဆွဲရင်း အောက်ဒိုး ရေးနည်း သဘောတရားတွေကို ၁၉၅၈ ခုနှစ်အထိ သင်ယူခွင့်ရခဲ့တယ်။ အဲဒီနောက် မင်းကြည်ဟာ ရန်ကုန် တက္ကသိုလ်ကနေ မြန်မာစာ အဓိကနဲ့ ဘွဲ့ရခဲ့တယ်။

သူဟာ ကုန်သွယ်ရေးဌာန၊ ဆေးဂိုဒေါင်မန် နေဂျာ အဖြစ်နဲ့ အစိုးရဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင် နေရင်း ၁၉၆၅ မှာ အိမ်ထောင်ကျခဲ့တယ်။ စိတ်သဘောချင်း မတိုက်ဆိုင်တာကြောင့် အိမ်ထောင်ရေး ပြိုကွဲခဲ့တယ်။

မင်းကြည်ဟာ ဆရာကြီးဦးဘဉာဏ်ရဲ့တပည့် တဦးဖြစ်တဲ့ W ကြီးစိန် ထံမှာ အနီးကပ် ပန်းချီပညာ လေ့လာနိုင်ခဲ့တယ်။ ပန်းချီကား အတော်များများကို အတူရေးဆွဲခွင့် ရခဲ့တယ်။ သူ့ကိုယ်သူ ဆရာကြီး ဦးဘဉာဏ်ရဲ့ မျိုးဆက်သစ် ပန်းချီဆရာ တယောက်လို့ ရည်ညွှန်းလေ့ရှိတယ်။

၁၉၇၀ ခုနှစ် ဝန်းကျင်မှာတော့ မင်းကြည် ရန်ကုန်ကို ရောက်လာခဲ့တယ်။ ပန်းချီ အလုပ်ကို အဆက်မပြတ် လုပ်ဆောင်ရင်း တခြား ပန်းချီဆရာတွေနဲ့အတူ ပန်းချီပြပွဲများစွာမှာ ပါဝင်ပြသခဲ့တဲ့အပြင်၊ အောက်ဒိုး ပန်းချီကားတွေ ကိုလည်း အများအပြား ရေးဆွဲခဲ့တယ်။ မင်းကြည်ဟာ ၁၉၇၂ မှာ မလှရီနဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြု ခဲ့တယ်။

တနေ့ တကား၊ ဝတ္တရား

သို့ပေမယ့် မင်းကြည်ဟာ ဘယ်နေရာ ရောက်ရောက် ပန်းချီကား တချပ်ကို ပြီးအောင်ရေးတတ်တယ်။ “တနေ့ တကား ဝတ္တရား” ဆိုတာ သူ ပြောလေ့ရှိတဲ့ စကားအတိုင်း ရေးဆွဲလေ့ရှိသလို ပန်းချီကားကို လွတ်လပ်တဲ့ အတွေးအမြင်၊ အရောင်တွေနဲ့ ဖန်တီးရတာဟာ ပျော်စရာကောင်းတယ် လို့ သူက ပြောလေ့ရှိတယ်။

၂၀၀၄ ခုနှစ်မှာတော့ သူ့မှာ ကင်ဆာဖြစ်နေကြောင်း သိလာခဲ့ရတယ်။ ရောဂါဆိုးကြီးကို ကြုံလိုက်ရပေမယ့်၊ သူ့အတွက် ဆေးကုစရိတ် အတွက် ပန်းချီကားတွေကိုပဲ ပိုပြီးအားစိုက်ရေးခဲ့ရတယ်။ ကျန်းမာရေးအခြေအနေ ကလည်း ရုတ်ခြည်း ကျဆင်းသွားတယ်။

“သူများတွေက ပန်းချီကားကို အထဲကနေ အပြင် ထွက်လာအောင်ဆွဲတာ၊ မင်းကြည်က အပြင်ကနေ အထဲကိုဝင် သွားအောင် ဆွဲတာ” လို့ သူ့ပန်းချီကားတွေကို ငေးကြည့်ရင်း၊ ရေးဖော်ရေးဖက် မိတ်ဆွေတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နောက်ဆုံးပြော သွားခဲ့ပါတယ်။ ၂၀၀၈ ဇူလိုင်လ ၂၇ ရက်နေ့၊ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ်။

ပန်းချီမင်းကြည် နှစ်ပေါင်းများစွာ ရေးဆွဲခဲ့တဲ့ မြန်မာမှု အငွေ့အသက်တွေ လွှမ်းနေတဲ့ Impressionism ပန်းချီကားတွေကို မြတ်မြတ်နိုးနိုး နဲ့ အခက်အခဲ အမျိုးမျိုးကြားကနေ အချိန်ယူ စုဆောင်းလာသူက စင်ကာပူနိုင်ငံသား၊ Merlinပြခန်းက Mr. Johny Quek Kah Pok ပါ။

မြန်မာ့ အင်ပရက်ရှင်းနစ် ပန်းချီဆရာ မင်းကြည်ရဲ့ ပန်းချီကားတွေ စုစည်းပြီး မတ် ၁၇ ကနေ ၂၄ ရက်နေ့ အထိ ရန်ကုန်မြို့ အမျိုးသား ပြတိုက်မှာ ပြသသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading